နတ်တင်ထားသော ဘောပင်

0
648

မြင်ကွင်း (၁)
နတ်စင်တစ်ခု။
နေတက်ချိန်ကြီး ဖယောင်းတိုင်မီး အလျှံတညီးညီး။ ဖယောင်းတိုင်တွေမှ နဲနဲနောနော မဟုတ်။ နတ်စင်ပေါ်နှင့် နတ်စင် အောက်ခြေ တိုင်များအနီးတွင်ပါ ဖယောင်းတိုင်ပေါင်း ရာချီရှိပေမည်။ မတ်လဆန်း၏ ကျဲကျဲတောက်နေသော နေရောင် အောက်တွင် နတ်စင်သည် အလျှံညီးညီးတောက်လောင်နေသည့် မီးပုံတစ်ခုနှင့်ပင် တူသေးတော့၏။ တွေးမိသည်ကား နတ်သည် အနှီစင်ပေါ် ကြာကြာထိုင်နေနိုင်မည်မဟုတ်။ အယ်နီ ညိုကြောင့် နဂိုပူနေရသည့်အထဲ ဖယောင်း တိုင် မီးတို့၏ အလျှံကြောင့် ဝေးဝေးသို့ ထွက်ပြေးနှင့်လေပြီထင်။

ဖော်ပြပါနတ်စင်ကား ကလိန်အောင် မြို့အဝင်လမ်း နံဘေးတစ်နေရာတွင် ရှိ၏။ ထားဝယ်မြို့ဘက်မှ လာလျှင် အဝေးပြေးလမ်းမကြီး၏ ဘယ်ဘက်။ တိတိကျကျ ဆိုရသော် မြို့အဝင် အ.ထ.က ကျောင်းအဝင်ဝရှိ ညောင်ပင်ကြီးနှင့် မျက်နှာချင်း ဆိုင်တည်း။

ယနေ့သည် မတ်လ ၉ ရက်နေ့။ ဆိုရသော် တက္ကသိုလ်ဝင်တန်းစာမေးပွဲ များ စတင်စစ်ဆေးသောနေ့။ ဖော်ပြပါ နတ်စင်ရှိ ဖယောင်းတိုင်မီးများသည် သားသမီးများ စာမေးပွဲချောချောမောမော ဖြေဆိုအောင်မြင်နိုင်ရန်အလို့ငှာ မိဘ များမှ နတ်ကို ပူဇော်ပသထားခြင်းဖြစ်၏။ ဤအဖြစ်အပျက်မျိုးသည် မတ်လရောက် တိုင်း ဖြစ်ပျက်နေကျ။ ယခင်က ရေဖြူမြို့ အထက်တန်းကျောင်းတွင်သာ သွား ရောက် ဖြေဆိုကြရသော တက္ကသိုလ်ဝင် တန်းကို ၂၀၀၂ ခုနှစ်မှ စတင်ကာ ကလိန် အောင် စာစစ်ဌာနတွင် ဖြေဆိုခွင့်ပြုခဲ့ သည်။ သို့ဖြင့် အ.ထ.က၊ ကလိန်အောင် သည် ကလိန်အောင်၊ ရားဖူးနှင့် ကံပေါက် ဒေသတစ်ခွင်မှ ၁၀ တန်း ကျောင်းသား ရာပေါင်းများစွာတို့၏ အနာဂါတ်ဘ၀ကို အဆုံးဖြတ်ပေးသည့် ဘူမိနက်သန်ဖြစ် လာခဲ့သည်။
ကျောင်းသားမိဘအများစုသည် စာမေးပွဲ ရာသီရောက်တိုင်း ထိုနတ်စင်၌ ဖယောင်းတိုင်များ ထွန်းညှိပူဇော်ကာ ဆုတောင်း နေကျ။ ၂၀၀၁ ခုနှစ်တုန်းကဆို လျှင် ဖယောင်းတိုင်များ အထွန်းများပြီး နတ်စင်ပင်မီးလောင်ခဲ့ဖူးလေသည်။

မြင်ကွင်း (၂)
နတ်စင်နှင့်အပြိုင် ဖယောင်းတိုင်မီး များ အလျှံတညီးညီးတောက်ပနေသည် ကား နတ်စင်ရှေ့ လမ်းတစ်ဖက် ကျောင်း အဝင်ဝ ဆိုင်းဘုတ်အနီးရှိ ညောင်ပင်ကြီး တည်း။

