ရေးမြို့နယ် ကဗျာဝကမ်းခြေသို့ နေ့စဉ် လူ ၃၀၀ ခန့် လာလည်

0
492

ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ တွင်ရှိသည့် ကဗျာဝကမ်းခြေသို့ နေ့စဉ် လူ ၃၀၀ခန့် လာရောက် လည်ပတ် အပန်းဖြေလျက်ရှိနေကြောင်း ဒေသခံ များထံမှ သိရသည်။ အခါကြီး ရက်ကြီးများတွင် လူဦး ရေ ၁၀၀၀ ကျော်ခန့် လာရောက် လည် ပတ်လေ့ရှိသည့်အတွက် ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်း အသစ်တိုးလာသည်ဟု ကမ်းခြေဖွံ့ဖြိုး ရေး ကော်မတီ ဖွဲ့ရန် စီစဉ်နေသူများ အနက်တစ်ဦးဖြစ်သည့် ဦးအောင်ယဉ်ဦး က ပြောသည်။


” ကမ်းခြေနားမှာ မနှစ်က စားသောက် ဆိုင်ဆို ၃ ဆိုင်လောက်ပဲရှိရာက အခု လက်ရှိ ၁၀ ဆိုင်လောက် အထိ ရှိလာပြီ၊ ရေးမြို့နယ်က လူတွေအပြင် မြန်မာ နိုင်ငံအရပ်ရပ်က ခရီးသွားတွေပါ             လာကြတယ်” ဟု ဦအောင်ယဉ်ဦးက ဆိုသည်။
ကမ်းခြေသို့ ခရီးသွား အများအပြား လာလည်သည်နှင့်အမျှ သဘာဝ ပတ် ဝန်းကျင် မထိခိုက်စေရေး၊ အမှိုက် များ စနစ်တကျရှိစေရေးတို့ အတွက် ကဗျာဝ ကျေးရွာ ရပ်မိရပ်ဖများ ပါဝင်သော ကမ်းခြေဖွံ့ဖြိုး သာယာလှပရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။
ကဗျာဝကမ်းခြေတွင် ရန်ကုန် အခြေစိုက် Aurum Company Limited က ကမ်းခြေစီမံကိန်းအဖြစ် အကောင် အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း ယင်းကုမ္ပဏီ၏  မန်နေဂျင်း ဒါရိုက်တာ ဦးဋ္ဌေးသွင်က ပြောသည်။
အဆိုပါကမ်းခြေသည် ရေးမြို့မှ ၁၈ မိုင်ခွဲခန့်အကွာတွင်တည်ရှိပြီး ကား ဖြင့် ၄၅ မိနစ်ခန့် သွားရသည်။
ရေးမြို့နယ်တွင် လူသိများသည် ကမ်းခြေနှစ်ခုရှိပြီး တစ်ခုမှာ ရေးမြို့ အနောက်ပိုင်း ဇီးဖြူသောင်ပင်လယ်ဝဖြစ် ပြီး ရေးမြို့နှင့်၇ မိုင်ခန့်သာ ကွာဝေး သည်။