ပင်လယ်ပျော် တိုင်းရင်းသား

0
553

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား ၁၃၅ မျိုးလို့ ဖော်ပြကြတယ်။ ဒီတိုင်းရင်း သားတွေထဲက ကျွန်တော်တို့ မျက်စိ အောက်မှာပဲ ပျောက်ကွယ်သွားတော့မယ့် တိုင်းရင်းသားတွေရှိနေတယ်။ ဒီ ၁၃၅ မျိုးမှာ ဗမာ ၉ မျိုးရှိ တယ်။
၁။ ဗမာ၊ ၂။ ထားဝယ်၊ ၃။ မြိတ်၊ ၄။ ယော၊ ၅။ ရဘိန်၊ ၆။ ကဒူ(ခုံကူး)၊ ၇။ ဂဏန်း၊ ၈။ ဆလုံ၊ ၉။ဖုန်း(ဖွန်)ဆိုပြီး ဆရာချစ်စံဝင်းရဲ့ ပျူစာအုပ်မှာ ဖော်ပြ ထားတယ်။

အထက်ဖော်ပြပါ စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင် တဲ့ ဗမာအစုဝင် ၄ မျိုးတွေ့ရတယ်။ ဗမာ၊ ထားဝယ်၊ မြိတ်နဲ့ ဆလုံတို့ ဖြစ်တယ်။ ဗမာ၊ ထားဝယ်၊ မြိတ်တွေက အင်အား ကောင်းတုန်းဖြစ်သလို မြို့ပြဒေသတွေမှာ အလွယ်တွေ့နိုင်တယ်။ ဆလုံလို့ခေါ်တဲ့ တိုင်းရင်းသားမျိုးနွယ်စုကိုတော့ တွေ့ဖို့ အင်မတန်ခက်ခဲတယ်။
sea_happy_sayazaw
၁၉၉၇ခုနှစ် မနုဿဗေဒဌာန (ရန်ကုန်တက္ကသိုလ်)ရဲ့ လေ့လာချက်အရ ဆလုံတွေကို ဇာဒက်ကြီးကျွန်း၊ ဒုံးကျွန်း၊ လန်ပိကျွန်း၊ လငန်းကျွန်း၊ မကြုံကလက် ကျေးရွာ၊ ညောင်ဝိကျေးရွာတွေမှာ နေ ထိုင်တယ်လို့ ဖော်ပြထားတယ်။ ဒီလေ့ လာချက်အရ လန်ပိကျွန်းရှိ လန်ပိကျေး ရွာမှာ ဆလုံ ၁၁၆ ဦး၊ ညောင်ဝိကျေးရွာမှာ ဆလုံ ၇၀ ဦး၊ မကြုံကလက်ကျေးရွာမှာ ၁၂၅ ဦး၊ ဇာဒက်ကြီးကျွန်းရှိ တလွန်း ကျေးရွာမှာဆလုံ ၅၀၅ ဦး၊ ကောညှာ ကျေးရွာမှာ ဆလုံ ၁၅၃ ဦးရှိကြောင်း၊ အခြားကျွန်းများနဲ့ ပင်လယ်တွင်း လှည့်လည်သွားနေတဲ့ ဆလုံတွေရှိသေး ကြောင်း ဆိုတယ်။
ဆရာကျော်စိုး(စိတ်ပညာ)ရေးသား တဲ့ ဆလုံရိုးရာ ဆလုံစရိုက် စာအုပ် (၁၉၆၈ခုနှစ်)အရ ၁၉၁၁ခုနှစ်မှာ အင်္ဂလိပ် တွေဟာ ဆလုံစာရင်း ကောက်ခဲ့တယ်။ တနင်္သာရီတိုင်းဒေသကြီးကို ၃ ပိုင်း ပိုင်း တယ်။ မြောက်ဘက် အပိုင်းကို ထားဝယ် ကျွန်းများမှ ဒိုမီကျွန်းတောင်ပိုင်း၊ အလယ် ပိုင်းကို ဒိုမီကျွန်းတောင်ပိုင်းမှ ဂရီရိုရီ ကျွန်းထိနဲ့ တောင်ဘက် ပိုင်းကို ဝိတိုရိယ အငူကျွန်းများအဖြစ် ပိုင်းခြား လေ့လာ ခဲ့တယ်။

