အမှိုက်ပုံမီးခိုးကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားနေရ

0
485

မီးလောင်ကျွမ်းချိန် လချီကြာမြင့် နေပြီဖြစ်သည့် ထားဝယ်မြို့ ဝဲကျွန်း ရပ်ကွက်ရှိ အမှိုက်ပုံ မီးခိုးညှော်နံ့ကြောင့် အမှိုက်ပုံအနီးနေထိုင်သူများ အသက်ရှု လမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစား နေရကြောင်း အမှိုက်ပုံအနီးအနား နေထိုင်သူများက ပြောသည်။

အသက် ၇၄ နှစ်အရွယ်ရှိ အဖေ ဖြစ်သူမှာ ပန်းနာရင်ကျပ်ရောဂါအခံရှိပြီး အမှိုက်ပုံမှ ထွက်လာသည့် မီးခိုးညှော် အနံ့ကြောင့် အခြေအနေပိုမိုဆိုးရွားလာ ကာ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသ လိုက်ရကြောင်း ဝဲကျွန်းဆင်ဆိပ် ရပ်ကွက်မှ ကိုသန့်ဇင်က ဆိုသည်။
dagerious_to_breath

” လူကောင်းတွေတောင် မီးခိုးညှော်နံ့ ကြောင့် အိမ်မှာမနေနိုင်ဘူး” ဟု ကိုသန့်ဇင် ကပြောသည်။
ယခုအချိန်တွင် ဖခင်ဖြစ်သူမှာ ရောဂါ သက်သာလာသဖြင့် ဆေးရုံမှဆင်းလာ ပြီဖြစ်သော်လည်း ဆင်ဆိပ်ရပ်ကွက်ရှိ အိမ်တွင် မထားတော့ဘဲ တစ်ခြားရပ်ကွက် ရှိ အစ်မဖြစ်သူ၏ အိမ်တွင်သွားရောက် နေထိုင်စေသည်ဟု ၎င်းက ဆိုသည်။

အမှိုက်ပုံ မီးလောင်နေသည်မှာ လချီကြာမြင့်နေပြီဖြစ်သော်လည်း မီးလောင်မှုအား ထိထိရောက်ရောက် မငြိမ်းသတ်သဖြင့် တငွေ့ငွေ့လောင် ကျွမ်းနေခြင်းဖြစ်သည့်အတွက် မီးခိုး ညှော်နံ့အား တစ်ရပ်ကွက်လုံး ခံစားနေရ သည်ဟု ဆင်ဆိပ်ရပ်ကွက်နေ ဦးခင်ဇော် ကဆိုသည်။
“လူတိုင်းနီးပါး အောက်ဆီဂျင်နည်း သလို ရင်ဘတ်အောင့်ပြီး အသက်ရှုမ၀ သလို ခံစားရတယ်” ဟုဦးခင်ဇော်ကပြော သည်။
အမှိုက်ပုံမှ မီးခိုးထွက်များလာသည့် အချိန်တွင် မီးလောင်သည်အထင်ဖြင့် မီးသတ်ကားများနှင့် ပြည်သူများ အမြဲ တမ်း အထိတ်တလန့်ဖြစ်ကာ မီးလန့် နေရသည်ဟု မန်းစက်တော်ရာကျောင်းမှ ဦးကုသလက မိန့်ကြားသည်။

“ညအချိန်ဆို ပိုဆိုးတယ် ပလပ် စတစ်ညှော်နံ့က သားငါးညှော်နံ့နဲ့ မတူ ဘူး အသက်ရှုကြပ်တာ” ဟု ဦးကုသလ မှမိန့်ကြားသည်။
ယင်းပလပ်စတစ်ညှော်နံ့ကြောင့် လည်ချောင်းနာခြင်း၊ ရင်ဘတ်အောင့် ခြင်းနှင့် ရေရှည်တွင်ကင်ဆာ ရောဂါ ကဲ့သို့သော ရောဂါများဖြစ်ပွားလာနိုင် သဖြင့် လူနေရပ်ကွက်နှင့် လွတ်ကင်း သည့် နေရာမျိုးတွင် အမှိုက်ပုံပြုလုပ်ပါက ပိုမိုအဆင်ပြေနိုင်မည်ဟု ဦးကုသလမှ ဆက်လက်မိန့်ကြားသည်။
“ပတ်ဝန်းကျင်နေပြည်သူတွေ ကျန်း မာရေးထိခိုက်မှာစိုးလို့ အားနာပြီး လူအား ယန္တရားအား၊ ငွေအားနဲ့ ငြိမ်းသတ်နေပါ တယ်”ဟု ထားဝယ်မြို့နယ်စည်ပင်သာ ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မီးခိုးမထွက်ရန်အတွက် စလောင် ချိန်ကတည်းက ငြိမ်းသတ်နေသည်မှာ လေးကြိမ်ရှိနေပြီဖြစ်ပြီး မီးတောက်ကို ငြိမ်း သတ်နိုင်သော်လည်း ပေ ၄၀ ခန့် ထုရှိသည့်အမှိုက်ပုံအောက်ဘက်မှ လှိုက် ကာ ပြန်လည်လောင်ကျွမ်းလာသည့်သဘောဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
ယင်းအမှိုက်ကန်မီးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှိုက်ကန်နေရာကို ၂၀၁၀ ခုနစ်တွင် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ထားဝယ်မြို့ထွက်အမှိုက် တစ်နေ့လျှင် တန် ၄၀ ပစ်နေသည့်နေရာ ဖြစ်ကြောင်း ထားဝယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ ထံမှ သိရသည်။