စာတစ်ကြောင်း ကဗျာတစ်ပုဒ်နဲ့ လီယွန်နယ်မက်ဆီ

0
464

၂၀၁၆ ဖေဖော်ဝါရီလထုတ် အတွေး အမြင်မဂ္ဂဇင်းမှာ ဆရာအောင်သိဒ္ဓိရဲ့ ဆောင်းပါးထဲက စာတစ်ကြောင်းက ကျွန်တော့်ကို အတွေးသစ်တစ်ခု ဖြစ်ပေါ် စေပါတယ်။

“သားတိုင်းဟာအဖေ ဖြစ်မလာ နိုင်ပေမယ့် အဖေတိုင်းကတော့ တစ်ချိန် တုန်းက သားပါ” ဆိုတဲ့ စာကြောင်းပါ။
အဲဒီစာကြောင်းကို ကော်ပီ ယူပြီး တော့.. “ပြည်သူတိုင်းဟာ သမ္မတ ဖြစ်မ လာနိုင်ပေမယ့် သမ္မတတိုင်းကတော့ တစ်ချိန်က ပြည်သူပါ “လို့ ဆိုလိုက် ချင်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ ပြည်သူ အားလုံး က တစ်ကြိမ်တည်း တစ်ပြိုင်တည်း သမ္မတ တက်လုပ်လို့ မရဘူးဆိုတာ အား လုံး အသိပါ။ အဲဒါကြောင့်လည်းပဲ သမ္မတလုပ်နိုင်တဲ့ အရည်အချင်းရှိသူ တစ်ဦးဦးက တာဝန်ယူပြီးတော့ အစိုးရ အဖွဲ့ကို ဦးဆောင်ရပါတယ်။
လာမယ့်မတ်လ ၁၇ ရက်ဆိုရင် တော့ ပြည်သူတွေအနေနဲ့ ပဟေဠိ လိုဖြစ်နေတဲ့ NLD က တင်မြှောက်မယ့် သမ္မတလောင်း စာရင်းတွေ ထွက်ပေါ် လာတော့မှာပါ။

သမ္မတရွေးပြီးမှ အစိုးရအဖွဲ့ဝင် တွေ၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဝန်ကြီး ချုပ်တွေ အဆင့်ဆင့်ကို သမ္မတက ခန့်အပ် တာဝန်ပေးသွားမှာပါ။
အစိုးရ အသစ်ကို တာဝန်ယူ ကြ မယ့်သူတွေအနေနဲ့ အထက်မှာ ကျွန် တော် ပြောခဲ့သလိုပဲ သမ္မတ၊ ပြည်ထောင် စု ဝန်ကြီး၊ ဝန်ကြီးချုပ်နဲ့ လွှတ်တော် အမတ်ဆိုသူ တွေဟာ တစ်ချိန်ကတော့ ပြည်သူတွေပါပဲ။ ပြည်သူ့အတွက် ပြည်သူက ရွေးချယ်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ရာထူး အာဏာနဲ့ လုပ်ပိုင် ခွင့်တွေ ရသွားတာနဲ့ ဘဝင်မြင့် စိတ်ကြီး ဝင်မသွားကြဖို့ အထူးပဲ သတိထား ရမှာပါ။ မိမိကိုယ်ကို အခွင့်ထူး ခံ မိုးကျ ရွှေကိုယ် တစ်ယောက်လို သဘောထားပြီး မိမိရဲ့ မဲဆန္ဒရှင် ပြည်သူတွေကို ကျေးဇူး မကန်းကြဖို့ သတိပေးလိုပါတယ်။ ပြည်သူတွေနဲ့ တစ်သား တည်းဖြစ်နိုင် အောင် ကြိုးစားဖို့ လိုပါတယ်။ ပြည်သူ တွေကို အပေါ်စီးက ဆက်ဆံမိလို့ ပြည်သူတွေနဲ့ကင်းကွာလို့ ကိုယ့်ရှေ့မှာ ကျရှုံးသွားသူတွေကို သင် ခန်းစာယူကြရ မှာပါ။ သင်ခန်းစာ မယူနိုင်ရင်တော့ ကိုယ်လည်းပဲ သူတို့လို ကျရှုံးသွားမှာ သေချာပါတယ်။

နောက်တစ်ခုကတော့ ဝန်ကြီးချုပ်၊ ဝန်ကြီးစတဲ့ ရာထူး နေရာတွေမရလို့ စိတ်သောက ရောက်နေကြမယ့် အမတ် မင်းများအတွက် စိတ်ဖြေသိမ့်နိုင်ဖို့ ဆရာ တင်မိုးရဲ့ ကဗျာတစ်ပုဒ်ကို မျှဝေလိုက် ပါတယ်။

ကဗျာခေါင်းစဉ်က “ငါကား ဖခင် ဖြစ်ချေပြီ” တဲ့။
-တို့အဖေကား ရွှေငွေဥစ္စာ၊ အာ ဏာမင်းစက်ရာထူးမက်ဟု သားရှက် မခံတော့ပြီ။
-တို့အဖေကား နေရာတစ်ခု၊ ရလို မှုအတွက် အလုအယက်၊ ခြေကို ဖက်ဟု သားရှက်မခံတော့ပါပြီ။
-ငါ၏စိတ်ထား၊ ငါ့စကားသည်
သားတို့တန်ဆောင် သားတို့ ခေါင်း ဆောင်ဖြစ်ချေပြီ။

