ကျောက္ကာ မီးဘေးသင့်သူများအတွက် ငွေကြေးနှင့် အိမ်ဆောက်ပစ္စည်း အဓိက လိုအပ်

0
783

မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာ ကျေးရွာမှ မီးဘေးသင့် ပြည်သူများ အတွက် ငွေကြေးနှင့် အိမ်ဆောက်ပစ္စည်း များသာ အဓိက လိုအပ်တော့သည်ဟု ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မီးဘေး သင့်ပြည်သူများအတွက် ကယ်ဆယ် ရေးနှင့် ကူညီဆောင်ရွက်ရေး ဆပ်ကော်မတီ မှ သိရသည်။


မီးဘေးသင့်ပြည်သူများအတွက် ကျောက္ကာရွာအနီးဝန်းကျင် ကျေးရွာများ၊ ပုလောမြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာ ရီမြို့နယ်တို့မှ အလှူရှင်များက ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စသည့် စားသောက် ကုန်ပစ္စည်းများနှင့် အဝတ်အထည်များ လာရောက်လှူဒါန်းကြသည်ဟု  မီးဘေး သင့်ပြည်သူများအတွက် ကယ်ဆယ် ရေးနှင့် ကူညီဆောင်ရွက်ရေး ဆပ်ကော် မတီမှ သိရသည်။
“ဆန်၊ ဆီ၊ အဝတ်အထည်၊ ရေ၊ အိုးခွက်တွေတော့ ပြည်စုံနေပါပြီ။ ငွေ ကြေးက လိုအပ်မှု ရှိနေပါတယ်” ဟု ပုလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရ ထွန်းလင်းက ပြောသည်။
မြိတ်ကမ္ဘောဇဘဏ်ခွဲတို့မှ အိမ်ထောင် စုတစ်စုလျှင် ငွေကျပ် ၃ သိန်း နှုန်းဖြင့် လည်းကောင်း၊ ရုပ်ရှင်သရုပ် ဆောင် ဝေဠုကျော်၊ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အခြား အဖွဲ့ အစည်း အလှူရှင်တို့မှ အလှူငွေများကို သွားရောက်လှူဒါန်းထား ပြီးဖြစ်ကြောင်း မြိတ်မြို့ ဆိပ်ငယ်ဘောတံတား ကယ်ဆယ် ရေးပစ္စည်းအလှူခံဋ္ဌာနမှ သိရသည်။
ထို့ပြင် မြိတ်ခရိုင်ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဋ္ဌာနမှ အိမ်ထောင်စုတစ်စုအတွက် ငွေကျပ် တစ်သိန်းစီ၊ နေအိမ် ၃၃၁ ဆောင်အတွက် တစ်အိမ်လျှင် အိမ်အမိုးသွပ်ပြား ချပ် ၅၀ နှုန်းနှင့်အခြားပစ္စည်းတို့ကို ထောက် ပံ့ လှူဒါန်းထားပြီးဖြစ်ကြောင်း ယင်းဦး စီးဋ္ဌာနမှ သိရသည်။
“ငွေကြေးတွေ လှူဒါန်းထားတာက နေအိမ်အမျိုးအစားအပေါ် မူတည်ပြီး တူညီမှုမရှိပါဘူး။ ပျမ်းမျှနေအိမ် တစ် ဆောင် ကိုငွေကျပ် ၄ သိန်းမှ ၅ သိန်း ခန့်အထိရရှိနေပြီ “ဟု ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး က ပြောသည်။
ပြန်လည်ထူထောင်ရေးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ငွေကြေးအဓိက လိုအပ်ကြောင်း  ကယ်ဆယ်ရေးနှင့် ကူ ညီဆောင်ရွက်ရေး ဆပ်ကော်မတီအဖွဲ့ဝင် ဦးချစ်ရအောင်က ပြောသည်။
လက်ရှိတွင် အလှူခံဌာနသို့ လှူ ဒါန်းသည့် ပစ္စည်းများတွင် အိမ်ဆောက် ပစ္စည်းမရှိသေးဟု မြိတ်မြို့ဆိပ်ငယ် ဘောတံတားတွင် ကျောက္ကာမီးဘေးကယ် ဆယ်ရေးပစ္စည်းများ အလှူခံဋ္ဌာနမှ ဒေါ်ရှင်ဋ္ဌေးက ပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက်က ဖြစ်ပွား သည့် ကျောက္ကာမီးလောင်မှုကြောင့် အိမ် ခြေ ၂၉၇ အိမ် မီးဘေးသင့်ခဲ့ပြီး ၃၄ အိမ်ပျက်စီးခဲ့ကာ လူဦးရေ ၁၅၆၄ ဦး မီးဘေးသင့်ခဲ့သည့်အပြင် အထက်တန်း ကျောင်းခွဲ ၂ ထပ်ကျောင်းဆောင် တစ် ဆောင်လည်း ပါဝင်ခဲ့ကြောင်း ကျောက္ကာ မီးဘေးသင့် ပြည်သူများ ကယ်ဆယ် ရေးနှင့်ကူညီဆောင်ရွက်ရေး ဆပ်ကော် မတီမှ သိရသည်။