မြန်မာကို အာရှ ဗဟိုချက်ဖြစ်လာစေမည့် လမ်းကြောင်းများ

0
437

တစ်ခါက အာရှ၏ လမ်းပြတ်များ ရှိရာနိုင်ငံတစ်ခု ဖြစ်သည့် မြန်မာတွင် နယ်စပ်ဖြတ်ကျော် လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ စတင်လာပြီဖြစ်သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကြောင့် သာမက တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အပစ်ရပ်နိုင်မှုကြောင့် စီးပွားရေးဖွံဖြိုး ရေးဆိုသည့် အမြင်ဖြင့် လမ်းတွေကို ခပ် မြန်မြန်ပဲ ဖောက်နေသည်။

အလောသုံးဆယ် ဖောက်နေသော လမ်းများသည် ထိုင်းနှင့်မြန်မာကို အဓိက ချိတ်ဆက်ပေးမည်ဖြစ်ပြီး ကုန်စည်များ ကူးသန်းရောင်းဝယ်ရေးသာမက တိုင်း ပြည်အတွင်း ပူးပေါင်းဆောင်ရွက်ရေး ကိုပါ မြှင့်တင်ပေးမည်ဖြစ်သည်။
ပထဝီအနေအထားအရ အရေးပါလှ သော နေရာတွင်တည်ရှိသည့် မြန်မာမှာ လမ်းများ တိုးဖောက် ချိတ်ဆက် ဆက် သွယ်ခြင်းမှ တဆင့် ပိုမို လမ်းပွင့်လာတော့ မည်ဖြစ်သည်။

လမ်းကြောင်းသစ် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် အတွင်းရှိ နှစ်လမ်းသွား လမ်းကြောင်း တစ်လျှောက် မတ်စောက်သော လမ်းများ တည်ရှိပြီး ကုန်တင်ကားကြီးများ နှေး ကွေးစွာ ဘရိတ်အုပ်သွားရန်လိုသည်။ ယင်းလမ်းသည် ဗီယက်နမ်နိုင်ငံ ဒါနန်း ဆိပ်ကမ်းမှ လာအို၊ ထိုင်း တို့ကို ဖြတ် ကျော်ကာမြန်မာသို့ချိတ်ဆက်မည့် အရှေ့ အနောက် စီးပွားရေးစင်္ကြန် တစ်ကြောတွင် အပြီးမသတ်နိုင်သေးသော လက်ကျန် လမ်းပိုင်းတစ်ခုလည်း ဖြစ်သည်။

ယင်းလမ်းပိုင်းမှာ အတော့ကို ဆိုး ဝါးသော အနေအထားရှိခဲ့ပြီး မြ၀တီနှင့် ကော့ကရိတ်မြို့အကြား ကီလိုမီတာ ၅၀ ရှိသည်။ ယင်းကိုစင်္ကြန်လမ်းပိုင်း၏ အ ဆိုးဝါးဆုံး တစ်ဆို့နေသော နေရာဟု ခေါ်ဆိုလေ့ရှိသည်။ ယင်းလမ်းကို ၂၀၁၂ တွင် ထိုင်းနိုင်ငံ၏ အကူအညီဖြင့် အသစ် ဖောက်လုပ်ခဲ့ပြီး ယမန်နှစ်နွေရာသီတွင် အပြီးသတ်ခဲ့သည်။ လမ်းပြီးမြောက်ပြီး တစ်နှစ်မပြည့်မီတွင်ပင် ထိုလမ်းသစ်ကြီး မှာ စီးပွားရေးလမ်းပိုင်းတစ်ရပ် အဖြစ် အသုံးတော်ခံနေပြီဖြစ်သည်။

