တောင်ပြိုမည်စိုး၍ ကျေးရွာအနီး ကျောက်ထုတ်မည်ကို ဒေသခံအများစု လက်မခံ

0
407

တောင်ပြို၍ လူ့အသက်နှင့် နေအိမ် များ ထိခိုက်မည်ကို စိုးရိမ်သဖြင့် ထားဝယ် ဒေသ၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုရှိ ခေါင်ပြန်ရွာအနီး ကျောက်တောင်မှ ကျောက်ထုတ်လုပ်မည်ကို ဒေသခံ အများစုက လက်မခံကြောင်း ယင်းဒေသခံ များက ပြောသည်။


လွန်ခဲ့သည့် ၁၉၉၇ခုနှစ်က တောင်ပြို ခဲ့ဖူးသည့် ခေါင်ပြန် ကျေးရွာတွင် လုပ်ငန်းရှင်တစ်စုက ရွာအရှေ့ဘက်ရှိ ကျောက်တောင်ကို မိုင်းခွဲ၍ ကျောက် ထုတ်ရန် စီစဉ်နေပြီး ပြီးခဲ့သည့် မတ်လ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ကျောက် ထုတ်မည့် လုပ်ငန်းကိုယ်စားလှယ် အဖွဲ့ နှင့် ဒေသခံများ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဒေသခံအများစုက ကန့်ကွက်သည့် သဘောထားပြသည့် အနေဖြင့် ဆွေးနွေး ပွဲမှ ထပြန်ခဲ့ကြသည်။worry_for_making_stones
” အရင်က ဘာမှမလုပ်ဘဲနဲ့တောင် ပြိုဖူးတဲ့ တောင်က မိုင်းတွေခွဲပြီး ကျောက် ထုတ်ရင် ပြိုကျလာမှာ စိုးတယ်” ဟု ဆွေးနွေးပွဲတွင် ထပြန်ခဲ့ သည့် ခေါင်ပြန် ရွာမှ ဦးကြည်စိုးက ပြောသည်။ကျောက်ထုတ်ရန် စီစဉ်နေသည့် ကျောက်တောင်မှာ ခေါင်ပြန်ကျေးရွာနှင့် တစ်မိုင်ခန့်သာ ကွာဝေးပြီး ယခင်တောင် ပြိုခဲ့စဉ်က နေအိမ် အချို့ဆုံးရှုံးခဲ့ကာ လူသေဆုံးမှုပါရှိခဲ့ဖူးသည့်အတွက် တောင်ထပ်ပြိုမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
ကျောက်ထုတ်မည့် လုပ်ငန်းရှင်များ နှင့် ဒေသခံများ တွေ့ဆုံဆွေးနွေးပွဲသို့ ဒေသခံ ၈၀ခန့်တက်ရောက်ခဲ့ပြီး ကျောက် ထုတ်လုပ်ငန်းကို ကန့်ကွက်သည့်အနေ ဖြင့် ဒေသခံ ၆၀ ကျော် ထပြန်ခဲ့ကြသည်။ဆွေးနွေးပွဲတွင် ကျန်ခဲ့သူများမှာ ကျောက်ထုတ်လုပ်ငန်းနှင့်ပတ်သက်၍ အကျိုးအမြတ်တစ်စုံတစ်ရာ ခံစားခွင့် ရသူများဖြစ်သည်ဟု ထပြန်ခဲ့ကြသူများ က ဆိုသည်။
” တို့ကတော့ လက်ခံတယ်လည်း မဟုတ်ဘူး။ လက်မခံဘူးလည်း မဟုတ် ဘူး။ ဒီအတိုင်းကျန်ခဲ့တာ”  ဟု ဆွေးနွေး ပွဲမှ ထမပြန်ဘဲ ကျန်ခဲ့သည့် အမျိုးသမီး တစ်ဦးက ဆိုသည်။
ကျောက်တောင်တွင် မိုင်း လေး ကြိမ်အထိခွဲပြီး ကျောက်ထုတ်နေသည်ဟု လုပ်ငန်းကို လက်မခံသည့်ဒေသခံများက ပြောဆိုပြီး ကျောက်ထုတ်လုပ်ငန်းဘက် ကမူ စမ်းသပ်ခြင်းသာဖြစ်သည်ဟု ဆို သည်။
“တောင်ပြိုမယ်ဆိုတာက ဒေသခံ တွေရဲ့ စိုးရိမ်မှုပါ။ အားလုံးလက်ခံလာ တဲ့အထိ ဆွေးနွေးပွဲတွေလုပ်ပြီးပြန်ညှိ နှိုင်းမယ်။ ညှိနှိုင်းပြီးမှပဲ လုပ်ငန်း စပါ မယ်”  ဟု ကျောက်ထုတ်မည့်လုပ်ငန်း တာဝန်ခံ ဦးကျော်မိုးက ပြောသည်။
၎င်းတို့လုပ်ငန်းသည် လုပ်ကွက် ဧရိယာ ၁၀ ဧကသာရှိသည့် တစ်နိုင်တစ် ပိုင်လုပ်ငန်းသာဖြစ်ပြီး ကုမ္ပဏီအနေဖြင့် လုပ် ဆောင်ခြင်းမဟုတ်သည့်အတွက် လုပ်ငန်းသို့မဟုတ် ကုမ္ပဏီနာမည်မရှိ ကြောင်း ဦးကျော်မိုးက ဆိုသည်။
ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင် ရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ နှင့် သက်ဆိုင်ရာဌာနများထံ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ခွင့်ပြုချက် တောင်းခံ ထားပြီး လက်ရှိအချိန်အထိ ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိသေးကြောင်း ၎င်းက ဆိုသည်။
သို့သော် ကျောက်ထုတ်လုပ်ငန်း ကိုမူ လာမည့် ဧပြီလတွင် လုပ်ငန်း စတင်ရန် လျာထားသည်ဟု ဦးကျော်မိုးက ဆိုသည်။
ကျောက်ထုတ်လုပ်ငန်း ၃ ခုထက် မနည်းရှိသည့် ဇာဒီကျေးရွာအုပ်စုတွင် ခေါင်ပြန်ကျေးရွာမှ ပထမဦးဆုံးကန့် ကွက်ခြင်းဖြစ်သည်။