လေထန်ကုန်းမှာ ဆုံချင်တယ်

0
769

ထားဝယ်အမှတ်(၃)ကျောင်းရှေ့ လက်ဖက်ရည်ဆိုင်လေးမှာ ကဗျာဆရာ ]ထွန်းပ}နဲ့ ဆုံတော့ ညက အမှောင်တွေ စပွင့်နေပါပြီ..။
ကဗျာနဲ့စာပေအပေါ် ရူးသွပ်ကြ သူချင်းမို့ထင်ပါတယ်။ သူနဲ့ကျွန်တော် အပြင်မှာ တစ်ခါမှ မဆုံဖူးပေမယ့် စက္ကန့် အနည်းငယ် လောက် ထိုင်စကားပြော လိုက်တာနဲ့ ရင်ဘတ်ချင်း ချိတ်မိသွား တယ်ဆိုပါတော့..။ (စကားကြီး စကား ကျယ် ပြောရရင်) နောက် မိနစ်တွေ မှာတော့ ကျွန်တော်တို့ စားပွဲဝိုင်းလေးဟာ စာပေရနံ့တွေနဲ့ လှိုင်သင်းနေပါတော့ တယ်။

ပြည်တွင်းပြည်ပ ရှေးခေတ် ကဗျာ၊ စာပေအရေးအသားကနေ ပို့စ်မော်ဒန်ခေါ် ခေတ်ပေါ်အရေးအသားတွေအကြောင်းထိ လက်လှမ်းမီသမျှကူးလူးကြရင်း ဘေး ဝိုင်းတွေကိုတောင် သတိမထား မိတော့ ပါဘူး။ထားဝယ်နဲ့ ရန်ကုန် စာပေလောက ချိတ်ဆက်မှုအကြောင်း ပြောရင်းနဲ့ ထား ဝယ်က လက်ဦး စာရေးဆရာကြီး တွေ အကြောင်း..၊ လက်ရှိ ထားဝယ်စာပေအဝန်းအဝိုင်းအကြောင်းပါ မပြောမဖြစ် ပြောဖြစ်ကြပါတယ်။ နောက်လာမယ့် စာပေမျိုးဆက်အရေးအထိ ဆင့်ကဲ ဆဝါး ကြရင်း ဆွေးနွေးဝိုင်းလေးရဲ့အသက် ဆုံချက်တစ်ခုကို တန်းရောက်သွားပါ တယ်။

“ထားဝယ် စာပေလောကလေး ပိုမို နွေးထွေးဖွံ့ဖြိုးလာစေရေး..”
” ကြီးကျယ်လိုက်တာ..၊ အရင်က မနွေးထွေး မဖွံ့ဖြိုးဘူးလား” လို့ ဆိုရင် လည်း မတတ်နိုင်ပါ။ လေးတန်းကျောင်း သား အရွယ်ကတည်းက ကဗျာပိုး စာပိုး ဝင်ခဲ့တဲ့ ကျွန်တော့်လို လူငယ်တစ်ယောက် အတွက် အာသာပြေသင်ယူ ဆွေးနွေးရာ စာပေစားကျက် ထားဝယ်မှာ ရှာမတွေ့ ခဲ့ရိုး အမှန်ပါ..။
စာပေအရေး မပြတ်တမ်း ဆွေးနွေး တတ်ကြတယ်ဆိုတဲ့ ရန်ကုန်လေထန် ကုန်း လက်ဖက်ရည်ဆိုင်တွေ အကြောင်း မဂ္ဂဇင်းတွေမှာပါလာရင်သွားရည် တမြား မြားကျရတဲ့အထိ..။ စာပေအသိုင်း အဝိုင်း မှာကြီးပြင်းရှင်သန်ချင်ရင် ရန်ကုန် သွား နေမှ ရမယ်ဆိုတဲ့ အသိတောင် ကြီးစိုး ခဲ့ရတဲ့အဖြစ်..။ စာတွေ ကဗျာတွေ ရေး ရေးပြီး ရန်ကုန်စာပေတိုက်တွေဆီ လှမ်း လှမ်း ပို့ပေမယ့် အကြောင်းပြန်ချက်မရဘဲ အကြိမ်ကြိမ် အပယ်ခံရတဲ့ ထားဝယ် သားစာရူးပေရူးက ကျွန်တော်တို့ နှစ် ယောက်တည်း မဟုတ်နိုင်ဘူးလေ..။

