နှစ် ၈၀ ကျော် သက်တမ်းရှိ ရွှေကျောင်းကြီးပြုပြင်ရန် အလှူရှင် လိုအပ်

0
373

ထားဝယ်မြို့ ရှင်ဥဩဘုရားဝင်း နံဘေးတွင် တည်ရှိသည့် နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိ ရွှေကျောင်းကြီးအား ရှေးမူ မပျက် ထိန်းသိမ်းပြုပြင်ရန်အတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း ရွှေကျောင်းကြီးတွင် သီတင်းသုံးနေသည့် ကျောင်းထိုင် ဆရာတော်နှင့် ထားဝယ် ဒေသခံတချို့ထံမှ သိရသည်။


ကျောင်းကြီးအား အကြီးစား ပြင် ဆင်နိုင်ရန် ငွေကြေးမတတ်နိုင်သဖြင့် လက်ရှိတွင် ပြိုလဲမကျစေရန် အသေးစား ပြုပြင်မှုများကိုသာ ဆောင်ရွက်နေရ ကြောင်း ရွှေကျောင်းကြီး ကျောင်းထိုင် ဆရာတော် ဦးကေလာသမှ မိန့်ကြားသည်။
” မပြုပြင်ဘဲ ထားရင်တော့ မကြာ ခင်နှစ်တွေအတွင်း ပြိုကျသွားနိုင်တယ် ” ဟု ဆရာတော်ဦးကေလာသက မိန့်ကြား သည်။

old_monestry
ထို့ကြောင့် အကြီးစားပြုပြင်ရန် အတွက် အလှူရှင်များ လိုအပ်လျက် ရှိပြီး ရှေးဟောင်း အဆောက်အအုံ ဖြစ်သည့် အတွက် သက်ဆိုင်ရာ အစိုးရအနေဖြင့် ထိန်းသိမ်းပေးသင့်သည်ဟု ရွှေကျောင်း ကြီးတွင် သီတင်းသုံးနေသည့် ရဟန်း တော် ဦးအရိယဝံသက မိန့်ကြားသည်။
” ထားဝယ်ဒေသခံ ပြည်သူတွေရော တနင်္သာရီတိုင်းကို အုပ်ချုပ်မယ့် အခု တက် လာမယ့် အစိုးရအသစ်ရော ဒီဟာကို မဖြစ်မနေလုပ်ရမယ့်ကိစ္စပါ၊ အားလုံး ပူးပေါင်းပြီးလုပ်ဖို့လိုတယ် ” ဟု ထားဝယ် သုတေသနအသင်း ဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။
အဆိုပါ ကိစ္စအား တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်း ရာ တိုင်းအတွင်းရှိ ရှေးဟောင်း အဆောက် အအုံများအား စာရင်းကောက်ကာ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အစိုးရ သို့ တင်ပြသွားမည်ဖြစ်ပြီး လက်ရှိအချိန် တွင် ဝန်ထမ်းလေးဦးသာရှိ၍ အင်အား နည်းပါး သည့်အတွက် စာရင်းမကောက် နိုင်သေးကြောင်း အထက်ပါဌာန လက် ထောက် ညွှန်ကြားရေးမှူး ဦးတင်မောင် ထွေးက ပြောသည်။
ပြုပြင်ရာတွင် ရှေးမူမပျက်စေရန် ရှေးဟောင်းသုတေသနနှင့် ပူးပေါင်း ပြင်ဆင်ရမည်ဖြစ်ပြီး ထားဝယ်ဌာနခွဲမှ မတတ်နိုင်ပါက နေပြည်တော်ရုံးအထိ အကူအညီတောင်းသွားမည်ဟု ၎င်းက ဆက်ပြောသည်။ ကျောင်းကြီးတွင် လက်ရှိအချိန်ထိ ဆရာတော် ငါးပါးသီတင်းသုံးလာခဲ့ပြီး ရွှေတောင်စားမင်း လှူခဲ့သည့် ကျောင်း ကြီးမှာ ပျက်စီးယိုယွင်းလာသဖြင့် မြန်မာ သက္ကရာဇ် ၁၂၉၂ ခုနှစ်တွင် တတိယ ဆရာတော်မှ ယနေ့တွေ့မြင်နေရသည့် ကျောင်းကြီးအား ပြန်လည်တည်ဆောက် ခဲ့သည်ဟု လက်ရှိကျောင်းထိုင် ဆရာ တော် ဦးကေလာသက မိန့်ကြားသည်။