သစ်ကားတိမ်းမှောက်၊ ဆီအုန်းခြံ အလုပ်သမားနှစ်ဦး သေဆုံး

0
439

မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်းခွန်းကျေးရွာအုပ်စု မောတောင်ဒေသ အမှတ် ၉ ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွှဲ ၃ နာရီခွဲအချိန်ခန့်တွင် သစ်တင်ကားတစ်စီး တိမ်းမှောက်ကာ ဆီအုန်းခြံ အလုပ်သမားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရသည်။


အမှတ် ၉ ကျေးရွာ အနောက်ဘက်ရှိ ပြည့်ဖြိုးထွန်း ဆီအုန်းခြံဝင်းအတွင်းမှ ယာဉ်အမှတ် ၂ခ^၈၅၀၅ နီဆန်း ယာဉ်အမျိုးအစား၊ အဖြူရောင်ဖြင့် သစ်နှစ် တန်ခန့်တင်ဆောင်လာပြီး ပြည့်ဖြိုးထွန်း ကုမ္ပဏီဘက်သို့ ပြန်လည်ထွက်ခွာလာစဉ် ကုန်းဆင်းတစ်နေရာတွင် ကားဘရိတ်ပေါက်ပြီး လမ်း၏ဝဲဘက်သို့ တိမ်းမှောက် သွားခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီ မြို့နယ်ရဲစခန်း၏ မှတ်တမ်းအရ သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ရှိ သစ်ပုံပေါ်တွင်လိုက်ပါလာသော ဆီအုန်းခြံအလုပ်သမားများ ဖြစ်ကြသည့် ဦးကျော်နိုင်ဦး ၄၂ နှစ်နှင့် မြင့်ဇော်ဦး ၂၄ နှစ် မောတောင်ဒေသနေသူတို့မှာ ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှ သိရသည်။
ထို့ပြင် ယာဉ်ပေါ်ပါ ဆီအုန်းခြံ အလုပ်သမား ၉ ဦးတို့မှာ ဦးခေါင်း၊ လက်နှင့်ခြေထောက်တို့တွင် ဒဏ်ရာများရရှိခဲ့ကြသဖြင့် မောတောင်နယ်စပ် တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ဆေးရုံတွင် ပြည့်ဖြိုးထွန်း ဆီအုန်းကုမ္ပဏီ၏ အစီအစဉ်ဖြင့် ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ ဦးကိုကိုလင်း ၂၃ နှစ် မောတောင်ဒေသနေသူအား အမှု ဖွင့်အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း တနင်္သာရီမြို့နယ်  ရဲစခန်းမှ သိရသည်။