မြောက်ဘက်အပိုင်းဖြစ်တဲ့ ထား ဝယ်ကျွန်းတွေမှ ဒိုမီကျွန်းတောင်ပိုင်းအထိ နာမည်နဲ့တကွ မှတ်တမ်းတင်ခဲ့တဲ့ ဆလုံ လူမျိုး ၇၇၂ ယောက်ရှိတယ်။ မသွားနိုင်တဲ့ ကျွန်းတွေပေါ်က ဆလုံတွေရယ်၊ အတွေ့ မခံဘဲရှောင်နေတဲ့ ဆလုံတွေရယ် ပေါင်း လိုက်ရင် ထောင်ချီရှိတယ်။ အနည်း ဆုံးဆလုံ ၂၅၀၀ ကျော်ရှိမယ် ခန့်မှန်း ခဲ့တယ်။ အလယ်ပိုင်းစာရင်းအရ ဆလုံ ၃၀၀ ကျော် မှတ်တမ်း တင်နိုင်ခဲ့တယ်။ ဒေသခံဆလုံတွေရဲ့ပြောပြချက်အရ မ လေးဒမြတွေသောင်းကျန်းလို့ ဆလုံ အများစုအနေနဲ့ ပိုချောင်ကျတဲ့ ကျွန်း တွေမှာ ရွေ့ပြောင်းနေတယ်လို့ သိရ တယ်။ ဒီအလယ်ပိုင်းမှာ ဆလုံ ၁၅၀၀ ကျော်နေမယ်လို့ ခန့်မှန်းခဲ့တယ်။
တောင်ဘက်အပိုင်းကြီးမှာ ဆလုံ ၂၁၃ ယောက်ကိုပဲမှတ်တမ်း တင်နိုင် ခဲ့တယ်။ မစ္စတာဝှိုက်က လူဦးရေ စာရင်း ကောက်တုန်းက လုပ်ငန်းမကျွမ်းကျင် ခြင်း၊ အပင်ပန်းခံပြီး ဖိဖိစီးစီးမကောက် ခြင်း၊ အကူအညီမရခြင်း၊ ဆလုံ လူမျိုး များအနေနဲ့ အမြဲလှည့်လည် နေခြင်း၊ အတွေ့မခံခြင်းတို့ကြောင့် မအောင် မြင်ဘူးလို့ ဆိုတယ်။ ချုပ်ပြီးပြောရရင် ၁၉၁၁ခုနှစ်မှာ ဆလုံလူမျိုး ၅၀၀၀ ကျော် တနင်္သာရီတိုင်းအတွင်းရှိတယ်လို့ ခန့် မှန်းတယ်။

ဆလုံလို့ ဗမာလိုခေါ်ဝေါ်နေပေမယ့် သူတို့ကို သူတို့ မော်ကင်းလို့ ဆလုံ စကားနဲ့ ပြောတယ်။ မော်ဆိုတာ နစ်မြှုပ် ခြင်း၊ ကင်းဆိုတာက ဆားငန်ရေ၊ ဒါ ကြောင့် မော်ကင်းဆိုတာ ဆားငန်ရေထဲ နှစ်မြှုပ်နေသူများလို့ဆိုတယ်။ ဆရာ ကျော်စိုး လေ့လာမှုအရ ၁၉၆၈ ခုနှစ် လောက်ကတည်းက ဆလုံတွေဟာ ထိုင်း၊ မလေးကို အစုလိုက်ထွက်ခွာနေပြီ လို့ဆိုတယ်။

