တင်ဒါအောင် ငှက်သိုက်ကျွန်းများ ခရီးသွားလုပ်ငန်း အဓိကလုပ်မည်

0
486

တနင်္သာရီကမ်းလွန်ရှိ ကျွန်းများ တွင် ငှက်သိုက်ထုတ်ယူခွင့်ရရှိသွားသော Grand Andaman Island ကုမ္ပဏီ အနေနှင့် ငှက်သိုက်အစား ခရီးသွားလုပ် ငန်းဖွံ့ဖြိုးရေးကို အဓိက လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကုမ္ပဏီဒါရိုက်တာ ဦးမျိုးဝင်းသန်းက ပြောကြားသည်။

ယင်းကုမ္ပဏီသည် ငှက်သိုက် လုပ် ကွက်လေးခုစလုံးကို လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး လုပ်ကွက် ၃ (လပ်ပုံ -၃) တွင် ပါရှိသော အသည်းပုံ ကြက်မောက်ကျွန်းနှင့် မြင်း ခွာကျွန်းတို့ကို ဇီဝဇိုးငှက်ဘေးမဲ့ဇုန် ဖြစ် လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယခုနှစ်ငှက်သိုက်ဆွတ်ခူးခွင့် တင် ဒါပွဲတွင်ရရှိခဲ့သည့် လုပ်ကွက် ၄ ခုမှ ကျွန်း ၁၀ ကျွန်းအနက်၂ ကျွန်း မျှသာ မျိုးပွားမှုအတွက် ငှက်သိုက် အနည်းငယ် ဆွတ်ခူးသွားမည်ဖြစ်ပြီး ဇီဝဇိုးငှက်သိုက် များအား သဘာဝအတိုင်း ထိန်းသိမ်း သွားမည်ဟု အဆိုပါကုမ္ပဏီက ဆိုသည်။
kt-heart-island
” အဓိက ဒေသဖွံ့ဖြိုးရေးအတွက် ခရီးသွားလုပ်ငန်းကို ဦးစားပေးလုပ်သွား မယ်။ ခရီးသွားလုပ်ငန်း တိုးတက်လာရင် ဒေသထဲကတခြား လုပ်ငန်းတွေရော၊ ဒေသထဲက လူတွေရော အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာမယ်”ဟု ဦးမျိုးဝင်းသန်းက ဆိုသည်။
ငှက်သိုက်ဆွတ်ခူးခွင့် တင်ဒါပွဲပြု လုပ်သည့်နေ့တွင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ၊ ပတ္တမြားရောင်ခြည်ကုမ္ပဏီ၊ Grand Andaman Island ကုမ္ပဏီ တို့ အပြိုင်ဆွဲခဲ့ကြပြီး လပ်ပုံ ၁၊ ၂၊ ၄ ကို Grand Andaman Island ကုမ္ပဏီ ကရရှိပြီး လက်ပုံ ၃အား မြန်မာ့စီးပွား ရေးဦးပိုင်ကုမ္ပဏီက ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် စာချုပ်ချုပ်သည့်ရက် တွင် မှ လပ်ပုံ ၁၊ ၂၊ ၃၊ ၄ အားလုံးကို Grand Andaman Island ကုမ္ပဏီက အားလုံး ပြန်လည်ရရှိခဲ့ကြောင်း တနင်္သာရီတိုင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။

ကျွန်းများသို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီများနှင့် ငှက် သိုက်ထုတ်ယူခွင့် ရရှိထားသော ကုမ္ပဏီ တို့ ယမန်နှစ်က အသည်းပုံကျွန်းနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြပြီး ငှက် သိုက်ထုတ်ယူခွင့်ရထားသော ကုမ္ပဏီက ကျွန်းသို့ ခရီးသည်ပို့ဆောင်ခွင့် တားမြစ် ခဲ့ဖူးသည်။
ယင်းနောက် ခရီးသွား ကုမ္ပဏီ အချို့ ငှက်သိုက်ထုတ်လုပ်ခွင့်ရရှိရန် ကြိုး ပမ်းလာပြီးနောက် Grand Andaman Island က ကျွန်းများတွင် လေလံအောင် လုပ်ကိုင်ခွင့်ရလာခြင်း ဖြစ်သည်။

လေလံအောင် ကုမ္ပဏီတို့၏ လုပ် ပိုင်ခွင့် သက်တမ်းမှာ ၂၀၁၅ ဒီဇင်ဘာ ၁ ရက်မှ ၂၀၁၆ နိုဝင်ဘာ ၃၀ ရက် ထိ ဖြစ်သည်။
ထားဝယ်ဒေသတွင် နာမည်ကျော် နေသော ဘုတ်ကျွန်းစုများမှာ ငှက်သိုက် ထုတ်ယူခွင့် လပ်ပုံ ၁ အတွင်း ပါရှိသည်။
ကျွန်းများတွင် ခရီးသွားများ လည် ပတ်ခွင့်၊ ခရီးသွားလုပ်ငန်းလုပ်ပိုင်ခွင့် နှင့် ငှက်သိုက်ထုတ်ယူမှုအကြား ရှင်း လင်းတိကျသော မူဝါဒ တိုင်းအစိုးရတွင် မရှိသေးပေ။

ကျွန်းခရီးသွားလုပ်ငန်း ပိုမို စိတ် ဝင်စားလာသည်နှင့်အမျှ ကျွန်းများ အတွင်း ငှက်သိုက်ထုတ်ယူခွင့် လေလံ တင်ဒါအောင်ဈေး ယခုနှစ်တွင် သုံးဆ မြင့်တက်လာခဲ့သည်။လပ်ပုံ ၁ သည် ၂၀၁၄-၁၅ ခုနှစ်က ကျပ် ၆ သိန်းခွဲမှ ၁၂ သိန်းကျော်၊ လပ်ပုံ ၂ သည် ၁၆ ဒဿမ ၂ သိန်းမှ ၁၈ သိန်းကျော်၊ လပ်ပုံ ၃ သည် ၁၆၂၀ သိန်းမှ ၄၂၀၀ သိန်း၊ လပ်ပုံ ၄ သည် ကျပ်သိန်း ၄၅၀၀ မှ ၁၄၄၀၀ သိန်းသို့ လည်းကောင်း လေလံဈေး အသီးသီး မြင့်တက်လာခဲ့သည်။