ထားဝယ်မှာကလည်း လက်သွေး ဖို့အသာထား..၊ လက်စမ်းခွင့်ရမဲ့ မီဒီယာ ကလည်း မရှိလုလု ရှားခဲ့လှသကိုး..။ မှတ်မိသလောက် ၁၉၈၂ ခုနှစ်က နောက် ဆုံးထုတ်ခဲ့တဲ့ ထားဝယ်မဂ္ဂဇင်းကိုတောင် နှစ်ပေါင်း ၂၀ ကျော်ကြာပြီး ၂၀၁၃ ခုနှစ်မှ ပြန်ထုတ်နိုင်ခဲ့တဲ့ အဖြစ်..။ ဒါပေ မယ့် အဲဒီမဂ္ဂဇင်းမှာပါတဲ့ ထားဝယ်မြို့ စာရေး ဆရာအသင်း ဓာတ်ပုံကိုကြည့်ပြီး ” ဪ.. သူတို့က ထားဝယ်မြို့ကြီးရဲ့ စာပေသမားကြီးတွေပဲ” လို့ တစ်ယောက် ချင်း စေ့စေ့ငုငု မှတ်သား..၊ ဘယ်နေရာ တွေ့တွေ့ ဇွတ်ကို မိတ်ဆက်ပစ်လိုက် မယ်လို့ အားခဲထားခဲ့ဖူးလေရဲ့..။
ဒါပေမဲ့ ထားဝယ်မြို့လေးရဲ့ စာပေ အသိုင်းအဝိုင်းက ဆုံမှတ် ပျောက်နေဆဲ ပါပဲ..။

ရန်ကုန် မန္တလေးအပါအဝင် အခြား မြို့ကြီးတွေမှာ စာပေစင်တာတွေ မှိုလို ပေါက်နေချိန်ထားဝယ်အပါအဝင် တနင်္သာရီတိုင်း အတွင်းမှာတော့ စာပေ သမားတို့ရဲ့စုရပ်ဆိုကာ စာကြည့်တိုက် တစ်ခု၊ လက်ဖက်ရည်ဆိုင် တစ်ဆိုင် တောင်မှ မသတ်မှတ်နိုင်ကြသေးတာ ဘာ ကြောင့်လဲ..။
တစ်ခါတစ်လေ ကိုယ်လေးစား အားကျတဲ့ စာပေသမားတွေနဲ့ လက်ဖက် ရည်ဆိုင်မှာ ဆုံမိပြန်ရင်လည်း သူ့ အပေါင်းအသင်းနဲ့ သူ့အကြောင်းအရာ နဲ့သူ..၊ အိမ်မှာရုံးမှာ သွားချောင်းပြန် ရင်လည်း သူ့အလုပ်သူ့အားလပ်ချိန်နဲ့ သူ..။

လက်ဟောင်းတန်းနဲ့ လက်သစ် တန်း မဆုံဖူးကြသလို လက်သစ်တန်းနဲ့ လက်သွေးတန်းလည်း အလားတူ..။ ဒီတော့ လက်စမ်းချင်တဲ့ စာပေမျိုးဆက် တို့အတွက် ယောင်ချာချာ ဖြစ်နေကြ ရတာ မဆန်း..။
ဘာကြောင့် ဆုံ(စေ)ချင်တာလဲ..။
နွေးထွေးချင်လို့ပါ..။ ခိုလှုံချင်လို့ ပါ..။ ဖေးမခံချင်လို့ပါ..။ လက်ဆင့် ကမ်း ပေးကြစေချင်လို့ပါ..။ အားမွေးချင်လို့ပါ..။ အားယူချင်လို့ပါ..။ သင်ယူ ဝေမျှခံချင်လို့ပါ..။

ကိုယ်ဖန်တီးထားတဲ့ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ရဲ့ အားနည်း အားသာချက်တွေကို မထောက်မညှာ ဝေဖန်ပိုင်းခြားခံချင်နေသူ တွေရှိပါတယ်။ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသူချင်း ဆုံမိရင်တောင် ကိုယ့်ရဲ့ရူးသွပ်စွာသော ရှာဖွေတွေ့ရှိမှုကို ဝါသနာတူတွေရှေ့မှာ ဖွင့်ဟ သီကျူးခွင့် ရချင်ကြပါတယ်..။

