အဖြေမရှိတဲ့ ပုစ္ဆာ

0
507

၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲ အလွန်ကာလမှာ အနိုင်ရ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NLD အမတ်တွေ အမှိုက်ကောက်ကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ပြီးတော့ သူကိုယ် တိုင်လည်း ကော့မှူးမြို့နယ်မှာ အမှိုက် ကောက်ခဲ့တာမို့ ထောင်မလှဲသဲကော် အမတ် အသစ်စက်စက်တွေလည်း မိမိတို့ မြို့နယ် အသီးသီးမှာ အမှိုက် လိုက် ကောက်ရ ပါတော့တယ်။

ထို့အတူ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပရဟိတ အဖွဲ့အစည်းတွေလည်း မကြာခဏ ဆိုသလို အမှိုက်ကောက် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။ ဒါပေမဲ့ ” ဘဲအုပ်က တစ်ရာနှစ်ရာ ဗေဒါက တစ်ပင်တည်း” ဆိုသလို အမှိုက်ကောက်သူက တစ် ယောက်နှစ်ယောက်၊ အမှိုက်ပစ်သူက တစ်ရာ နှစ်ရာမို့ သူတို့ခမြာ အိတ် ပေါက်နဲ့ ဖားကောက်နေရ သလိုပါပဲ။ပရဟိတ အဖွဲ့တွေက ဒီနေ့ ရပ် ကွက်ထဲက အမှိုက်ပုံကြီးကို ပြောင် သလင်းခါသွားအောင် ရှင်းပစ်ခဲ့ကြပေ မယ့်များ မကြာမီ ဒီနေရာမှာ အမှိုက်ပုံကြီး ဟီးထ နေပါရောလား။ ဒါကြောင့် တချို့က ခြင်ဆေးခွေ ထွန်းခြင်း၊ လျှပ်စစ်ခြင်ရိုက်တံနဲ့ ခြင်အန္တရာယ် နှိမ်နှင်းခြင်းအားဖြင့် ခြင်ပြဿနာကို မဖြေရှင်းနိုင်သလို အမှိုက်ကောက်ခြင်း အားဖြင့် အမှိုက်ပြဿနာကို ဖြေရှင်း မပေးနိုင်ဘူးလို့ ထင်မြင်ချက် ပေးကြ ပါတယ်။ ဒါပေမဲ့ တချို့ကလည်း အမှိုက် ကောက်တဲ့ အလုပ်ဟာ ဘာမှ အကျိုး သက်ရောက်မှု မရှိဘူးလို့ မပြောနိုင်ဘူး။ အခုလို ပရဟိတ အဖွဲ့တွေ ဝိုင်းတွန်း ကြလို့ လှည်းပဒေါင်းကြပ်နေတဲ့ စည်ပင်ဆိုတဲ့ လှည်းကြီး နည်းနည်း ရွေ့လာသလို အမှိုက်ကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်တာ ရှက်စရာဆိုတဲ့ သတင်းစကား ကို လူတချို့ရဲ့ အတွေးထဲ ပို့ပေးနိုင်တာ အမြတ်ပါလို့ ဆိုပါတယ်။

soe_nge_rabbish