ဒေါ်မြေရှင်သည် လက်ထဲရှိ ဖယောင်း တိုင် ၉ တိုင်ကို ညောင်ပင်ရင်း၌ ညီညီ ညာညာ စိုက်ထူ၏။ လက်ပွေ့အိတ်ထဲမှ ယမ်း မီးခြစ်ကို ထုတ်ယူကာ ဖယောင်းတိုင် များကို ဒေါ်မြေရှင် တရိုတသေ မီးထွန်းညှိ၏။ သူမ မီးထွန်းညှိနေသော ဖယောင်းတိုင်များကား နယ်နယ်ရရ မဟုတ်။ ဤနယ်တစ်ခွင် လျှမ်းလျှမ်း တောက် နာမည်ကြီးသည့် ဗေဒင်ဆရာထံ တွင် အထူးစီရင်ထားသည့် ဖယောင်းတိုင် များတည်း။ အထူးစီရင်ခအနေဖြင့် ဖယောင်းတိုင်တစ်တိုင်လျှင် သိဒ္ဓိတင်ခ အဖြစ် ငွေကျပ်၅၀၀၀ စီ ပူဇော်ရသည်ဟူ သတတ်။ ဖယောင်းတိုင်များကို ရွှေစက္ကူ ဖြင့်ပတ်ထားပေသေးသည်။ အလုံးစုံ ထွန်းညှိပြီးလတ်သော် ဒေါ်မြေရှင့်ကိစ္စ ပြီးလေပြီဟု မှတ်ယူပါက မှားအံ့။ ဒေါ်မြေရှင့် မဟာစီမံကိန်းကား ဤတွင် အဆုံးမသတ်သေး။ ညောင်ပင်ရင်းတွင် ဒေါ်မြေရှင်မိန်းမထိုင် ကျူံ့ကျူံ့ထိုင်၏။ လည်ပင်းတွင်ပတ်ထားသည့် လည်စည်း ပုဝါကို ဖြုတ်ယူကာ ဖယောင်းတိုင်များ၏ရှေ့ ညောင်မြစ်ဆုံရှိ မြေပြင်တွင် ပြန့်ပြန့် ခင်းလေသည်။ ပြီးလတ်သော် လက်အုပ် ကို ဟန်ပါပါချီ၏။ ထို့နောက် မျက်စိကို စုံမှိတ်ကာ ဒေါ်မြေရှင့်ပါးစပ်မှစတင် ရွတ်ဖတ်သရာယ်ဇယ်လေတော့သည်။

“……ဘုန်းတော်ကြီး မြတ်တော် မူပါသော ……..ဝိဇ္ဇာရှစ်သောင်းဆရာအပေါင်းနှင့် ညောင်ပင်စောင့် နတ်မင်း ကြီးရှင့် ………. နတ်မင်းကြီးများကို ပူဇော်ပသရသော အကျိုးအားကြောင့် …………. တပည့်တော်မ၏သား ၁၀ တန်းစာမေးပွဲကြီး အောင်မြင်အောင် စောင်မတော်မူပါ၊ စောင့်ရှောက်တော်မူပါ၊ ………… တနင်္လာသားလေးပေါ်ကျ ရောက်မည့် ဘေးအန္တရာယ် အသွယ်သွယ် မှဝေးရာရှားပြီး ဂုဏ်ထူးများလဲပါအောင် ကြည့်ရှုတော်မူပါနတ်မင်းကြီးရှင့်။
ထည်ဝါကြီးမားလှသော ဒေါ်မြေရှင့် ဆုတောင်းသံကြောင့် လမ်းသွားလမ်း လာတို့ ပြုံးစိစိဖြင့်သူမကိုကြည့်၏။ ညောင်ပင်ရင်းရှိ အခြားဆုတောင်းသူတို့ အထိတ်တလန့်ဖြစ်သွား၏။ သို့သော်သူမ မမှု။ သူမ၏ အန္တိမရည်မှန်းချက်ကား သူမ၏သား ၁၀ တန်းအောင်ဖို့အရေး နတ်မင်းများထံ အပ်နှံဆုတောင်းရန် တည်း။ အခြားဆုတောင်းသူများကဲ့သို့ ဖယောင်းတိုင်မီးထွန်းညှိရုံမျှဖြင့် သူမ၏ဆုတောင်းခန်းကို ဒေါ်မြေရှင်အဆုံး မသတ်။ ဘုရားစာရွတ်၏။ မေတ္တာပို့၏။ သားစာမေးပွဲဖြေချိန်ပြီးသည့် မွန်းတည့် ၁၂ နာရီအချိန်အထိ ဒေါ်မြေရှင် ဆုတောင်းမပျက်။