မလေးဘက်မှာ ဆလုံတွေကို အိုးရန်ဘက်စင်လို့ ခေါ်တယ်။ ထိုင်းမှာ ချော်နန်းခေါ်တယ်။ ၁၉၆၈ ခုဝန်းကျင်မှာ ဆလုံတွေ ထိုင်းမှာ အတော်များလာတယ်။ ဒါကြောင့် ထိုင်းတွေက ဆလုံကို အရင် လို ချော်နန်းမခေါ်တော့ဘဲ ထိုင်းပိုင်း ခေါ်လာတယ်။ ထိုင်းပိုင်းဆိုတာ ယိုး ဒယားသစ်လို့ အဓိပ္ပာယ်ရှိကြောင်း ဆရာ ကျော်စိုးက ဆိုတယ်။ အနောက်နိုင်ငံ သားတွေက ဆလုံတွေကို ပင်လယ်ပျော် လူသားများ (Sနa Gပဈပ)၊ လှေလူ သားများ (ဩအေ Mညေ )စလို့ မှတ်တမ်း တင် ဖော်ပြကြတယ်။

ဆလုံတွေရဲ့ဘ၀က ပင်လယ်သာ ဖြစ်တယ်။ ငါးဖမ်းခြင်း၊ မျှော့ဖမ်းခြင်း၊ ခရင်းခွာခြင်း၊ ငှက်သိုက်ရှာခြင်း၊ ပုလဲ ငုပ်ခြင်းတွေက ဆလုံတွေရဲ့ အဓိက ဝင်ငွေဖြစ်တယ်။ ပင်လယ်ရှိနေသမျှ ဝမ်းစာမပူရလို့ ယုံကြည်တဲ့အတွက် တစ်နေ့အတွက် စားလောက်ရုံပဲ ရှာတယ်။ အနာဂတ်အတွက် ပူပင်မှု မရှိ သလောက်ပါပဲ။ ရေငုတ်နိုင်ရင် ငွေရ မယ်။ မရှိရင် ထပ်ငုပ်မယ်။ ရေငုပ်နိုင်ဖို့ ပင်လယ် ရေချိုးတယ်။ ထုံးကို ရေဖျော်ပြီး ကျိုသောက်တယ်။
ရှေးဆလုံတွေမှာ တူဒါးလို့ခေါ်တဲ့ ဘုရားရှိတယ်။ အကြီးကျယ်ဆုံးနဲ့ အထွတ်အမြတ်ဆုံးဖြစ်တယ်။ လူရဲ့ မူလအစ ဖြစ်သလို အရာရာ ဖန်ဆင်း ပေးတယ်။ ဒါ့အပြင် အတွိုင်းလို့ခေါ်တဲ့ နတ်နဲ့တကွ သူရဲ၊ တစ္ဆေအပေါင်းကို ကိုး ကွယ် မှုလည်းရှိတယ်။ ထာဝရဘုရား သခင်ကို ယုံကြည်သော်လည်း နတ်ကို အဓိက ကိုးကွယ်ကြသူတွေလို့ ဆရာ ကျော်စိုးက ဆိုတယ်။

မနုဿဗေဒဌာန လေ့လာချက်အရ ဆလုံတွေမှာ လူပုန်းနတ်ကိုးကွယ်မှုနဲ့ ဘိုးဘွားဝိညာဉ်ကိုးကွယ်မှုရှိတယ်လို့ ဆိုတယ်။ လူပုန်းနတ်ကန်တော့တဲ့ ညနေ မှာ သင်္ချိုင်းကို သွားပြီး ကန်တော့တယ်။ လူသေမြှုပ်ရာနေရာမှာ လူပုန်းနတ်စင်လို နတ်တိုင်ရှိတယ်။ ဒီနတ်တိုင်က ရောင်စုံ ခြယ်ထားတယ်။ ကန်တော့တဲ့အခါ ဖယောင်းတိုင်၊ အမွှေးတိုင်၊ မုန့် ၇ မျိုး၊ ရေ၊ အရက်၊ ကွမ်းသီး၊ ကွမ်းရွက်၊ ကြက်ဥ၊ ကြက်သွေး၊ ကြက်သား၊ လိပ် တစ်ကောင်၊ လိပ်သားဟင်း နဲ့ကန်တော့ တယ်။ နတ်ကန်တော့တဲ့အခါ ပင်လယ် လိပ်ခေါင်းက မပါမဖြစ်ပစ္စည်းဖြစ်တယ်။