လွယ်မယောင် ယောင်နဲ့ ခက်ခဲ နက်နဲလှတဲ့ ဒီအမှိုက် ပြဿနာ    ကို DVB က ဒီဘိတ်လေးတစ်ခု လုပ်ပေးနိုင်ရင် ကောင်းမယ်။ အဆိုပါ ဒီဘိတ်မှာ စည်ပင်က တစ်ယောက်၊ ပရဟိတ အဖွဲ့ အစည်းက တစ်ယောက်နဲ့ အရပ်သား တစ်ယောက်ကို ပြောခိုင်း ရင် စိတ်ဝင် စားစရာ ကောင်းတဲ့ ဒီဘိတ်လေး တစ်ခု ဖြစ်လာမှာ သေချာတယ်။
ကျွန်တော့်အထင် မြန်မာနိုင်ငံမှာ အစိုးရ အဆက်ဆက် မဖြေရှင်းနိုင်တာ တိုင်ရင်းသား လက်နက်ကိုင်တွေနဲ့ အပစ် အခတ် ရပ်စဲရေးနဲ့ အမှိုက်ပြဿနာပဲ ဖြစ်ပါလိမ့်မယ်။ မြန်မာပြည် ဘယ်မြို့ ဘယ်ရွာ ရောက်ရောက် လမ်းဘေး ဝဲယာ တစ်လျှောက် သတိထား ကြည့်လိုက်ရင် ” အမှိုက်မပစ်ရ၊ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်”ဆိုတဲ့ သတိပေး ဆိုင်း ဘုတ်တွေ မမြင်ချင်မှ အဆုံး တွေ့ရမှာ ပါ။ အခုလို သတိပေးဆိုင်းဘုတ် စိုက်ထူ ထားတဲ့ နေရာမှာ အမှိုက်ပုံကြီးတွေ ဟီးထနေတာကိုလည်း သတိထား ကြည့်လိုက်ရင် မြင်တွေ့ရမှာပါ။

တကယ် တော့ ဒီဖြစ်စဉ်ဟာ သိပ်တော့ မဆန်းလှ ပါဘူး။ လူတွေ အမှိုက် လာရောက် စွန့်ပစ်တတ်တဲ့ ရပ်ကွက်ထဲက မြေကွက် လွတ်တွေမှာ သက်ဆိုင်ရာက သတိပေး ဆိုင်းဘုတ်တွေ လာရောက် စိုက်ထူ ကြပါတယ်။ ဒါပေမဲ့ ရပ်ကွက်ထဲ အမှိုက် ကို စနစ်တကျ စွန့်ပစ်ဖို့ အမှိုက်ပုံးတွေ မရှိသလို အမှိုက်သိမ်း ယာဉ်ကလည်း ရပ်ကွက်ထဲ တစ်ပတ်မှာ နှစ်ရက်လောက် သာ လာတတ်တာမို့ကြုံတဲ့နေရာမှာ အမှိုက်စွန့်ပစ် ကြတာပါပဲ။ အကယ်၍ အခုလို သတိပေး ထားပါလျက်နဲ့ စည်းမဲ့ ကမ်းမဲ့အမှိုက်စွန့်ပစ်လို့ ဥပဒေအရ ထိရောက်စွာ အရေးယူမယ် ဆိုရင် တစ် ဖက်က ဘယ်မှာလဲ အမှိုက်ပုံး၊ ဘယ်မှာ လဲ အမှိုက်သိမ်းယာဉ်လို့ မေးခဲ့သည် ရှိ သော် သက်ဆိုင်ရာက ဘယ်လိုပြန် ဖြေမလဲ။ ဥပဒေဆိုတာ တစ်ဖက် သတ် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဖြစ်နေသရွေ့ ချိုးဖောက်ဖို့ ဘယ်သူမှ ဝန်မလေးကြဘူး မဟုတ်ပါလား။ ဒါ ကြောင့်လည်း ” အမှိုက်မပစ်ရ” ဆိုတဲ့ သတိပေး ဆိုင်းဘုတ်တွေဟာ ” ဤ နေရာတွင် အမှိုက်ပစ်ပါ” လို့ သွယ်ဝိုက်ပြီး ညွှန်ပြသလို ဖြစ်နေပါတော့တယ်။