ဤဓလေ့တို့သည် မတ်လ၏ ရိုးရာ တစ်ခု ကဲ့သို့ပင်ဖြစ်နေခဲ့ပြီ။ နတ်စင် နှင့်ညောင်ပင်တို့သည် ကလိန်အောင် စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားများ၏ “အောင်မြေ ” ။ ၂၀၀၈ ခုနှစ်တွင် ကံပေါက်အထက်တန်း ကျောင်း ကို စာစစ်ဌာနအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး သည့် ယနေ့တိုင် ကလိန်အောင်မြို့အဝင်ရှိ နတ်စင်နှင့်ညောင်ပင်တို့သည် ၁၀ တန်း ကျောင်းသားမိဘများ၏ တောင်းဆုပြုရာ နေရာတစ်ခု ဖြစ်နေဆဲ။
၁၀ တန်းသည် နတ်ကြီးသည်ဟု ပြောစမှတ်ရှိကြသည်။ စာမေးပွဲနီးလျှင် ၁၀ တန်းကျောင်းသူကျောင်းသားရှိသည့် မိဘအများစုသည် မိမိတို့၏ သားသမီး များကို ဖူးဖူးမှုတ်ထားတော့သည်။ အစားအသောက် အနေအထိုင်အစစ ဂရုစိုက်၏။ အချို့ဆိုလျှင် မုန့်ဖိုးများ အလျှံပယ်ပေးကာ ပျော်အောင် ထားတတ် လေသည်။ ဆိုရသော် မိဘအများစုသည် မိမိတို့၏ ၁၀ တန်းဖြေမည့် သားသမီး များကို လိုတာထက်ပိုဂရုစိုက်တတ်ကြ လေသည်။
ပို၍ထူးခြားသည်ကား စာမွေးပွဲဖြေ ကာနီးတွင် မိဘအများစုမှာ မိမိတို့ သား သမီးများ အောင်မအောင် ဗေဒင်မေးကြ ခြင်း တည်း။ ယတြာပြု ကြခြင်းတည်း။ အဆောင်ပြုလုပ်ကြခြင်းတည်း။

မြင်ကွင်း (၃) အသိကျောင်းဆရာ တစ်ယောက်သည် စာမေးပွဲရက်ကြီးတွင် ပုံမှန်ဝတ်နေကျကျောင်းစိမ်း ယူနီဖောင်း မဝတ်။ တာဝန်ချိန် မဟုတ်သဖြင့် ကျောင်းစိမ်းမဝတ်သည်မှာ ဘာမျှမထူး ခြား။ သို့ပေသိ ပြောင်ပြောင်ပြက်ပြက် အင်္ကျီနှင့် ပုဆိုး၊ အရောင်ပါသည့် ကတ္တီပါ ဖိနပ်တို့ကြောင့် ထူးခြားနေပေ၏။ စေ့ငုကြည့်သော် ၎င်းတာဝန်ယူ သင်ကြား သည့်အတန်းမှကလေးများ ၁၀ တန်း စာမေးပွဲ ဖြေဆိုမည့်ရမည့်ရက်တွင် နေ့နံ အလိုက်အရောင်များ ပြောင်းလဲ ဝတ်ဆင် ရမည်ဟု ဗေဒင်ဆရာမှ ယတြာပေးသော ကြောင့်ဟူလို။


မြင်ကွင်း(၄)

မနက်ဖြန် မတ်လ ၁၀ရက်။ အင်္ဂလိပ် စာ ဖြေရပေတော့မည်။ ကျောင်းသားများ မိဘများနှင့် ဆရာဆရာမများပါ လန့် သော ဘာသာရပ်။ ၁၀ တန်းမကျလိုက်နှင့်၊ ကျလိုက်လျှင် အများစုက အင်္ဂလိပ်စာ တွင်ကျသည်။ အခြားဘာသာရပ် ၂ ခု ၃ ခု တွင် ဂုဏ်ထူးပါပြီး အင်္ဂလိပ်စာတွင် ၃၇ မှတ် ၃၈ မှတ်ဖြင့် ကျရှုံးသည့် ကျောင်းသားများ များစွာတွေ့ဖူးခဲ့ပြီ။
မြန်မာစာ ကောင်းကောင်းဖြေနိုင် သည်ဆိုသည့် ၁၀ တန်းကျောင်းသား မောင်တိုးအောင်သည် ၎င်းနေအိမ်အနီး သီဟိုဠ်ပင်ပေါ် တက်ကာ တက်သစ်စ သီဟိုဠ်ညွန့်များကို ချိုးနေ၏။ စုစုပေါင်း သီဟိုဠ်ညွန့် ၉ ညွန့်။ စေ့ငုလတ်သော် ဆရာမမှ မနက်ဖြန် ၎င်း၏ကျောင်းသား များ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ဘုရား လှူပြီးယတြာချေရန်ဟူသတတ်။

