ဘုန်းကြီးကျောင်းများတွင်တည်းသည့် ရပ်ဝေးဘုရားဖူး ဧည့်သည်များ၏ ငွေနှင့်ပစ္စည်းများ မကြာခဏ ခိုးခံရ

0
410

ထားဝယ်ဘုန်းကြီး ကျောင်းများ တွင် တည်းခိုသည့် ရပ်ဝေးဘုရားဖူး ဧည့်သည်များ၏ငွေနှင့် ပစ္စည်းများ အကြိမ် ကြိမ်အခိုးခံနေရကြောင်း ထားဝယ်မြို့ရှိ ဘုန်းကြီးကျောင်းများထံမှ သိရသည်။

ပြီးခဲ့သည့် ၃ လအတွင်း ရပ်ဝေး ဘုရားဖူး ဧည့်သည်များထံမှ ဘုရားဖူး များ အများဆုံး တည်းခိုလေ့ရှိသည့် မရမ်းပင်ကျောင်းတွင် ကျပ် ၆ သိန်း၊ ယိုးဒယားကျောင်းတွင် ကျပ် ၂၂ သိန်း၊ ရာမသူဝကျောင်းတွင် ကျပ် ၃ သိန်းနှင့် ပြည်ကျောင်းတွင် ကျပ် ၁၁ သိန်းခွဲနှင့် ဖုန်းများ အခိုးခံခဲ့ရကြောင်း ယင်း ဘုန်း ကြီးကျောင်းများထံမှ သိရသည်။

” ခိုးတဲ့သူတွေက ဘုရားဖူးတွေမှာ ခိုးတော့ ဘုရားဖူးတွေရဲ့ ထားဝယ်မြို့ အပေါ်မှာ အမြင်တစ်မျိုးဖြစ်စေတယ်။ ထားဝယ်မြို့ နာမည်ပျက်တယ်” ဟု ရာမသူဝကျောင်းမှ ဦးပဉ္စင်း တစ်ပါးက မိန့်ကြားသည်။ယင်းဖြစ်စဉ်များကြောင့် ဘုန်းကြီး ကျောင်းတွင် သီတင်းသုံးသည့် သံဃာ များပါ အစွပ်စွဲခံရမှုများရှိလာကြောင်း ယင်းဦးပဉ္စင်းက မိန့်သည်။

” လုံခြုံရေးလည်း ချထားတာပဲ။ ဒီ တစ်ခါ(နောက်ဆုံးအကြိမ်)တော့ CCTV တပ်ထားတာမို့ သူခိုးပုံစံကိုတော့ ခန့်မှန်း ရလွယ်သွားတယ်” ဟု ပိန္နဲတော ရပ်ကွက် ရှိ ပြည်ကျောင်းမှ ကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် ယခု မတ်လအတွင်း ဘုရားဖူးဧည့်သည်များ ထံမှ ငွေနှင့်ပစ္စည်း ခိုးယူမှု ၆ ကြိမ်အထိ ရှိခဲ့ပြီး စုစုပေါင်း ၁၁ သိန်း ၅ သောင်းနှင့် ဖုန်း ၆ လုံး အခိုးခံခဲ့ရကြောင်း အဆိုပါ ဆရာတော်ကမိန့်သည်။
နောက်ဆုံးခိုးယူခံရသည့် မတ်လ ၆ ရက်နေ့က CCTV ကင်မရာအရ ရရှိသည့် ခိုးသူ၏ ဓာတ်ပုံကို ရဲစခန်းသို့ ပေးပို့တိုင်ကြား ထားပြီးဖြစ်ကြောင်း ယင်း ကျောင်းထိုင်ဆရာတော်ထံမှ သိရ သည်။

ဘုရားဖူးကားတစ်စီးလျှင် အ ဆောင် တစ်ဆောင် တည်းခိုခွင့်ပေးပြီး ယခင်က တံခါးအမြဲတမ်းဖွင့်ထားလေ့ရှိသော် လည်း နောက်ဆုံးအကြိမ်အခိုးခံရပြီးသည့် နောက်ပိုင်းတွင် ည ၁၀ နာရီ ခန့်တွင် တံခါးပိတ်လိုက်သည်ဟု ဆရာ တော်က မိန့်သည်။
ယင်းသို့သော အခိုးခံရမှုများ ကြောင့် ခရီးသည်များအား ၎င်းတို့၏ ပိုက်ဆံနှင့် ပစ္စည်းများကို သတိထားရန် ကြိုတင် သတိပေးလေ့ရှိကြောင်း မရမ်းပင်ကျောင်း မှ ကျောင်းထိုင်ဆရာတော်က မိန့်သည်။

ထားဝယ်ဒေသရှိ ရှင်ကိုးရှင် ဘုရား များနှင့် ကမ်းခြေများကို လာရောက် လည်ပတ်သည့် ဘုရားဖူးကားများ သည် ဟိုတယ်၊ တည်းခိုခန်းများထက် ထားဝယ် မြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် အများဆုံး တည်းခိုလေ့ရှိသည်။