ဆလုံတစ်ယောက်ရဲ့ဘ၀မှာ မရှိ မဖြစ်လိုအပ်တာက ကဘန်း၊ ကဘင်း လို့ခေါ်တဲ့ လှေတစ်စင်းပါ။ အများအား ဖြင့် ၂၅ ပေ လောက်ရှည်တယ်။ သံတစ် ချောင်း၊ သွပ်တစ၊ ကြေးတစ်တုံးမပါဘူး။ လိုအပ်တဲ့နေရာမှာ ရင်ကန်းသား နဲ့ဝါးကို အသုံးပြုတယ်။ နေအိမ်အဖြစ် အသုံးပြုဖို့ ပေါင်းမိုးတစ်ခုလုပ်တယ်။ ဒီပေါင်းမိုးကို ဓနိဖက်မိုးတယ်။ မီးဖို နေရာမှာ မီးမကူး နိုင်ဖို့ သဲ ဒါမှမဟုတ် ရွံ့ခင်းတယ်။ ကျောက်ဆူးအဖြစ် ကျောက်တုံး တစ်တုံး ကို သုံးတယ်။ လှေတည်ဆောက်ရာမှာ ပေါ့ပါးလျင်မြန်မှုကို အဓိက ထားတယ်။ ရွက်တိုင်ပါတယ်။

ဒီလှေပေါ်မှာ မိသားစုလိုက် နေတယ်။ အများအားဖြင့် တစ်လင်တစ် မယားစနစ်ကျင့်သုံးနေပေမယ့် မယားပြိုင် စနစ်လည်း ရှိတယ်။ မိုးအခါရောက်တဲ့ အခါ နီးစပ်ရာ ကျွန်းတွေပေါ်မှာ တက်နေ ကြတယ်။ ဒီအခါ လှေကပေါင်းမိုး ကို ဖြုတ်ပြီး အိမ်လို လုပ်နေတယ်။ အချို့ ဆလုံတွေက ကျွန်းတွေရှိ ကမ်းခြေတွေမှာ ခြေတံရှည်အိမ်တွေဆောက် တတ်တယ်။ နောက်ပိုင်းကာလမှာ အခြေတကျ နေထိုင်လာကြတယ်။

ဆလုံတွေဟာ ဘယ်သူတွေလဲ ဆိုတာ သမိုင်းပညာရှင်တွေကြား ဆွေး နွေးငြင်းခုံနေတုန်းပါ။ ဝေါ်တာ ဂရိန်း ဝိုက်က ဆလုံတွေမှာ အဓိက အပြောအဆို အသုံးအနှုန်း အုပ်စု ၄ မျိုး ရှိတယ်။ မလေးလူမျိုးများနဲ့ အနေနီးတဲ့ ဆလုံ တွေက လောတနဲ့ တွန်ကာ အုပ်စု ဝင်ဖြစ်တယ်။ အထူးသဖြင့် လောတ အုပ်စုဝင်တွေက မလေးနဲ့ပိုတူတယ်။ ဂျအိအုပ်စုဝင်တွေက လန်ပိကျွန်းနဲ့ ဘုတ်ပြင်းတစ်ဝိုက်မှာ နေတယ်။ လဘီအုပ်စုဝင်တွေက ဝိတိုရိယအငူ(ကော့ သောင်း)နဲ့ မက်သရူးကျွန်း တစ်ဝိုက် နေတယ်။ ဒန်းအုပ်စုဝင်တွေက မြိတ်အနီး နေတယ်။ ဒန်းအုပ်စုစကားက ဆလုံ တွေရဲ့မူရင်းဖြစ်တယ်လို့ ဆိုတယ်။ သီချင်းသံတွေအနေနဲ့ မြိတ်အနီးရှိ ဆလုံ တွေက မွန်သီချင်းသံနွယ် တယ်။ ဘုတ် ပြင်းရှိ ဆလုံတွေက ပသျှူးသံနွယ်တယ်။ ကော့သောင်းရှိ ဆလုံတွေက ယိုးဒယား သံနွယ်တယ်လို့ ဆိုတယ်။ နောက်ပိုင်း သုတေသနတွေအရ ဆလုံစကားဟာ ကမ္ဘောဒီယားရှိ ခမ်ဘာသာစကားနဲ့ နီးကပ်ဆက် နွယ်မှုရှိတယ်လို့ ဖော်ပြ တယ်။