တစ်လောက ကျွန်တော်တို့ မြိတ်မြို့ က ပရဟိတ အဖွဲ့တွေက အမှိုက်ပုံးတွေကို လူစည်ကားတဲ့ နေရာတချို့မှာ လိုက်လံ ထားပေးပါတယ်။ ရည်ရွယ်ချက်က လမ်း ပေါ် ခရီးသွားဟန်လွှဲ စွန့်ပစ်ခဲ့ကြတဲ့ ရေ သန့်ဘူး၊ အချိုရည်ဘူး၊ ကြွပ်ကြွပ် အိတ် စသည်ဖြင့်ကို အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ် စေချင်လို့ပါ။ ဒါပေမဲ့ တချို့က မိမိအိမ်က အမှိုက်တွေကို ကြွပ်ကြွပ် အိတ်တွေနဲ့ ထုပ်ပိုးပြီး အမှိုက် ပုံးနံဘေးမှာ လာရောက်စွန့်ပစ်ကြတော့ အမှိုက်ပုံးရှိတဲ့နေရာဟာ တရားဝင် အမှိုက်စွန့် ပစ်ခွင့်ရှိတဲ့အရပ်ဒေသတစ်ခု ဖြစ်လို့လာပါတယ်။ ဒီအမှိုက်တွေကို ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်တွေ ကလည်း ပိုက်ဆံမရလို့ လာမသိမ်းပေးတော့ ဘယ် အိမ်ရှင်ကမှ မိမိအိမ်ရှေ့မှာ အမှိုက်ပုံး လာချထားတာ လက်မခံချင်ကြတော့ဘူး။
အခုလို တလွဲဆံပင်ကောင်းနေ ကြတဲ့ ဖြစ်ရပ်လေးတွေ မြင်ရကြားရဖန် များလာတော့ နိုင်ငံရပ်ခြား အဆိုအမိန့် လေးတစ်ခုကို သတိရမိပါတယ်။
”  Dirt is not dirt,if only something in the wrong place. “တဲ့။
” အမှိုက်ဆိုတာ တကယ်တမ်း အမှိုက်မဟုတ်၊ နေရာမှားယွင်းမှု သက်  သက်သာ ဖြစ်ပါသည်” လို့ ဆိုထား လေရဲ့။ ဥပမာ ဆံပင်မှာ လိမ်းကျံတဲ့ တန်ဖိုးကြီး ခေါင်းလိမ်းဆီဟာ ပါးပြင် ထက် ရောက်သွားရင် အမှိုက် ဖြစ်သွား သလို အမြဲတသသနဲ့ အမြတ်တနိုး ရှိလှ တဲ့ ဆံပင်ဟာ ဟင်းခွက်ထဲ ရောက်သွား ရင် အမှိုက်ဖြစ်သွားသတဲ့။ ပစ္စည်း တစ်ခုဟာ သူရှိသင့် ရှိထိုက်တဲ့ နေရာမှာ မရှိဘဲ နေရာမှားယွင်းပြီး ရှိနေရင်  အမှိုက်ပဲတဲ့။ ဒီအဆိုအမိန့် အတိုင်းဆို အမှိုက်ပုံးထဲမှာရှိရမယ့် စွန့်ပစ် ပစ္စည်း တွေဟာ လမ်းမပေါ်မှာဖြစ်စေ၊ ရေမြောင်း ထဲမှာ ဖြစ်စေနေရာလွဲမှား ရောက်ရှိနေ ရင် အမှိုက်လို့ ခေါ်ဆိုနိုင်သလို လူမှန် နေရာမှန် မရှိတာကိုလည်း အမှိုက် လို့ ခေါ်ဆိုသင့်တာပေါ့။ အင်း…..ဒီအတိုင်းဆို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သက်ရှိ အမှိုက်နဲ့ သက်မဲ့အမှိုက် ဘယ်ဒင်းက ပမာဏပိုများနေမလဲ မသိဘူး။