မြင်ကွင်း (၅)
၁၀ တန်းကျောင်းသူ မဖြူစင်သည် စာမေးပွဲမဖြေမီညအထိ မနက်ဖြန် မြန်မာစာဖြေဆိုရန်အတွက် ဘောပင်(န်) မရသေးဟုဆိုသည်။ အမေးရှိလေသော် သူမ၏အဖြေကားဤသို့တည်း။ ” စာမေး ပွဲဖြေမယ့်ဘောပင်(န်)က နတ်တင်ထား တယ်၊ မနက်ဖြန်မနက်စောစော သမီး မေမေလာမှ ယူခဲ့ပေးမယ်တဲ့၊ လောလော ဆယ်တော့ နတ်တင်ထားပါတယ်ရှင်” တဲ့။

ထိုမြင်ကွင်းများက ဆုတောင်းခြင်း နှင့် လူသားတို့၏ ဆက်စပ်မှုကို တွေးမိ စေသည်။
လူသားတို့သည် ဆုတောင်းခြင်း၌ မွေ့လျှော်ကြလေသည်။ ကမ္ဘာဦးအစတွင် လူသားသည် နေမင်းကို ပူဇော်၏။ လမင်း ကိုပသ၏။ မြေကြီးနှင့်ပင်လယ်တို့ကို ကိုးကွယ်ရာအဖြစ်မှတ်ယူ၏။ ခေတ် အဆက်ဆက်ကျော်လွန်ပြီး ဘာသာကြီးလေးရပ် ပေါ်ပေါက်လာ ခဲ့ပြီးသည့် ယဉ်ကျေးပါသည်ဆိုသော ယနေ့ခေတ်တိုင်အောင် လူသား တို့သည် ဆုတောင်းခြင်း၌ မွေ့လျှော်နေဆဲဖြစ်သည်။
ဆုတောင်းခြင်းသည် လူသားတို့ စိတ်သဏ္ဍာန်၌ ဘိန်းကဲ့သို့ စွဲနေ၏။ မြောက်မြားလှစွာသော လူတို့သည် မိမိတို့ လုပ်ငန်းဆောင် တာများ၊ လူမှုစီးပွားကိစ္စများ အောင်မြင်ရန်အလို့ငှာ ဆုတောင်းခြင်း အမှုကို ပြု၏။

မြန်မာပြည် တနံတလျားရှိ မြို့ ကြီးမြို့ငယ်အသွယ်သွယ်မှသည် ကျေးရွာ ဇနပုဒ်များအထိ ဆုတောင်းပြည့်ဘုရား မရှိသည့်ဌာန အလွန် ပင် ရှားပေလိမ့်မည်။ မြတ်စွာဘုရားသည် အလုပ်မပါ ဆုတောင်းခြင်း သက်သက်ဖြင့် ဘာမျှ မရနိုင်ကြောင်း၊ အလုပ်လုပ်ခြင်းဖြင့်သာ အောင်မြင်နိုင်ကြောင်း ကံကံ၏အကျိုးကို ဟောဖော်ညွှန်ပြခြင်းဖြင့် လူသားကို ဆုံးမသွင်သင်ခဲ့ပြီး လေပြီ။
သို့သော် ….. လူဟူသည့်အမျိုးကား ဆန်းပြားပေစွ။ ကမ္ဘာ ဦးမှသည် ယနေ့ ထက်တိုင်ဆုတောင်းမြဲ၊ ဆုတောင်းဆဲ သာတည်း။

ဝန်ခံချက် ။ ။ ဤဆောင်းပါး သည် ဖြစ်ရပ်မှန် များကိုအခြေခံကာ အမည်နာမများ ပြောင်းလဲရေးသား ထားခြင်းဖြစ်ပါ သည်။ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလို ခြင်းမပါ။ လောက၏အဖြစ်အပျက်များကို စာပေရှုထောင့်မှချပြလိုရင်းသာ ဖြစ်ပါ သည်။