” ဒီစာကတော့ ဘယ်တိုက်နဲ့ဆို သင့်တော်တယ်” ဆိုပြီး ညွှန်းဆို ချိတ်ဆက် ပေးနိုင်သလို..၊ “ဘယ်နေရာမှာတော့ ဘယ်လိုလေးဆို ပိုကောင်းမယ်”လို့လည်း အကြံပြုနိုင်ပါတယ်..။

နောက်ဆုံး ” ဒီကဗျာ၊စာကတော့ ဘာတွေကြောင့် အပယ်ခံရ နိုင်တယ်..၊ ဘယ်လိုပြင်ရေးရင်တော့ အဆင်ပြေနိုင်တယ်” လို့ အကဲဖြတ် လမ်းပြပေးနိုင်တဲ့အဆင့်အထိ ဆောင်ရွက်ပေးနိုင်ကြမယ် ဆိုရင် ကျွန်တော်တို့ ထားဝယ်စာပေအသိုင်းအဝိုင်းလေး ပိုမိုစိုပြေထွားကြိုင်း လာလိမ့်မယ်လို့ အကြီးကြီး မျှော်လင့်မိပါတယ်..။

အပြန်အလှန်အနေနဲ့ စာပေပွဲတော်တွေ၊ သက်ကြီးစာရေးဆရာများ ရဲ့ အရေးတွေမှာ လူငယ်စာပေဝါသနာရှင်လေးများရဲ့ အားကို သိုက် သိုက်ဝန်းဝန်းရယူနိုင်မှာ သေချာသလို ပျက်ယွင်းနေတဲ့ လူ့အဖွဲ့ အစည်းကိုလည်း စာပေဆေးဝါးနဲ့ တစ်တပ်တစ်အား ကုသနိုင်လိမ့် မယ်လို့ ယုံကြည်မိပါတယ်..။
(ကို)ထွန်းပနဲ့ ကျွန်တော်ကတော့ စာပေလေထန်ကုန်းအတွက် ထားဝယ်မြို့တစ်ဝိုက်က နေရာအတော်များများကို ရှာဖွေပြီး စိတ်ကူး ဖဲရိုက်ကြပါတယ်..။
လွတ်လပ်တဲ့ ထားဝယ်စာနယ်ဇင်း အသင်းကို မျှော်လင့်ကြမယ်..။ အဲဒီ အသင်းက လေထန်ကုန်းနေရာတစ်ခု သတ်သတ်မှတ်မှတ် ဖန်တီးနိုင်အောင် တတ်နိုင်တဲ့ဘက်က ဝိုင်းကူကြမယ်..။ အဲဒီလေထန် ကုန်းမှာ စကားဝိုင်းတွေ ဖွဲ့ကြမယ်..။ စာပေဝတ်မှုံတွေ ထုံကူးကြ မယ်..။ အယူအဆတွေအကြောင်း လက်သီးလက်မောင်းတန်းကြမယ်..။ စာအုပ်တွေ အပြန်အလှန် ငှားဖတ် ကြမယ်..။ စာအုပ်တွေ၊ စာစောင်တွေ မဂ္ဂဇင်းတွေ အဆက်မပြတ်ထုတ်ပြီး စာပေမျိုးဆက်ပန်းခင်း ပျိုးကြ မယ်..။ စသဖြင့် .. စသဖြင့် ..။ နောက်ဆုံးတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ စိတ်ကူးထဲက လေထန်ကုန်းအိပ်မက်ကို (ခေတ်ပေါ် အဆုံးသတ်နည်း တစ်ခုအတိုင်း) နောင်တက်လာမယ့်အစိုးရသစ်ဆီမှာ ဂိတ်ဆုံးလိုက် ပါတယ်..။

” ထားဝယ်စာပေရှေ့ရေး.. သူတို့ ထည့်တွေးကြပါစေ” လို့ ဆုတောင်းမိချိန်မှာ ညကအတော်ခရီးပေါက်နေပါပြီ..။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ..။ ထားဝယ်နွေညကောင်းကင်ကို မော့ကြည့်မိတော့ တိမ်ထူနေလို့ထင်ရဲ့..၊ အရောင် တောက်လွန်းတဲ့ ကြယ်အနည်းငယ်ပဲ တွေ့တယ်..။

တိမ်တွေ ထားဝယ်ကောင်းကင်မှာ အမြဲမနေနိုင်တာ သေချာပါ တယ်..။ စာပေကြယ်ညီလာခံကြီးကို မှန်းဆရင်း ပင့်သက်မောတွေနဲ့ အိမ်ပြန်ခဲ့ပါတော့တယ်..။