တကယ်တော့ အမှိုက်ပြဿနာဟာ အခုမှ ဘွားခနဲ ပေါ်လာတဲ့ ပြဿနာ တစ်ခုမဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်စဉ် ကတည်းက ရှိခဲ့သလို လူသားတွေရှိနေ သရွေ့ အမှိုက်ဆိုတာ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ငယ်စဉ်က ပလတ် စတစ်ခေတ်၊ တစ်ခါသုံး ခေတ်မဟုတ် သလို လူဦးရေကလည်း သိပ်မများသေး တော့ အမှိုက်ပြဿနာဟာ သိပ်မသိသာ မထင်ရှားခဲ့ပါဘူး။
ကျွန်တော်တို့ ငယ်စဉ်က လူကြီး မိဘတွေက လက်ဖက်ရည်ဝယ်ခိုင်းလိုက် ရင် အိမ်က ဒန်ချိုင့်ကလေးဆွဲပြီး သွား ဝယ်ရပါတယ်။ ကုန်စုံဆိုင်မှာ ဆီသွား ဝယ်ခိုင်းရင်လည်း ပုလင်းလွတ် ယူဆောင် သွားရတာပါပဲ။ ဒါပေမဲ့ ကြွပ်ကြွပ် အိတ် ခေတ်ရောက်တော့ အိမ်က ဘာချိုင့်၊ ဘာပုလင်းမှ ယူသွားစရာ မလိုတော့ပါ ဘူး။ ဆိုင်က ကြွပ်ကြွပ် အိတ်လေးထဲ ထည့်ပေးလိုက်တာကိုး။
ဒါကြောင့် လူတစ်ဦးဟာ မနက် လက်ဖက်ရည် ပါဆယ်ဝယ်သောက်တိုင်း ကြွပ်ကြွပ်အိတ် တစ်လုံး အမှိုက် ဖြစ်သွား ရင် လူဦးရေ သိန်းပေါင်းများစွာ နေထိုင် တဲ့ မြို့တစ်မြို့မှာ မနက်တိုင်း ကြွပ်ကြွပ် အိတ် ဘယ်နှလုံး အမှိုက် ဖြစ်သွားမလဲ။ ဒါအပြင် ကြွပ်ကြွပ်အိတ်က အရွယ်စုံ ရှိလေ တော့ ဆန်ဝယ်ဝယ်၊ ငါးခြောက်ဝယ် ဝယ်၊ အထည်ဝယ်ဝယ် ဘာဝယ်ဝယ် ကြွပ် ကြွပ်အိတ်နဲ့ပဲ အလွယ်တကူ ထုပ်ပိုးပေး လေ့ရှိပါတယ်။ ဒါတွေတင်မက ကျွန်တော် တို့ ငယ်စဉ်က တရှိုက်မက်မက် စားသုံး ခဲ့ကြတဲ့ ရိုးရာမုန့်တွေကို ငှက်ပျောရွက်နဲ့ ထုပ်ပိုးလေ့ရှိပေမယ့် ဒီဘက်ခေတ်ရောက် တော့ ငှက်ပျောရွက် ကို အမြဲမရနိုင်တာက တစ်ကြောင်း၊ ဆေးကြော သုတ်သင် ရတာက တစ်ကြောင်းကြောင့် ကရိကထ မများတဲ့ ကြွပ်ကြွပ်အိတ်ကို အစားထိုး အသုံးပြုလာကြပါတယ်။
အိမ်ရှင်မတွေတောင် တစ်ခေတ် တစ်ခါ တုန်းကလို ဈေးဝယ်တဲ့အခါ ဆွဲ ခြင်းလေးတွေ မသုံးကြတော့ဘဲ ကြွပ် ကြွပ်အိတ်တွေ အစားထိုး သုံးစွဲလာတော့ အိမ်အတော်များများရဲ့ အမှိုက်တွေဟာ ကြွပ်ကြွပ်အိတ်တွေ ဖြစ်နေပါလေရော။ ဒီကြွပ်ကြွပ်အိတ်တွေဟာ ငှက်ပျောရွက် တွေလိုပဲ အမှိုက်အဖြစ် လမ်းပေါ် ရောက် ရှိ သွားပေမယ့် အလွယ်တကူ ဆွေးမြည့် နိုင်တဲ့ သဘာဝ ပစ္စည်းတွေ မဟုတ်တော့ နှစ်ပေါင်းများစွာ အမှိုက်အဖြစ် လေနှင် ရာ လွင့်မျော