ဆလုံတွေနဲ့ပတ်သက်လို့ အယူ အဆ အမျိုးမျိုးရှိပေမယ့် အနှစ်ချုပ် အားဖြင့် ၂ မျိုးရှိတယ်။ ပထမအချက်က ဆလုံတွေဆိုတာ မလေးမျိုးနွယ်များ ဖြစ် တယ်။ ဒုတိယအချက်က ဆလုံတွေဆိုတာ မွန်-ခမာမျိုးနွယ်တွေ ဖြစ်တယ်။ ဆလုံသက်ကြီးရွယ်အိုများက သူတို့ဟာ မော်ခမ်(မွန်ခမ်)များ ဖြစ်တယ်လို့ ပြောပြ ချက်အရ ဆလုံတွေဟာ မွန်-ခမာတွေလို့ ယူဆကြတယ်။

မော်လမြိုင်တစ်ဘက်ကမ်းမှာ ဘီလူးကျွန်းရှိတယ်။ ဒီကျွန်းကို မွန်လို တကော့(ကျွန်း)နဲ့ ခမိုင်း( အကိုင်းအခက် များသောသစ်ပင်)ဆိုတဲ့ တကော့ခမိုင်း ခေါ်တယ်။ ဒီကျွန်းမှာနေသူတွေကို ခမိုင်း လူမျိုးခေါ်တယ်။ နောက်တစ်နည်း စ မင်းလူမျိုးလို့ ခေါ်သေးတယ်။ ဒီစမင်း တွေက အဝတ်အစားမရှိ၊ ခက်ထန်ကြမ်း တမ်းတဲ့ ရုပ်ရည်ရှိလို့ ဘီလူးလို့လည်း ခေါ်တယ်။ ဒီဘီလူးတွေနဲ့ မွန်တွေ စစ်ဖြစ်ပြီး ပင်လယ်ထဲ ရောက်တယ်။ သထုံဒေသကို ရက္ခပူရ (ရေဘီလူးတို့ နိုင်ငံ)ခေါ်တယ်။ ဒီဘီလူးမျိုးနွယ် တွေကနေ ဆလုံတွေဖြစ်လာတယ်လို့ ဆိုတယ်။

အခြားတစ်ဘက်မှာတော့ ဆလုံ တွေဟာ စိတ်သဘောထားနူးညံ့တယ်။ နတ်ကိုးကွယ်တယ်။ စစ်ကိုမလိုလားကြ ဘူး။ လူသူကင်းဝေးရာ ပင်လယ်ထဲမှာပဲ လှည့်လည်နေထိုင်တယ်။ သူစိမ်း တရံ စာကို အင်မတန်ကြောက်ရွံ တတ်တယ်။ လက်ရှိဆလုံစရိုက်နဲ့ သမိုင်းထဲက ဘီလူးစရိုက်က အင်မတန်ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဒီအချက်က စိတ်ဝင်စား ဖွယ်ဖြစ်တယ်။

ကဘန်းလို့ခေါ်တဲ့ လှေအိမ်တစ်စင်း နဲ့ မိသားစုဝင်တွေကိုခေါ်ပြီး ပင်လယ်ပြင် ကို လှည့်လည်သွားလာနေတဲ့ လူတွေဟာ ဘယ်သူများလဲဆိုရင် ဆလုံတွေပေါ့ဗျာ ဆိုတဲ့စကားသာ အမှန်ဆုံးဖြစ်မယ် ထင်ပါတယ်။ ကျွန်တော်တို့ မျက်စိ အောက်မှာပဲ မြန်မာပြည်မှာနေထိုင်ရှင် သန်သွားတဲ့ ဆလုံလို့ခေါ်တဲ့ တိုင်းရင်း သားတစ်မျိုးပျောက်ကွယ်မသွားအောင် တော့ ဝိုင်းဝန်းကြိုးစားကြပါစို့လို့ တိုက် တွန်း လိုက်ပါတယ်။