ရေကြီးလေ့ရှိသည့် ကဒက်ကြီးချောင်းကို မိုးရာသီအမီ ပြန်လည်တူးဖော်

0
418

နှစ်စဉ် ရေကြီးရေလျှံကာ စိုက်ပျိုး လယ်မြေများ ပျက်စီးလျက်ရှိသည့် လောင်းလုံးမြို့နယ် ကဒက်ကြီး ကျေးရွာ ရှိ ချောင်းကြီးကို မိုးရာသီအမီ ယခုနှစ် ဆန်းပိုင်းတွင် ပြန်လည်တူးဖော်ခဲ့ကြောင်း ကဒက်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဒေသခံများက တောင်းဆိုသည့် အတွက် ယင်းချောင်းကို လယ်ယာစိုက် ပျိုးရေးနှင့်ဆည်မြောင်းဦးစီးဌာန၏ ဘတ်ဂျက်ငွေကျပ်သိန်း ၈၀ ဖြင့် ၂၀၁၆ ဇန်နဝါရီလ ၁၇ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ တူးဖော်ခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းထွန်းထံမှ သိရသည်။”လယ်ယာမြေဆုံးရှုံးတဲ့ အပြင် လမ်းပန်းဆက်သွယ်ရေးပါခက်ခဲနေတာ ကြာပြီ။ အခုလိုဆောင်ရွက်ပေးတဲ့ အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာပါ တယ်” ဟု ချောင်းပြုပြင်ရာတွင် ဓနိတော ၁၀ ဧကကျော်ရှိသည့် ဦးအောင်စိန်က ဆိုသည်။

မိုးရာသီတွင် ချောင်း၏ ဝဲယာတွင် ရှိသည့် စိုက်ပျိုးလယ်ယာမြေများသို့ ရေ၊ နုန်း ဝင်ရောက် ခြင်းကြောင့် နှစ်စဉ် လယ်ယာမြေစိုက်ပျိုးဧက ၂၀၀၀ ကျော် ပျက်စီးဆုံးရှုံးကြောင်း ဦးမျိုးသိန်းထွန်း က ပြောသည်။

ချောင်းဖျားခံရာနေရာမှ ပင်လယ်ဝ အထိ ၁၈ မိုင်အရှည်ရှိသည့် ယင်းချောင်း ကို ရေစီးရေလာကောင်းမွန်ရေးအတွက် အရှည် နှစ်မိုင်ကျော်ကို အနက် ၁၀ ပေမှ ၁၂ ပေအထိ ပြန်လည်တူးဖော်ခဲ့ကြောင်း သိရသည်။