ပန်းတိုင်ဆီ

0
431

နေပြည်တော်တွင် ပြည်ထောင်စု အစိုးရ ဖွဲ့စည်းရန် ဝန်ကြီးဌာနများစာရင်း ကို သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဦးထင်ကျော်က ပေးပို့လိုက်ပြီဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ဝန်ကြီးဌာန ၃၆ ခုတွင် လုပ်ငန်းကဏ္ဍဆက်စပ်တူညီ သည်များကို ပေါင်းစည်းလိုက်ပြီး ၂၀ ခုအဖြစ် လျော့ချလိုက်သည်။ ယင်းအပြင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတစ်ခု ထပ်တိုးလိုက်သဖြင့် ဝန်ကြီးဌာန စုစုပေါင်း ၂၁ ခု ဖြစ်လာမည် ဖြစ်သည်။

ယင်းနောက် များမကြာမီတိုင်းနှင့် ပြည်နယ်အစိုးရများကို သမ္မတ၏ ရွေး ချယ်မှုဖြင့် စတင်ဖွဲ့စည်းတော့မည်။ ဦးစွာ ဝန်ကြီးချုပ်များရွေးချယ်ရမည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲမှ တစ်ဦးကို ခန့်နိုင်သည်။ ယင်းကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်လွှတ် တော်က အတည်ပြုပေးရသည်။ဝန်ကြီးချုပ်သည် သက်ဆိုင်ရာတိုင်း နှင့် ပြည်နယ်ဝန်ကြီးအဖွဲ့ကို ရွေးချယ်ခန့် အပ်နိုင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရတိုင်း နှင့် ပြည်နယ်က ဝန်ကြီး (ဌာန) များကို လိုအပ်သလိုဖွဲ့စည်းနိုင်သည်။ အရေ အတွက် ကန့်သတ်ထားခြင်းမရှိပေ။
သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အဓိကအားဖြင့် တိုင်းနှင့်ပြည် နယ်အစိုးရများက စီမံခန့်ခွဲပိုင်ခွင့်ရှိ သော ကဏ္ဍ ၈ ခုအတွက် ဝန်ကြီးရှစ်ဦး အဓိက ထားရှိလေ့ရှိသည်။ ဦးသိန်းစိန် အစိုးရတက်စတွင် ၂၀၁၁ ခုနှစ်တွင် တိုင်းနှင့် ပြည်နယ်အစိုးရများသည်လည်း အသစ်စက်စက်၊ မြန်မာနိုင်ငံတွင် တစ်ခါမျှ မရှိဖူးသော နောက်အစိုးရအလွှာ တစ်ခုဖြစ်ရာ အလွဲအချို့ ဖြစ်ဖူးသည်။

ဥပမာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ က နိုင်ငံခြားရေးဝန်ကြီး ခန့်ခြင်းမျိုးဖြစ်ခဲ့ သည်။ အမှန်တကယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံခြားရေးကို ပြည် ထောင်စုအစိုးရက ကိုင်တွယ်ရသဖြင့် တိုင်းနှင့် ပြည်နယ်အစိုးရများတွင် လုပ် ကိုင်ခွင့်မရှိပါ။
ယင်းကို ( ယခု ဆုံးပါးသွားပြီဖြစ် သော) ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာကျွမ်း ကျင်သူတစ်ဦးက ထိုဝန်ကြီးများ၏အလုပ်ကဘာနည်း။ နိုင်ငံခြားဧည့်သည် လာပါက ထီးမိုးပေးရန်လောဟု ခပ်ပြောင်ပြောင် မေးခွန်းထုတ်မှ တိုင်း နှင့်ပြည်နယ်အားလုံး၏ ဝန်ကြီးနေရာ များ တစ်ပြေးညီဖြစ်စေရန် သမ္မတရုံးက ဖန်တီးပစ်လိုက်သည်။

ယခုတွင် ယေဘုယျအားဖြင့် တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ဝန်ကြီး (စစ်တပ်မှခန့်အပ်)၊ ဘဏ္ဍာရေးဝန်ကြီး၊ စိုက်^မွေးဝန်ကြီး၊ သစ်တော^သတ္တု ဝန်ကြီး၊ စီမံ^စီးပွားဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ လျှပ်စစ်^စက်မှု လက်မှုဝန်ကြီး၊ စည်ပင်သာယာရေးဝန် ကြီး၊ လူမှုရေးဝန်ကြီးတို့နှင့် တိုင်းရင်းသားရေးရာဝန်ကြီးများတို့ ရှိကြသည်။

