မွှန်စိတ်လျှော့ပါ။ ထိန်းထားပါ။

0
480

ယခုအပတ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အများဆုံးတွေ့ရသည်မှာလက်ရှိတင်မြှောက်ထားသည့် ဒုသမ္မတများဖြစ်သည့် ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူ၊ ဦးမြင့်ဆွေတို့နှင့်ပတ်သက်သည့်အကြောင်းများ ဖြစ်သည်။

ယင်းတို့အနက် သမ္မတဖြစ်ရန် အနီးစပ်ဆုံးဟု အများကထင်ကြေးပေးထားသည့်ဦးထင်ကျော်နှင့်ပတ်သက်ပြီး ကောင်းချီးပေးမှု အများဆုံးဖြစ်သည်။
နှစ်ပေါင်းများ ၆၀ ကျော်အတွင်း ပထမဆုံးအရပ်သား သမ္မတဖြစ်လာနိုင် သည့်ကိစ္စအပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်သည်မှာ ကြိုဆိုစရာကိစ္စဖြစ်သည်။
သို့သော် အလွန်တရာမျှော်လင့်ခြင်း၊ မျက်ကန်း အကောင်းမြင်ခြင်းမျိုး မဖြစ်ရန်လိုအပ်ပေသည်။ အိမ်နိမ့်စံ ဘ၀တုန်းက အပိုးကျိုးသော်လည်း အာဏာ လက်ဝယ်ရှိလာသည့်အခါ အချိုးမပြောင်းဟု မပြောနိုင်။

တက်လာမည့်အစိုးရအဖွဲ့သည်လည်းကောင်း၊ အမတ်များသည် လည်းကောင်း၊ အာဏာရပါတီသည်လည်းကောင်း ပြောင်းလဲနိုင်သည်။ အာဏာတွင် ယစ်မူးကောင်း ယစ်မူးသွားနိုင်သည်။ အောက်ခြေလွတ်နိုင်သည်။ လမ်းမှားသို့ရောက်နိုင်သည်။
ရွေးကောက်ပွဲတွင်မဲပေးခဲ့ကြခြင်းသည်NLD ပါတီမို့၊ ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်၍ မို့ပေးခဲ့ကြသည်။ လွှတ်တော်အမတ်များကို သေချာလေ့လာပြီး မဲပေးခဲ့ကြသည်မဟုတ်။

သို့သော် ယခုအချိန်တွင် သူတို့သည် မဲတစ်ပြားစီမှပေးသည့်အာဏာများ ဖြင့်အာဏာရသူများ စီမံခွင့်ရှိသူများ ဖြစ်လာပြီဖြစ်သည်။
လက်ရှိအချိန်တွင် လွှတ်တော်များ စနေပြီဖြစ်သည်။ မိမိဒေသမှလွှတ်တော် အမတ်များအား မိမိဒေသအကျိုးအတွက် အကောင်းဆုံးလုပ်လာအောင်အထိန်း အထေလုပ်ရမည်၊ တွန်းအားပေးရမည်ဖြစ်သည်။ တနည်းအားဖြင့်ခိုင်းတတ်ရမည်။

မကြာမီအစိုးရအဖွဲ့ဖွဲ့စည်းတော့မည်ဖြစ်သည်။ အစိုးရအဖွဲ့ကိုလည်း စောင့်ကြည့်၊ ထိန်းညှိရန်လိုအပ်ပေသည်။
အယုတ်စွဆုံး လူထုခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုပင် စောင့်ကြည့်ထိန်းညှိ အထိန်းအထပြုလုပ်သည့် အလေ့အထရှိရန် လိုအပ်သည်။
မဲပေးစဉ်ကသေချာမစိစစ်ခဲ့သမျှ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် NLD ပါတီကမို့၊ ဒေါ်အောင်ဆန်းစုကြည်ပါတီကမို့ဟူသည့် ရှုမြင်မှုမျိုးဖြင့် မွှန်နေတာ မျိုးမဟုတ်ဘဲ သတိရှိရှိ တာဝန်သိသိဖြင့် တိုင်းပြည်အတွက် တည့်မတ်ထိန်း ညှိပေးရန်လိုအပ်ကြောင်း ပြောလိုရင်း ဖြစ်သည်။