ရေရှားရာသီအတွက် ရေးစည်ပင်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပြင်ဆင်

0
442

ရေးမြို့ပေါ်ရပ်ကွက်များရှိ ရေရှား ပါးသည့်ရပ်ကွက်များအား မီတာစနစ်ဖြင့် ရေပေးဝေရေး လုပ်ငန်းများကို မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့အပြင် ပြင်ပ ပုဂ္ဂလိက လုပ်ငန်းများလည်း လာမည့် ပူပြင်းခြောက်သွေ့မည့်ရာသီအမီ ကြိုတင် ပြင်ဆင် လုပ်ကိုင်လာနေကြသည်ဟု မြို့နယ်စည်ပင်နှင့် လုပ်ငန်းရှင်များထံမှ သိရသည်။

မြို့နယ်စည်ပင်သာယာရေး ကော်မတီ အနေဖြင့် လက်ရှိရေပေးဝေ ရေးလုပ်ငန်း အပြင် ထပ်မံတိုးချဲ့ ရေပေးရေးဆောင် ရွက်ရန် စီစဉ်နေသည်ဟု မြို့နယ်စည်ပင် တာဝန်ရှိသူက ပြောသည်။

“လက်ရှိက ရေမီတာ စနစ်နဲ့ သီရိ ခေမာ ရပ်ကွက်တောင်ကုန်းထိပ်မှာ ဂါလံ သုံးသောင်းဆန့် ရေလှောင်ကန်ကြီးကနေ အဲဒီရပ်ကွက်နဲ့ အောင်သုခရပ်ကွက်ကို ပေးနေပါတယ်။ တပ်ဆင်ခကတော့ အိမ်အနေအထား အလိုက် ခြောက်သောင်း ဝန်းကျင်လောက်ပဲ ကျသင့်ပါတယ်။ ထပ်ပြီးတော့ အောင်မေတ္တာ၊ သီရိမာလာ ရပ်ကွက်တို့ကို တိုးချဲ့ရေပေးဖို့ စည်ပင်ရံပုံ ငွေနဲ့ ရေကန်ကြီးတစ်ခု တူးနေပါပြီ၊ တစ်ယူ နစ် ၃၀၀ နှုန်းနဲ့ပါ”ဟု ရေးမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးသိန်းသန်းစိုးက ပြောသည်။
မြို့နယ်စည်ပင်က ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေသော်လည်း မလုံလောက်သည့်အတွက် ပုဂ္ဂလိက ရေပေးဝေရေး လုပ်ငန်းများကိုလည်း အားကိုးနေရကြောင်း သီရိမာလာ ရပ်ကွက် နေသူတစ်ဦးက ပြောသည်။

“ရေးမြို့ရဲ့အရှေ့တောင်ဘက်ခြမ်း မှာရှိတဲ့ ကလော့ရေတံခွန်က ရေကို ပိုက်ကြီးတွေနဲ့ သွယ်တန်းပြီး ရေးမြို့ ပေါ် ရပ်ကွက်တွေကိုပေးဖို့ စီစဉ်နေပါပြီ၊ လာမယ့်လမှာ ရန်ကြီးအောင်နဲ့ ရန်မျိုး အောင်ရပ်ကွက်တွေကို မီတာစနစ်နဲ့ပဲ ၂၄ နာရီရေရရှိအောင် သွယ်တန်းပေးနိုင် တော့မှာပါ” ဟု ရေပေးရေးလုပ်ငန်းကို တိုးချဲ့ လုပ်ကိုင်ရန် စီစဉ်နေသည့် ကိုစိုးဝင်း က ဆိုသည်။

ရေးမြို့နယ်တွင် ပုဂ္ဂလိက ရေကား များအပြင် အဝီစိတွင်းတူးကာ မီတာ စနစ်ဖြင့် ရေပေးဝေရေး လုပ်ငန်းလုပ်ကိုင် နေသည့် လုပ်ငန်းများရှိသော်လည်း လုံလောက်သည့်ရေများ အချိန်နှင့် တပြေး ညီပေးနိုင်ရေးအတွက် ထပ်မံတိုးချဲ့ လုပ်ကိုင်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိ ပြင်ပရေပေးဝေရေး လုပ်ငန်း မှ ရေများကို မီတာစနစ်ဖြင့် ယူပါက တပ်ဆင်ခ တစ်သိန်းဝန်း ကျင်ခန့်ကျသင့် ပြီး တစ်ယူနစ်လျှင် ကျပ် ၃၀၀ မှ ၅၀၀ အထိ ကျသင့်ကြောင်းလည်း ရေသုံးစွဲသူ များက ပြောသည်။

လာမည် နွေရာသီသည် ရေရှားပါး မည့် ပူပြင်းသော ရာသီဥတု ဖြစ်လာမည် ဟု ပညာရှင်များက ခန့်မှန်းထားပြီး တာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့်စီမံပေးရေး ပြည်သူများက လိုလားလျက် ရှိနေကြောင်းလည်း သိရ သည်။