အမှန်တကယ်တော့ ထိုသို့တစ်ပြေး ညီဖြစ်ရန်မလို။ ဥပမာ တနင်္သာရီတိုင်း ကဲ့သို့ ရေလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း အရေးပါသော ဒေသတွင် ယင်းအတွက် ဝန်ကြီးတစ်ဦး ထားနိုင်သည်။ စိုက်ပျိုး ရေးနှင့် မွေးမြူရေးနှင့် တွဲချင်မှတွဲမည်။ခရီးသွားလုပ်ငန်းအရေးကြီးပါက ခရီး သွားအတွက် သပ်သပ်ဝန်ကြီးထား ချင်ထားမည်။ စည်ပင်သာယာနှင့်တွဲကိုင် ချင်မှကိုင်မည်။ (ခရီးသွားကိုယမန်နှစ် ဖွဲ့စည်းပုံ ပြင်ဆင်ချက်အရ တိုင်းနှင့်ပြည် နယ်အစိုးရများကို စီမံခန့်ခွဲပိုင် ခွင့်ပေးလိုက် ပြီဖြစ်သော်လည်း ဥပဒေရေးရာအဆင့်အချို့ကျန်သေးသဖြင့် လုပ်ကိုင်ခွင့်မရသေး)။ယင်းကား ဝန်ကြီးအရေအတွက်နှင့် ဝန်ကြီးများတာဝန်ခွဲချပုံဖြစ်သည်။

နောက်တစ်ချက်မှာ ဝန်ကြီးများကို မည်သို့ ခန့်မည်နည်း။လေ့လာသိရှိရသလောက် တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးကို တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်ပေးသည်။ အခြားဝန်ကြီး ရှစ်ဦးကိုမူ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များကို တာဝန် ပေးသည်ကို တွေ့ရသည်။ (တိုင်းရင်းသား ရေးရာလွှတ်တော် ကိုယ်စားလှယ်များ မှာ အလိုအလျောက် တိုင်းရင်းသားရေး ရာဝန်ကြီး ဖြစ်လာသည်)။

ယင်းကြောင့် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် လွှတ် တော်ကိုယ်စားလှယ်ဖြစ်ရမည်ဟု အမှတ် မှားကြလေ့ ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၆၂ (က) အရ ယင်းဝန်ကြီးများ ကိုသက်ဆိုင်ရာ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် များထဲမှဖြစ်စေ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူဖြစ်စေ ရွေးချယ်ခန့်အပ်နိုင် သည်။ထိုကြောင့် ပြင်ပပုဂ္ဂိုလ်များကို လည်း သက်ဆိုင်ရာ အရည်အချင်း ပြည့် မီပါက တိုင်းနှင့်ပြည်နယ် ဝန်ကြီးအဖြစ် ခန့်အပ်နိုင်သည်။

ထိုအခါ သမ္မတအသစ် ဦးထင်ကျော် ၏ဝန်ကြီးဌာနများစာရင်းကဲ့သို့ပင် တိုင်း နှင့် ပြည်နယ်ဝန်ကြီးများကို မည်သို့ခန့် မည်မှာ စိတ်ဝင်စားဖွယ် ကောင်းလာ သည်။
ပြည်ထောင်စုအစိုးရအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေး ကောက်ခံ ကိုယ်စားလှယ်များအပြင် ပြင်ပ ပညာရှင်များကိုပါ ခန့်အပ်ရန် ရှိ နေသည်။ထိုနည်းတူ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့တွင် ပြင်ပပုဂ္ဂိုလ် များပါဝင်လာမည်လောဟု စောကြောမိ သည်။
ယင်းအတွက် အားသာချက် နှစ်ချက်၊ အားနည်းချက်နှစ်ချက်ကို လည်း ရှာဖွေကြည့်သည်။