နေပါတော့တယ်။ ဒါအပြင် ကြွပ်ကြွပ်အိတ်ဟောင်းတွေဟာ ဘီယာ ဘူးခွံတွေလို Rနခပခူန ပြန်လုပ်လည်း သိပ်တွက်ခြေ မကိုက်တာကြောင့် ဘယ် အဟောင်း ပစ္စည်း ဝယ်သူကမှ ဆေး ဖော်ကြောဖက် မလုပ်ချင်ကြပါဘူး။ အကယ်၍များ ကြွပ်ကြွပ်အိတ် နေရာမှာ စက္ကူအိတ်တွေ အစားထိုး အသုံးပြု နိုင်ရင်တော့ အမှိုက်ထွက်နှုန်းချင်း တူ တာတောင် စက္ကူအိတ်က ကြွပ်ကြွပ် အိတ်ထက် ပိုဆွေးမြည့် လွယ်တာမို့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု သက်သာတာပေါ့။ ဒါပေမဲ့ စက္ကူအိတ်က ကြွပ်ကြွပ်အိတ်လို အရည် ထည့်လို့ မရသလို ခိုင်ခံ့မှုလည်း မရှိတာကြောင့် သိပ်အသုံး မတွင်ကျယ်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အလားတူပဲကြွပ်ကြွပ်အိတ် အပြင် တစ်ခါသုံး ဖော့ဘူး၊ တစ်ခါသုံးခွက် တွေဟာလည်း မြို့ပြရဲ့ အမှိုက်ပုံ အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်ပါတယ်။ မြို့တစ် မြို့မှာ တစ်နေ့တာ အမှိုက်တန်ချိန်ပေါင်း ထွက်ရှိနေတဲ့အနက် ပလပ်စတစ်က အများ စု ဖြစ်ပါလိမ့်မယ်။ အကယ်၍ ဒီပလတ် စတစ်အမှိုက်တွေကို Recycle ပြန်မလုပ် နိုင်သေးရင်လည်း နောက်တစ်ကြိမ် ပြန်သုံး လို့ ရတာပြန်သုံး(Reuse)၊ ဒါမှမဟုတ် အသုံးအစွဲ လျှော့တန်လျှော့(Reduce)လုပ်နိုင်ရင် တော့အမှိုက်ဖောင်းပွမှုနှုန်းကို အတန် အသင့် ထိန်းချုပ် နိုင်ပါလိမ့်မယ်။
ဒါပေမဲ့လည်း “Reuse နဲ့ Reduce ဆိုတဲ့ “R”နှစ်လုံးဟာ ဥပဒေ ပြဋ္ဌာန်းပြီး လိုက်နာခိုင်းလို့ မရဘဲ တစ်ဦးတစ် ယောက်ချင်းစီရဲ့ သဘာဝပတ်ဝန်းကျင် ကို ချစ်မြတ်နိုးစိတ်နဲ့ ထိန်းသိမ်းမှ ရမှာမို့ သိပ်တော့ မလွယ်ကူလှပါဘူး။
အကယ်၍များ တစ်နေ့တခြား တရိပ်ရိပ် မြင့်တက်လာတဲ့ မြို့ပြ လူဦး ရေနဲ့ အမှိုက် ဖောင်းပွမှုနှုန်းကို သက်ဆိုင် ရာက ထိထိရောက်ရောက် မကိုင်တွယ် မဖြေရှင်းနိုင်သလို ကျွန်တော်တို့ က လည်း အမှိုက်ကို ကြုံတဲ့နေရာမှာ စွန့်ပစ် နေကြဦးမယ်ဆိုရင် နောက်ဆယ်စုနှစ် တစ်ခုလောက်ဆို မြို့ပြဟာ အမှိုက်             ပင်လယ်ကြီးထဲမှာ နစ်မြုပ်သွားမှာ ဧကန်မုချပါပဲ။