ရေဖြူတောမီး လဝက်ခန့်အကြာအထိ မငြိမ်းသေး

0
385

ရေဖြူမြို့နယ် ပိန်းရှောင်ကျေးရွာ အနီးမှ စတင် လောင်ကျွမ်း ခဲ့သည့် တောမီးသည် ၁၅ ရက်ကျော် ကြာသည် အထိ မငြိမ်းသေးဟု ရွာသူရွာသားများ ထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၀ နာရီခွဲခန့်က ပိန်းရှောင်ရွာ အနောက်ဘက် ၃ ဖာလုံခန့် အကွာရှိ ဥယျာဉ်ခြံတစ်ခြံမှ စတင်လောင်ကျွမ်း ခဲ့သော မီးသည် ယခုသတင်း ရေးသား သည့် မတ်လ ၁၂ ရက်အထိ တောင်တန်း တစ်လျှောက် ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း အထက်ပါ ရွာသူ ရွာသားများက ပြောသည်။

“ပထမဆုံးစလောင်တဲ့နေ့မှာတင် ဧက ၂၀၀ ကျော်နေပြီ” ဟု ပိန်းရှောင် ကျေးရွာ မီးသတ် ဒုတပ်ခွဲမှူး ဦးဥာဏ် ရွှေမှ မီးစလောင်သည့်နေ့တွင် ဆုံးရှုံးမှု နှင့် ပတ်သက်ပြီး ခန့်မှန်း ပြောဆိုသည်။မီးစလောင်ချိန်တွင် ကျေးရွာဘက် ကူးမလာရန် အနီးဝန်းကျင်ရှိ ဒေသခံ များက တားဆီးနိုင်ခဲ့သော်လည်း မီးမှာ ဥယာဉ်ခြံ တစ်ခြံပြီး တစ်ခြံ လောင်ကျွမ်း ကာ တောင်တန်းများပေါ်သို့ ကူးစက် သွားကြောင်း ဦးဥာဏ်ရွှေက ရှင်းပြသည်။

ယင်းသို့ တစ်တောင်ပြီး တစ်တောင် လောင်ကျွမ်းသွားကာ ကျောက်ဝှက် ကုန်းအနောက်ဘက်၊ သစ်တိုထောင့် ကျေးရွာ အနောက်ဘက်ရှိ ဥယာဉ်ခြံများ အထိ ဆက်လက် လောင်ကျွမ်းနေပြီး မီးလောင်မှု ခန့်မှန်းဧက ၁၀၀၀ ခန့် ရှိမည်ဟု ၎င်းက ပြောသည်။”တောင်ပေါ်က မီးကို ငြိမ်းဖို့ မလွယ်ဘူး၊ တောင်တွေက မတ် စောက်ပြီး တောထူတာလည်း ပါတာ ပေါ့၊ တောင်ခြေဘက် ဆင်းမလာနိုင် အောင်တော့ မီးလမ်းတွေ တားထားပါ တယ်” ဟု သစ်တိုထောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက ပြောသည်။

တောင်ပေါ်ရှိ ဥယာဉ်ခြံပိုင်ရှင် များ ကမူ မီးထပ်မကူးရန် ကြိုးစား တားဆီး နေပြီး လောင်ကျွမ်းခံရသည့် ဥယာဉ် ခြံများတွင် ရော်ဘာခြံအများဆုံးဖြစ်ပြီး ၁ နှစ်သားမှ ၁၆ နှစ်သားအထိ အမျိုးစုံ ပါဝင်ကြောင်း မီးလောင်ကျွမ်းရာဝင် ပါဝင်သည့် ဥယျာဉ်ခြံ ပိုင်ရှင်များက ပြောသည်။
“တောင်ပေါ်မှာဆိုတော့ ဘာမှ လုပ်လို့မရပါဘူး၊ ကျေးရွာတွေအနေနဲ့ စိတ်ချရတဲ့ အခြေအနေမို့ လွှတ်ထားခဲ့ တာပါ ” ဟု ရေဖြူမြို့နယ် မီးသတ်ဦးစီး အရာရှိ ဦးညိုမောင်က ပြောသည်။

မီးလောင်စဉ် ကာလအတွင်း အနီး အနားရှိ ကျေးရွာများသို့ မီးသတ်ကား တစ်စီးအပါအဝင် မီးသတ်တပ်ဖွဲ့ ဝင် များဖြင့် ၃ ကြိမ် သွားရောက် ကူညီ စောင့်ရှောက်ခဲ့ကြောင်း ၎င်းက ပြောသည်။