အားသာချက်

၁) တိုင်းလွှတ်တော် ပိုအားကောင်း လာမည်
တိုက်ရိုက်အားဖြင့်မဆိုင်ဟုဆိုနိုင်သော်လည်း တနင်္သာရီတိုင်းကဲ့သို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အရေအတွက် နည်းပါးသော ဒေသ များအတွက် မှုအရေးကြီးသော အချက် ဖြစ်သည်။ တိုင်းလွှတ်တော်ကိုလွှတ်တော် ကိုယ်စားလှယ် ၂၈ ဦးဖြင့် ဖွဲ့စည်း ထားသည်။
တိုင်းလွှတ်တော်အတွက် တစ်မြို့ နယ်ကို ၂ ဦးစီဖြင့် ရွေးကောက်တင်မြှောက် သဖြင့် ၁၀ မြို့နယ်ရှိရာ ရွေးကောက်ခံ၂၀ ဦး၊ ကရင်တိုင်းရင်းသားရေးရာကိုယ်စား လှယ်တစ်ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၇ ဦး၊ စုစုပေါင်း ၂၈ ဦး ဖြင့် ဖွဲ့စည်းထားသည်။
ယင်းအနက် ဦးမြတ်ကိုအစိုးရ လက်ထက်တွင် ဝန်ကြီးကိုးဦး ရှိသည်။တစ်ဦးမှာ တပ်မတော်သားကိုယ်စားလှယ် မှ ဖြစ်ပြီး ကျန်ရှစ်ဦးမှာ တိုင်းလွှတ်တော် ကိုယ်စားလှယ်မှ ခန့်ထားလိုက်သဖြင့်တိုင်းလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၈ ဦးတွင် ဝန်ကြီးချုပ်တစ်ဦး အပါအဝင် စုစုပေါင်း ၁၀ ဦးမှာ အစိုးရ အဖွဲ့သို့ ရောက်သွားသည်။ ကရင်တိုင်း ရင်းသားရေးရာကိုယ်စားလှယ်သည် လည်း ဝန်ကြီးအလိုအလျောက် ဖြစ်သွား သဖြင့် စုစုပေါင်း ၁၁ ဦး အစိုးရအလုပ် လုပ်ရတော့သည်။

ယင်းကြောင့် ၁၇ ဦးကျန်သည်။ ၁၇ ဦးအနက် လွှတ်တော်ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယ လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးရှိသဖြင့် ကွင်းဆင်း အလုပ်လုပ်လေ့ရှိသောသာမန် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး ကျန် သည်။ ၁၅ ဦးအနက် တပ်မတော်သား ကိုယ်စားလှယ်က ၆ ဦးဖြစ်နေသဖြင့် လွှတ်တော်ကိုယ်စားလှယ် ၉ ဦးသာ ကျန်သည်။ ၉ ဦးအနက် ဝန်ကြီးချုပ် အဖြစ်မှ အနားယူလိုက်ရသော ဦးခင်ဇော် မှာ နုတ်ထွက်သွားသဖြင့် ၈ ဦးသာ ကျန်တော့သည်။
ယင်းကြောင့် ထို ၈ ဦးဖြင့် လွှတ် တော်အလုပ်များကို လုပ်ရသောအခါ အလုပ်များစွာ မတွင်ကြောင်း ၂၀၁၁ မှ ၂၀၁၆ ဇန်နဝါရီလကုန်အထိ တနင်္သာရီ တိုင်းလွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဦးထင်အောင်ကျော်က ညည်းတွားဖူး သည်။
လိုရင်းကို ပြန်ကောက်ရလျှင် ခန့်အပ်ရမည့် ဝန်ကြီးရှစ်ဦးစလုံးကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ခန့်လိုက်သဖြင့် လွှတ်တော်တွင် အလုပ် လုပ်မည့်သူနည်းပါးသွားသည်။

ယင်းကြောင့်ပြင်ပမှ ပညာရှင်များ ကို ခန့်အပ်ပါက လွှတ်တော်တွင် အလုပ်လုပ်မည့်သူ ပိုကျန်ကာလွှတ်တော် ပိုအားကောင်းလာရေး ပိုအထောက်အကူ ပြုနိုင်သည်။ လွှတ်တော်ကိုယ်စား လှယ်ရာချီရှိသော ရန်ကုန်၊ ရှမ်းလွှတ် တော်များတွင် များစွာမသိသာလှသော် လည်းမြို့နယ် နည်းသဖြင့်ကိုယ်စား လှယ်နည်းသော တနင်္သာရီ၊ မွန်၊ ကယား တို့ကဲ့သို့သော ဒေသများအတွက် မူ အရေးပါသော အချက်ဖြစ်သည်။


