ပုလောတွင် ရွာပိုင်ဘုံမြေ သီးစားခကိစ္စ အုပ်ချုပ်ရေးမှူး မရှင်းပြ၍ ဒေသခံများ မကျေနပ်

0
548

မြိတ်ခရိုင် ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စု၊ မြဒေါင်ကျေးရွာရှိ ရွာပိုင်ဘုံမြေများဖြစ်သည့် လယ်ယာမြေ ၁၅ ဧကမှ နှစ်စဉ်ရရှိထားသည့် သီးစားငှားရမ်းခရငွေများနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးက ပွင့်လင်းစွာ မရှင်းပြသဖြင့် ရွာသူရွာသားများက မကျေမနပ်မဖြစ်နေကြောင်း မြဒေါင်ရွာသူ ရွာသားများက ပြောသည်။


ယင်းဘုံမြေတွင် ရွာသားတစ်ဦးလျှင် ၁ ဧက စပါးစိုက် လုပ်ပိုင်ခွင့်ပေးထားပြီး၊ နှစ်စဉ် တစ်နှစ်လျှင် အုပ်ချုပ်ရေးမှူးထံ စပါးတင်း ၃၀ ပြန် ပေးရကြောင်း ယင်းရွာသားများထံမှ သိရသည်။
နှစ်စဉ်ရငွေများကို မည်သည့် နေရာတွင် မည်သို့သုံးစွဲသည်ကို ရွာသူရွာသားများအား စာရင်း အတိအကျဖြင့် ချပြနိုင်ခြင်းမရှိဘဲ စာရွက်ဖြင့် ရေးလာသည်ကိုသာ ဖတ်ပြပြီး စာရင်းရှင်းတမ်း တောင်းသည့်အခါတွင်လည်း မပြဟု မြဒေါင်ရွာနေ ဒေါ်ခင်ရီက ပြောသည်။
ယင်းသို့ မရှင်းပြသည့်အတွက် ပုလောမြို့နယ် ထွေအုပ်ရုံးသို့ ဆက်လက် တိုင်ကြားသွားနိုင်ရန် ပြင်ဆင်နေပြီး  ရွာပိုင်ဘုံမြေ ၁၅ ဧကမှ ၄နှစ်စာနှစ်စဉ် သီးစားငှားရမ်းခ ကျပ်သိန်း ၆၀ ကျော်နီး ပါးရှိမည်ဟု ဒေါ်ခင်ရီက ခန့်မှန်းသည်။
” ဒီလိုမျိုး အလွဲသုံးစား လုပ်တာမျိုးမရှိပါဘူး၊ ရွာသားတွေ ကျေနပ်အောင်လည်း ကျွန်တော်ဘက်က ပုလောမြို့နယ် ထွေအုပ်ရုံးမှာ စာရင်းရှင်းတမ်းတွေ အကုန်လုံး လုပ်ပေးပြီးပါပြီ ” ဟု မြဒေါင်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးအေးငယ်က ပြောသည်။
နှစ်စဉ်ရရှိသည့်ငွေများအနက် ၄ နှစ်စာအတွက် ကျပ် ၅၆ သိန်းနီးပါး  (၅၅၉၅၀၀၀)ကို ကျေးရွာရှိ လမ်း၊ တံတားနှင့် စာသင်ကျောင်းများတွင် အသုံးပြုခဲ့ပြီး ကိုယ်ကျိုးအတွက် တစ်ပြား တစ်ကျပ်မျှ သုံးစွဲခြင်းမရှိဟု ဦးအေးငယ်က တုန့်ပြန်ပြောကြားသည်။