ယင်းမတိုင်မီ တောင်ပေါ်လမ်း ဟောင်းကို စစ်အစိုးရခေတ်ကဖောက် လုပ်ခဲ့ပြီး အတော့ကို ကျဉ်းမြောင်း ပါသည်။ တစ်လမ်းမောင်းသာ သွားနိုင်ပြီး အဆင်းတစ်ရက် အတက်တစ်ရက် သတ် မှတ်ထားသည်။ ယာဉ်များကို တစ်နာရီ ကီလိုမီတာ ၃၀ ထက် ပိုမမောင်းနိုင်ပါ။
ယခုလမ်းသစ်ကြောင့် တစ်နာရီ ၈၀ ကီလိုမီတာ ကျော် မောင်းနှင်နိုင်ပြီး ယခင်ထက် အချိန် ငါးဆ ပိုမိုသက်သာ သွားပြီဖြစ်သည်။
“လမ်းသစ်က ကြမ်းပေမဲ့ သက် တောင့်သက်သာနဲ့ မောင်းနိုင်တယ်။ ကျွန် တော်စီးပွားပိုဖြစ်လာစေတယ်။ ဘာလို့လဲ ဆိုတာ့ မြ၀တီကို နေ့ချင်းပြန်သွား နိုင်ပြီကိုး” ဟု သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များ သယ်ယူရောင်းချနေသော ကုန်သည်တစ်ဦးက ဆိုသည်။
လမ်းပိုင်းက အမှန်တကယ်ပင် စီးပွားရေး အကျိုးဖြစ်ထွန်းမှုကို ဖြစ်စေ သည်။ လမ်းဖောက်လုပ်ပြီးနောက် ချက် ချင်းပင် ကုန်သွယ်မှုတိုးလာခဲ့ပြီး မြန်မာ ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက် (ဧပြီ-စက်တင်ဘာ) အတွင်း ထိုင်းမှ မြန်မာသို့ ကုန်ပစ္စည်းတင်ပို့မှု ၄၀ ရာခိုင်နှုန်း တက် လာခဲ့သည်။
မြ၀တီနယ်စပ်ကုန်သွယ်ရေးသည် ထိုင်းနှင့်မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ ၃၀ ရာခိုင်နှုန်းရှိရာ ၂၀၁၅-၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်ကုန်တွင် အကျိုးအမြတ် ကြီးမားစွာ ရလာဖွယ်ရှိနေသည်။

အဦးအစ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအတွင်း အခြားအဓိကကျသော လမ်းပိုင်းများစွာ ဖောက်လုပ်ရန် ကျန်ရှိပါသေးသည်။ မြ၀တီနှင့် မဲဆောက်ကို နယ်ခြားထား သည့် သောင်ရင်းမြစ်ကို ဖြတ်ကာ ဒုတိယမြောက် ချစ်ကြည်ရေး တံတား တစ်စင်း ထပ်ဖောက်ရန် ယမန်နှစ်က လုပ် ငန်းစတင်လျက်ရှိသည်။ ယခုအချိန်တွင် တံတားတစ်စင်းသာရှိရာ ကုန်သွယ်ရေး တွင် အချိန်ကြန့်ကြာမှုများ ရှိလာသဖြင့် ယင်းတံတားကို ကုန်ချိန်ပိုမို တင်ဆောင် သွားလာနိုင်ရန် ဒီဇိုင်းချထားသည်။
မြန်မာ့ အကြီးဆုံးမြို့တော် ရန်ကုန် နှင့် မြ၀တီမြို့သို့ ဆက်သွယ်ထားသော လမ်းပိုင်းရှိ မော်လမြိုင်မြို့နယ်အတွင်း တံတားသုံးစင်းပြင်ဆင်ရန် ချေးငွေပေးရန် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ငွေချေးမည်ဖြစ် ကြောင်း ယမန်နှစ်က ဆုံးဖြတ်ချက်ချ ခဲ့သည်။
ထားဝယ်ဒေသတွင်လည်း ကန်ချ နဘူရီမြို့နှင့် ထားဝယ်မြို့တို့ကို ဆက် သွယ်မည့် ကီလိုမီတာ ၁၅၀ အရှည်ရှိ လမ်းတစ်ခုကို ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီအီတာလျံ-ထိုင်းက ဖောက်လုပ် လျက်ရှိသည်။ ယင်းလမ်းသည် အရှေ့ တောင်အာရှ ကုန်းမကြီးကို ချိတ်ဆက် ဆက်သွယ်လျက် တောင်ပိုင်းစီးပွားရေး စင်္ကြန်နိုင်ငံတကာ ကုန်သွယ်ရေးလမ်း ကြောင်းကို ချိတ်ဆက်ပေးနိုင်မည် ဖြစ်သည်။ ယင်းလမ်းပြီးစီးပါက ကနဦး တွင် ဖော်ပြခဲ့သော ကော့ကရိတ်လမ်းပိုင်း ကဲ့သို့ပင် နယ်စပ်ဖြတ်ကျော် ကုန်သွယ် ရေးအပေါ်များစွာ သက်ရောက်မှု ရှိမည် ဖြစ်သည်။