၂) ပြင်ပစုဖွဲ့မှုအားရလာမည်

ပြင်ပမှနားလည်တတ်ကျွမ်းသူ ပညာရှင်များ ခေါ်ယူခန့်အပ်ခြင်းအားဖြင့် ပါတီတွင်းသာမက ပြင်ပအားပါ ပိုရ လာနိုင်သည်။
မိမိခန့်အပ်လိုက်သူ၏ ကွန်ရက်များ အား၊ စုဖွဲ့မှုအားပိုရလာနိုင်ပြီး ပိုမို ကာလာစုံသော အစိုးရအဖွဲ့ကို မြင်တွေ့ရ လာနိုင်သည်။
အခြားအရေးကြီးသည့် အချက်မှာ ကျွမ်းကျင်ရာ နယ်ပယ်မှ လာသူဖြစ် သဖြင့် အစိုးရအဖွဲ့ ပိုမိုအားကောင်း လာစေသည်။ လွတ်တော်ကိုယ်စား လှယ်လည်းမဟုတ်သဖြင့် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို ပိုကူညီထောက်ပံ့နိုင်သည်။
ဝန်ကြီးအဖြစ် တာဝန်ယူထားသည့် နယ်ပယ်များတွင် သာမက အခြားနယ် ပယ်များတွင်လည်း ဝန်ကြီးအဖြစ်ခန့်အပ် ခံရသူ၏မိတ္တဗလအားကိုးဖြင့် (မိတ်အားကိုးဖြင့်) အကူအညီအထောက် အပံ့ ရနိုင်သည်။

အားနည်းချက်

၁) ပါတီဝင်ဖြစ်စရာမလိုခြင်း။
ပါတီတွင်းမှ မဟုတ်ဘဲ ပြင်ပမှပုဂ္ဂိုလ်ကို ခန့်အပ်မည်ဖြစ်သဖြင့် ပါတီ၏စည်းမျဉ်းစည်းကမ်းလိုက်နာနိုင်မှု၊ သစ္စာရှိမှုတို့အပေါ် စိုးရိမ် လိုက စိုးရိမ်ဖွယ်ရာ ရှိသည်။
၎င်းဆုံးဖြတ်လုပ်ကိုင်သော ဆုံးဖြတ်ချက်များ ပါတီမူဝါဒ နှင့် ကိုက်ညီမှု ရှိမရှိ၊ ပါတီမူဝါဒများနှင့် ရင်းနှီးမှုရှိမရှိအပေါ် ဆွေးနွေး ရန်လိုသည်။
သို့သော်လည်း ဝန်ကြီးအနေနှင့် ဝန်ကြီးချုပ်ကို တာဝန်ခံရ မည်ဖြစ်ရာ ယင်းကား များစွာပြဿနာရှိလှမည် မဟုတ်ဟု ထင်မိသည်။အခြားတဖက်တွင်လည်း ပါတီဝင် စရာမလို၊ ရွေးကောက်ပွဲဝင်စရာ မလိုသဖြင့် ပါတီတွင်းမှ ရုန်းကန်လှုပ်ရှားခဲ့သူများနှင့် မည်သို့ ဆက်ဆံ ရေးတည်ဆောက်မည်၊ မည်သို့သော မျှခြေဖြစ်အောင် လုပ်မည်ဆိုသည့် စဉ်းစားချက် ဖြစ်သည်။ပါတီဝင်စရာမလိုဘဲလည်း ဝန်ကြီးဖြစ်နိုင်သဖြင့် ပညာတတ်၊ လူရေနပ်များ ပါတီတွင်း ဝင်လာလုပ်ကိုင်လာဖို့ နည်းပါးလာသဖြင့် လူကောင်း၊ လူတော်လိုသော ပါတီများအတွက် အဟန့်အတား ဖြစ်လာနိုင်သည်။

၂) ဝန်ကြီး လုပ်လိုကြပါ့မလား။
နောက်ထပ်ပြဿနာမှာ ဒေသအတွင်း စိတ်တိုင်းကျနလှစွာသော ကျွမ်းကျင်သူများ ရှိနိုင်ပါ့မလားဆိုသည့် ကိစ္စနှင့်ထိုသူများက တနင်္သာရီတိုင်းအတွင်း အခြေချ ဝန်ကြီးလုပ်လိုကြပါ့ မလားဆို သည့် ကိစ္စဖြစ်သည်။ဝန်ကြီးဆိုသည့် နေရာသည်သာမန်အားဖြင့် မက်လောက် စရာဖြစ်သော် လည်း တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှာ (ပြီးခဲ့သည့် ငါးနှစ်အခြေ အနေအရ) များစွာ အရာရောက်လှသည် မဟုတ်လှ၊ စည်ပင်မှလွဲ၍ တော်တော်များ များဝန်ကြီးများမှာ ဌာနလက်ကိုင်ပိုင်ပိုင် နိုင်နိုင်မရှိလှ၊ ညှိနှိုင်းရေးမှူးအလုပ်တွေ လုပ်ရတာ ပိုများရာ တကယ်တတ်သူများ လုပ်လိုပါ့မလားဆိုသည့် ကိစ္စဖြစ်သည်။ (အရေးပါခြင်းမှာဝန်ကြီးများ၏ အရည်အချင်းများနှင့် လည်းဆိုင်သည်) ယင်းအပြင် ဆရာကျသူပညာရှင်တော်တော်များများမှာ ရန်ကုန် အပါအဝင် အခွင့်အလမ်းပိုများသောနေရာများတွင် အခြေစိုက်ကြသည် ကများသည်။ အိမ်ပြန်လာလုပ်လိုသူများ ရှိပါ့မလား စောကြောမိသည်။

