ဘိလပ်မြေစက်ရုံသုံး သင်္ဘောကြောင့် ရေလုပ်ငန်း ထိခိုက်မှု ဖြေရှင်းပေးရန် လွှတ်တော်ထံ စာတင်

0
546

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ Mawlamyine Cement Limited (MCL) ဘိလပ်မြေစက်ရုံသုံး သင်္ဘော ဖြတ်သန်းသွားလာမှုကြောင့် အတ္တရံ မြစ်ကြောင်းအတွင်း လုပ်ကိုင်စားသောက် နေကြသည့် ရေလုပ်သားများ ထိခိုက်ပျက် စီးဆုံးရှုံးမှုရှိသည့်ကိစ္စ ဖြေရှင်း ပေးနိုင်ရန် ရေလုပ်သားများက မတ်လ ၁၀ ရက်တွင် မွန်ပြည်နယ်လွှတ်တော်နှင့် ကျိုက်မရော လွှတ်တော် ကိုယ်စားလှယ်ထံ စာတင် ထားသည်ဟု သိရသည်။

အတ္ထရံ မြစ်ကြောင်း တစ်လျှောက် တွင် ရေလုပ်သားပေါင်း ၂၀၀ ခန့် မှီခိုလုပ်ကိုင်စားသောက်နေကြပြီး ကုန်တင်သင်္ဘော ဖြတ်သန်း သွားလာမှု ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုရှိနေ သည့်အပေါ် ဖြေရှင်းပေးရန် သက်ဆိုင်ရာ သို့ ၄ ကြိမ် တိုင်ကြားခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသည့်အတွက် လွှတ် တော်ထံ ထပ်မံစာတင်ရသည်ဟု ကျိုက် မရောမြို့နယ် ရေလုပ်သားအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်တင်ဦးက ပြောသည်။

မြစ်ကြောင်း ကျဉ်းကျဉ်းတွင် အဆိုပါ သင်္ဘောများ ဖြတ်သန်းမှုကြောင့် ရေလုပ်သား ၃၅ ဦးခန့်တို့၏ စက်လှေ၊ စက်၊ ပိုက် အစရှိသည့် ရေလုပ်ငန်းသုံး ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်ဟု မတ်လ ၁၀ ရက်က မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ် ကွန်ရက်ရုံး၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရေလုပ်သား များက ပြောသည်။

” သင်္ဘောတွေကို အရှိန်ဖြည်းဖြည်း နဲ့ ဖြတ်သန်းပေးစေချင်တယ်၊ ပြီးတော့ အခု ကျွန်တော်တို့မှာ ပျက်စီးဆုံးရှုံးမှု ရှိတဲ့အပေါ်မှာ တာဝန်ယူ စေချင် တယ်” ဟု ဦးအောင်တင်ဦးက ပြောသည်။

ကုန်တင်သင်္ဘောများသည် စက်ရုံ စတင်တည်ဆောက်စဉ် ၂၀၁၄ ခုနှစ် ကတည်းက ဝင်ထွက် သွားလာနေခဲ့ပြီး စက်ရုံလည်ပတ်တော့မည့် ၂၀၁၆ ခုနှစ် တွင် သင်္ဘောအဝင်အထွက် ပိုများလာကာ ယခုဆိုလျှင် သင်္ဘော ၇ စီး၊ ၈ စီးခန့်က နေရော ညပါ ဝင်ထွက်သွားလာနေသည်ဟု ရေလုပ်သားတို့က ပြောသည်။
“နေ့ရော ညရော သွားလာနေတဲ့ အခါကျတော့ ကျွန်တော်တို့ ရေလုပ်သား တွေ အလုပ်လုပ်ရမယ့်အချိန် မရှိတော့ ဘူး}}ဟု ရေလုပ်သား ဦးခင်ကျော်အောင် က ပြောသည်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားဖြင့် လည်ပတ်မည့် ဃြူ ဘိလပ် မြေ စက်ရုံကို ဒေသခံများ ကန့်ကွက် လျက်ရှိသည်။