ယခင်နှစ်ပေါင်းများစွာက ယခုကဲ့ သို့လမ်းဖောက်လုပ်ရန် တွေးပင် မ တွေးရဲစရာပင်။ နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံအတွင်း စစ်အစိုးရ လက်ထက်တွင် အခြေခံ အဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံမှု ရပ်တန့်ခဲ့သည်။ ကရင်တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရတို့ အကြား စစ်ပွဲများကြောင့်လည်း လမ်းများမှာ ပိတ်လိုက်ဖွင့်လိုက်ရှိနေသည်။ ကော့က ရိတ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) တို့၏ လွှမ်းမိုးမှု အောက်တွင်တည်ရှိသည်။

၂၀၁၁ မြန်မာနိုင်ငံတွင် ဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ စတင်ပြီးနောက် အပြောင်းအလဲများ ရောက်ရှိလာသည်။ သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်း သို့ ပြန်ဝင်ဆန့်လာအောင် လုပ်နိုင်ခဲ့ပြီး နောက် နိုင်ငံရပ်ခြားအကူအညီများ ပြန် ပေးလာသည်။ ကမ္ဘာ့ဘဏ်၊ အာရှ ဖွံဖြိုး ရေးဘဏ် စသည့် နိုင်ငံတကာ ချေးငွေ အဖွဲ့များ၏ ချေးငွေများဖြင့် အခြေခံ အဆောက်အဦ လုပ်ငန်းများ တိုးတက် လာသည်။
ယခုအခါ အပြီးသတ်ခဲ့သောလမ်း များတွင် သစ်သီးဝလံများ၊ ဟင်းသီး ဟင်းရွက်များ၊ စားသုံးကုန်များ၊ စီးပွား ရေး တက်လာသည်နှင့် အညီလိုအပ်လာ သော ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း များ တင်ဆောင်ထားသော ကုန်တင်ကား များ ဥဒဟိုသွားလာနေကြီ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားလိုအပ် ချက်များပြီး လုပ်ခလစာလည်း မြန်မာ ထက်များစွာ ပိုပေးရသည်။ မြန်မာတွင် ကား အလုပ်သမားများ ပိုနေ (အလုပ် လက်မဲ့ဖြစ်နေ) ပြီး လုပ်ခလည်း ဈေး သက်သာသည်။ ခရီးလမ်းပန်းပိုကောင်း လာသည်နှင့်အမျှ ထိုင်းရှိ စက်မှုဇုန်များကို မြန်မာနယ်စပ်သို့ ရွေ့လာဖွယ်ရှိနေသည်။ မြ၀တီတွင် စက်မှုဇုန်ထောင်ကာ လုပ်ငန်း လည်ပတ်ရန်ပင် စတင်ပြင်နေပြီ ဖြစ်သည်။ အချို့စက်ရုံများမှာ အထည်ချုပ်နှင့် ရော် ဘာလုပ်ငန်းများ လည်ပတ်ရန် စက်ရုံများ ပင် စဆောက်နေပြီဖြစ်သည်။ ထိုင်းနှင့် ဗီယက်နမ်တို့နှင့် မတူခြား နားစွာ မြန်မာနိုင်ငံတွင် မော်တော်ကား စက်ရုံနှင့် လျှပ်စစ်ပစ္စည်းစက်ရုံများ မရှိ ပါ။ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများမှာ အစားအစာ၊ စားသုံးကုန် စသည်တို့ ဖြစ်ပြီး ပြည်တွင်း စားသုံးမှု အတွက် အဓိကထုတ်လုပ်သည်။

