၆ နှစ်အတွင်း ထားဝယ်မြို့ရှိ ရိုးရာအိုးလုပ်ငန်း ထက်ဝက်ခန့်ရပ်နား

0
495

ပလပ်စတစ် အသုံးအဆောင် ပစ္စည်းများ အသုံးပြုမှု များလာပြီးနောက် ၆ နှစ်အတွင်း ထားဝယ်ရိုးရာအိမ်တွင်းမှု အိုးလုပ်ငန်း ထက်ဝက်ခန့် ရပ်နားလိုက် ရကြောင်း အိုးလုပ်ရပ်ကွက်ရှိ လုပ်ငန်း ရှင်များထံမှ သိရသည်။


ယခင်က အိုးလုပ်ရပ်ကွက်တွင် အိုးလုပ်ငန်း လုပ်ကိုင်သူ ၁၀ ဦးကျော် ရှိပြီး စီးပွား ဖြစ်ထွန်းခဲ့သော်လည်း လက်ရှိတွင် အိုးလုပ်အရှေ့တွင် ၂ ဦးနှင့် အနောက်တွင် ၄ ဦးတို့သာ ကျန်တော့ ကြောင်း နှစ်ပေါင်း ၁၀၀ ကျော် သက် တမ်းရှိ ဒေါ်ထူးလှိုင် အိုးလုပ်ငန်းမှ မဇင်မာက ပြောသည်။ “အရင်ကဆို တစ်နှစ်ပတ်လုံး ရောင်း နေရတယ်၊ အခုတော့ သီတင်းကျွတ်နဲ့ သင်္ကြန်နားနီးပဲ အရောင်းအဝယ်ကောင်း တော့တယ်” ဟု မဇင်မာက ဆိုသည်။
အိုးလုပ်ငန်းမှ ထွက်သည့် ပစ္စည်း များကို ဆိုင်တွင် ရှိနေရန်အတွက်သာ တင်ရောင်းထားသော်လည်း ဝယ်ယူသူ နည်းသည်ဟု  စည်ပင်သာယာဈေးကြီးမှ ပလတ်စတစ် ပစ္စည်းနှင့် အခြား အသုံး အဆောင်ပစ္စည်းအရောင်းဆိုင်မှ မအေး စံပယ်က ပြောသည်။

“စုဗူးတောင် သံစုဗူးက ပိုရောင်း ရတယ်၊ ဈေးလဲတစ်ရာလောက် သက် သာတယ်၊ နောက်ပြီး မြေအိုးတွေက ထားရတာ အဆင်မပြေဘူး၊ ကွဲရင်လဲရှုံး ဦးမယ်၊ အဓိကဝယ်သူနည်းလို့ သိပ် မတင်ဖြစ်တာပါ” ဟု မအေးစံပယ်က ဆိုသည်။
ထားဝယ်အိုးလုပ်ငန်း ပျောက်ကွယ် လုနီး ဖြစ်နေသည့် အခြေအနေအား တိုင်းအစိုးရအနေဖြင့် မပေါ့ဆဘဲ ငွေ ကြေးနှင့် နည်းပညာ ထောက်ပံ့ကူညီ မှုများ ပေးသည့်အပြင် ပြည်သူများ အနေဖြင့်လည်းရိုးရာပစ္စည်းကို အားပေး ရန် လိုသည်ဟု ထားဝယ်ရှေးဟောင်း သုတေသနအသင်းမှ ဦးဇော်သူရက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ဌာနက ဒီတိုင်းမှာ ဖွင့်တာ မကြာသေးဘူး၊ မကြာခင် မြေပြင်ဆင်း ကိုယ်တိုင်မှတ်တမ်းပြုစု၊ အထက် ဝန်ကြီးဌာနကို တင်ပြပြီး ရိုးရာ လုပ်ငန်းတွေကို ထိန်းသိမ်းမြှင့်တင်ပေး သွားဖို့ရှိပါတယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦး စီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ဆိုသည်။အိုးလုပ်ရပ်သည်သာဂရမြို့ ဟောင်း မှ လက်မှု ပညာရှင်အများစု ပြောင်းရွှေ့ နေထိုင်ခဲ့သည့် နေရာဖြစ်ပြီး တစ်ချိန်က အိုးလုပ်ငန်းတူများစုဝေးရာ ရပ်ကွက် ဖြစ်သည်။