အမတ်မင်းများအနေနဲ့ ဒီကဗျာ လေးထဲက အဖေလိုဖြစ်အောင် ကျင့်ကြံ သင့်ပါတယ်။ တကယ်တော့ အမတ်ဆို တဲ့နေရာကို ပြည်သူတွေကပေးလို့ ရပြီး သားဖြစ်ပါတယ်။ နောက်ထပ် ရာထူး အာဏာ နေရာအတွက် လောဘ မတက် ကြပါနဲ့တော့။ တကယ်တော့ ရာထူး ဆိုတာ တာဝန်သာ ဖြစ်ပါတယ်။ ဒါ ကြောင့် မိမိကျရာတာဝန်ကို ကျေပွန် အောင် ထမ်းရွက်ရင်း နိုင်ငံတော် တည် ဆောက်ရေးမှာ အစွမ်းကုန် ပါဝင်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
ရယူသူနဲ့ ပေးဆပ်သူ၊ ကိုယ်ကျိုး စွန့်သူနဲ့ ကိုယ်ကျိုးရှာသူမှာ ဘယ်သူ ကပိုပြီးတော့ မြင့်မြတ်သလဲ ဆိုတာကို တော့ အထူးပြောနေဖို့ လိုမည်မထင်။ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ခဲ့ သူတွေကို ကျွန်တော်တို့ လူ့ဘောင်အဖွဲ့ အစည်းက အမြဲချီးကျူးဂုဏ်ယူနေကြ မှာပါ။

ဒီနေရာမှာ ဘောလုံး ပရိသတ် တွေကို အံ့အားသင့်စေခဲ့တဲ့ လီယွန်နယ် မက်ဆီရဲ့ လုပ်ရပ်လေးတစ်ခုကို ဖောက် သည်ချ ပါရစေ။
မက်ဆီဟာ အခုဆိုရင် သူ့အသက် က ၂၈ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့အောင်မြင်မှုတွေက အံ့ မခန်းပါပဲ။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို ငါးကြိမ်တိတိ ရရှိထားပါတယ်။ နောက်ထပ်လည်း ထပ်ရနိုင်ပါသေး တယ်။ ဘာစီလိုနာ ကစားသမား သက်တမ်းတစ်လျှောက် သွင်းဂိုးပေါင်း ၃၀၀ ကျော်ကို သွင်းထားပြီး ဖြစ်ပါတယ်။ မက်ဆီဟာ ဘီဘာအိုအသင်းနဲ့ ယှဉ် ပြိုင် ကစားခဲ့တဲ့ စပိန်လာလီဂါ ပွဲစဉ် တစ်ခုမှာ ထူးခြားတဲ့ ပယ်နတီ ကန်သွင်း မှု တစ်ခုကိုလုပ်ခဲ့ပါတယ်။ ပယ်နတီ ဆိုတာ ဂိုးထဲကို တိုက်ရိုက် ကန်သွင်း ရတာ ဖြစ်ပေမယ့်လည်း မက်ဆီကတော့ ဂိုးထဲကိုတိုက်ရိုက်မကန်ဘဲ အသင်းဖော် တစ်ဦးဖြစ်တဲ့ လူးဝစ် ဆွာရက်ကို ထိုး ပေးခဲ့ပါတယ်။ အဲဒီဂိုးကို သွင်းခဲ့တဲ့ ဆွာရက်ကတော့ အဲဒီပွဲမှာ ဟက်ထရစ် ရသွားခဲ့ပါတယ်။ ဒီနေရာမှာ ဆွာရက် ဟက်ထရစ်ရခြင်းထက် အသင်းဖော် ဟက်ထရစ်ရအောင် ဖန်တီးပေးခဲ့တဲ့ မက်ဆီရဲ့လုပ်ရပ်ကို လူတွေက ပိုပြီးတော့ လေးစား ချီးကျူးကြပါတယ်။
ကျွန်တော် အဓိက ပြောချင်တာက ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင် ဆိုသူတွေမှာ အသက် ၂၈နှစ်သာရှိသေးတဲ့ လူငယ်လေး တစ်ယောက်ရဲ့ စိတ်ဓာတ် မျိုး ရှိခဲ့မယ်ဆို ဘယ်လောက်ကောင်း လိမ့်မလဲ ဆိုတာကိုပါ။ မက်ဆီလို စိတ် ဓာတ်မျိုးသာ သူတို့မှာရှိခဲ့မယ်ဆို ကျွန် တော်တို့နိုင်ငံလည်း ဒီလောက်ထိ ဆင်းရဲတွင်းနက်ပြီးတော့ ကမ္ဘာ့ အလယ် မှာ မျက်နှာငယ်ကြရမှာ မဟုတ်ဘူး။

အခုတော့ ဒီမိုကရေစီ ဘက်တော် သားများလို့ ခေါ်ကြတဲ့ အစိုးရက တိုင်း ပြည်ကို အုပ်ချုပ်ဖို့ လပိုင်းပဲ လိုပါတော့ တယ်။
ဘယ်သို့ ဘယ်ပုံ ဖြစ်လာမယ်ဆို တာကတော့ တကယ်လုပ်မှပဲ သိမယ့် သဘော။
ဒီမိုကရေစီ ဘက်တော်သားများရဲ့ လက်ထက်မှာ ဒီမိုကရေစီစနစ် အစစ် အမှန် ပေါ်ထွန်းပြီး အများ အကျိုးအတွက် ကိုယ်ကျိုးစွန့်နိုင်ကြပြီး တိုင်းပြည်ကို ဦးဆောင်နိုင်ပါစေလို့ ပြည်သူတွေ ကိုယ်စား ဆန္ဒပြုအပ်ပါတယ်။