လမ်းပန်း ခရီးကောင်းလာသည်နှင့် အမျှ ထိုင်းအခြေစိုက် လုပ်ငန်းများ မြန်မာသို့ တိုးချဲ့လာမည့် အလားအလာ များစွာရှိနေသည်။
ဂျပန် Nippon Express ကုမ္ပဏီ သည် အရှေ့-အနောက် စီးပွားရေး စင်္ကြန်ကိုအသုံးပြုလျက် ထိုင်းနှင့် မြန်မာ အကြား သယ်ယူပို့ဆောင်ရေး ဝန်ဆောင် မှုလုပ်ငန်းကို စတင်နေပြီဖြစ်သည်။ ယင်း လမ်းကြောင်းမှ ပို့ဆောင်ပါက ရန်ကုန် နှင့် ဘန်ကောက်အကြား သုံးရက်သာ ကြာမြင့်ပြီး စင်ကာပူအနီး မလက္ကာ ရေလက်ကြား မှ တဆင့် ကုန်စည်ပို့ ဆောင်ပါက ကြာမြင့်သည့် နှစ်ပတ် သုံး ပတ်ထက် များစွာ သက်သာလာ ပြီဖြစ်သည်။
ယင်း လုပ်ငန်းအကြောင်း များစွာ လူသိမများလှသေးသဖြင့် တစ်ရက် ကုန် တင်ကား တစ်စီးမှနှစ်စီးသာ ပြေး ဆွဲနိုင် သေးသည်။ သို့သော် နောင်တွင် နယ်စပ် ဖြတ်ကျော်ပို့ဆောင်ရေး လုပ်ငန်းအသားကျအသုံးများလာပါက ပိုမိုကျယ်ပြန့်လာမည်ဟု မှန်း ထားသည်။

ထိုင်းနယ်စပ်သာမက မန္တလေး၊ တရုတ်နယ်စပ်တို့နှင့်လည်း လမ်းခရီး ချိတ်ဆက် အသုံးများလာစေရန် တရုတ် အထောက်အပံ့ဖြင့် လုပ်ဆောင်နေသည်။ ယင်းအပြင် စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသော အိန္ဒိယနိုင်ငံ နယ်စပ်တွင်လည်း အိန္ဒိယ အစိုးရ၏ အကူအညီဖြင့် လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိ သည်။ နိုင်ငံတကာ စီးပွားရေးဈေးကွက်ကြီးနှင့် အချိတ်အဆက်မရှိဘဲ နှစ်ပေါင်းများစွာ အမှောင်ခေတ်အတွင်း နေခဲ့ရသော မြန်မာနိုင်ငံကို အာရှတိုက်၏ လမ်းပြတ်ကြီးအဖြစ် ခေါ်ဝေါ်ခဲ့သည်။ ယခု အခုအခါ အိမ်နီးချင်းနိုင်ငံများ၏ အကူအညီဖြင့် အာရှတိုက်သို့ပြန်လည် ချိတ်ဆက် ရန် လုပ်ဆောင်နေပြီဖြစ်သည်။

တရုတ်၊ အိန္ဒိယ နှင့် အာဆီယံ သည်ကမ္ဘာ့လူဦးရေ၏ ထက်ဝက် မျှရှိပြီး ယင်းတို့၏ ဝင်ထွက်ပေါက်ဖြစ်လာရန် မြန်မာ့ပထဝီအနေ အထားက အထာကျနေသည်။ ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီး သုံးခုကြားရှိ မြန်မာနိုင်ငံမှာ နိုင်ငံတကာလမ်းကြောင်းများ ချိတ်ဆက် တည် ဆောက်လာမှုနှင့်အတူ အာရှ၏ဗဟိုချက် ဖြစ်လာရန် အလား အလာများစွာ ရှိလာပြီ ဖြစ်သည်။

(မတ်လ ၃ ရက်နေ့တွင် ဂျပန်အခြေစိုက် Nikkei Asian Review သတင်းစာ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သော Roads can convert Myanmar from economic void to hub ဆောင်းပါးကို ဖစု မြန်မာဘာသာဖြင့် အကျဉ်းချုပ်ပြန်လည် ရေးသားထားသည်)