ထိုဝန်ကြီးများမှာ ဒေသဆိုင်ရာ အဆင့်တွင် ပုဂ္ဂိုလ်ကြီးဖြစ် သော်လည်း နေပြည်တော်တွင် သူလိုကိုယ်လို ဖြစ်သွားတတ်သဖြင့် နိုင်ငံလုံးချီ လုပ်ကိုင်နေကြသော ပညာရှင်များအတွက် မက်လောက် စရာ ရှိပါ့မလား စဉ်းစားမိသည်။သို့သော် ယခုကဲ့သို့ တိုင်းပြည်ကို ဝိုင်းဝန်းတည်ဆောက်ရမည့် အခြေအနေတွင် ပညာရှင်များ၊ ကျွမ်းကျင်သူများ တိုင်းနှင့် ပြည်နယ်အစိုးရများတွင် လိုလိုချင်ချင် လာရောက် တာဝန်ထမ်း ဆောင်မည် ဖြစ်ကြောင်း ယုံကြည်မိသည်။

ယင်းအချက်များကား တိုင်းအစိုးရအဖွဲ့တွင် ဝန်ကြီးများကို ပြင်ပမှခေါ်ယူခန့်ထားပါက ဖြစ်နိုင်သည့် အားသာချက်၊ အားနည်း ချက်များ ဖြစ်သည်။ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် ပြင်ပမှပညာရှင်များကို ခန့်ထားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆိုထားပြီး ဖြစ် သည်။ပြင်ပ ပညာရှင်များကို အခွင့်အလမ်းပေးလို၍ဟု ဆိုသည်။သို့သော် ဝန်ကြီးခန့်ထားခြင်းကိစ္စသည် အခွင့်အရေးမဟုတ်ဘဲ တာဝန်ကိစ္စသာ ဖြစ်သည်။
အချို့ကလည်း ဝန်ကြီးရခြင်း ကိုကံကောင်းခြင်းဟု တွက်လျှင် တွက် ကြနိုင်သည်။ သို့သော်ဝန်ကြီးကိစ္စသည် ကံကိစ္စမဟုတ်ဘဲ ပုခုံး ပေါ်တာဝန် ထမ်းပိုးပိုလာမည့်ကိစ္စ ဖြစ်သည်။

ယင်းကြောင့် အစိုးရအဖွဲ့တွင် ပါဝင်တာဝန်ထမ်းဆောင်ရခြင်း ကို အခွင့်အလမ်းပေးခြင်းဟု မမြင်ကြဘဲ လူမှန်နေရာမှန်ဖြစ်လာရေး၊ ပြင်ပအားကို ဆွဲယူနိုင်ခြင်းဖြင့် ပိုမိုအားကောင်းသောလွှတ်တော်နှင့် အစိုးရ ဖြစ်လာရေး အာရုံစိုက် ရှုမြင်ကြရန်ဖြစ်သည်။
ကမ္ဘာကျော် မော်တော်ကားကုမ္ပဏီ ထူထောင်သူ ဟင်နရီဖို့ဒ် (Food) ပြောခဲ့သော နာမည်ကျော်စကားတစ်ခုကို သတိရသည်။
“အတူတကွ လက်တွဲခြင်းဖြင့် အစပျိုး၊ တွဲလက်ဆက်လက်တည် မြဲခြင်းဖြင့် ရှေ့ဆက်၊ အတူတူတွဲလုပ်ခြင်းဖြင့် အောင်မြင်မှုပန်းတိုင်ဆီ”
တိုင်းပြည် ပန်းတိုင်အတွက် မတူညီသောသူများ အတူတူ အလုပ်လုပ်နိုင်သော ဝန်းကျင်ကောင်း၊ အလေ့အကျင့်ကောင်း ပျိုးထောင်နိုင်စွမ်းကို လာမည့်အစိုးရလက်ထက်တွင် မြင်လိုလှသည်။ ယင်းသည်ပင် ဒီမိုကရေစီ အလေ့အထကောင်းဖြစ်သည် မဟုတ် ပါလော။