သိအောင်လုပ်ပါ ပြီး၇င် ကျင့်ကြံပါ

0
421

ကျွန်တော်တို့လူသားတွေနဲ့ တိရိစ္ဆာန် တွေအကြား ခြားနားချက် တစ်ရပ်ကတော့ တွေးခေါ်မြော်မြင် ဆင်ခြင် နိုင်ခြင်းဆိုတဲ့ အသိဥာဏ်ပါပဲ။ လူနဲ့ တိရိစ္ဆာန်တို့ဟာ သတ္တဝါချင်း တူပေမယ့် အသိဥာဏ်ခြင်းကတော့ အင်မတန်မှကို ကွာခြားလွန်းလှပါတယ်။ ဒါကြောင့် ကျွန်တော်တို့လူမှုဝန်းကျင်မှာ ဆင်ခြင် ဥာဏ်နည်းတဲ့သူ၊ အကျင့်စာရိတ္တ မကောင်းတဲ့သူကို တိရိစ္ဆာန်နဲ့ ခိုင်းနှိုင်း ပြောဆိုလေ့ ရှိပါတယ်။

လူတွေရဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး သိမှုနဲ့ ကျင့်မှုဆိုပြီး ၂ မျိုးခွဲပြောရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တော့ သိနဲ့ကျင့်ဆိုတဲ့ စကားလုံးနှစ်လုံးနဲ့ ဆက်နွယ်နေတဲ့ စကားလုံးလေးတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်တွေကို အနည်းငယ် ဖော်ပြလိုပါ တယ်။
“သိ” ဆိုတာကို စိတ်တွင် အာရုံ ထင်သည်၊ နားလည်သဘောပေါက် သည်၊ ကြားမြင်တွေ့ကြုံ ဆက်ဆံခဲ့ ဖူးသည်လို့ မြန်မာအဘိဓာန်မှာ အဓိပ္ပာယ် ဖွင့်ပါတယ်။ “ကျင့်” ကိုတော့ ထပ်တလဲလဲပြုမူသည်။ “ကျင့်ကြံ” ကို တော့ ကြံစည်ပြုမူသည်။ “အကျင့်” ကို တော့ “စွဲမြဲနေသောအလေ့၊ စာရိတ္တ” လို့ အဓိပ္ပာယ်ဖွင့်ဆို ပြထားပါတယ်။

ဒါကြောင့် ကျွန်တော့်ဆောင်းပါးရဲ့ ခေါင်းစဉ်ပေးဖို့ စဉ်းစားတဲ့အခါ သိနဲ့ ကျင့်ကြံဆိုတဲ့ စကားလုံးတွေ ပါအောင် ရွေးချယ် ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ဟာ ဘ၀မှာ သိတာနဲ့မသိတာ နှိုင်းယှဉ် ကြည့်ရင် မသိတာက ပိုများပါတယ်။ မသိသေးတာက ပိုများနေတော့ မသိသေး တာတွေ သိလာအောင် တတ်နိုင် သလောက် ကြိုးစားကြရပါတယ်။ သိ လာတဲ့အထဲကမှ မကောင်းတာကို ရှောင်ပြီး ကောင်းတာကိုဆောင်ကြ ရပါ တယ်။
ကျွန်တော်တို့ရဲ့ လူမှုဝန်း ကျင်မှာ အများဆန္ဒနဲ့ အညီ(မညီတာ လည်း ရှိကောင်းရှိမှာပါ) လိုက်နာကြဖို့ ထုတ်ပြန် ထားတဲ့ ဥပဒေတွေ ရှိပါတယ်။ ဥပဒေ တစ်ခုခုကို ချိုးဖောက်မိရင်တော့ ချိုး ဖောက်မိတဲ့သူဟာ ဥပဒေရဲ့ ဒဏ်ခတ် ခြင်းကိုခံရမှာပါ။

သို့သော် ပုဒ်ထီးပုဒ်မတွေ မတပ် ပေမယ့် လိုက်နာရမယ့် လူမှုရေးကျင့်ဝတ် တွေလည်း ရှိပါတယ်။ ဥပမာ လူကြီးတွေ ရှေ့ရောက်ရင် ခေါင်းငုံ့ပြီး သွားရမယ်၊ လူကြီးတွေပေးတာယူရင် လက်နှစ်ဖက်နဲ့ ယူရမယ်၊ လမ်းလျှောက် ရင် ခြေသံမမြည် အောင် လျှောက်ရမယ် စတာတွေဟာ လိုက်နာရမယ့် လူမှုရေးဥပဒေတွေ ဖြစ်ပါ တယ်။

ကျွန်တော်တို့ဟာ မကောင်းမှန်း သိပေမယ့် မကျင့်ကြံနိုင်လို့ ဆင်းရဲ ဒုက္ခ ရောက်ကြရတာ အားလုံးအသိပါ။ အရက် သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ လောင်းကစားလုပ်ခြင်းတို့ ဟာ မကောင်းမှန်းသိပေမယ့် ကျွန်တော် တို့ဟာ ဆင်ခြေအမျိုးမျိုးပေးပြီးတော့ ကျူးလွန်နေကြတာ အမှန်ပါ။
အဲဒီသုံးမျိုးထဲက တစ်မျိုးမျိုးကို လုပ်မိမယ်ဆိုရင်တော့ အချိန်ကုန် ငွေကုန်တာအပြင် ကျန်းမာရေး ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မိမိရဲ့ လူမှုရေး စီးပွားရေးကိုလည်း ထိခိုက် လစ်ဟင်း စေမှာ အမှန်ပါ။ ကံမကောင်း အကြောင်း မလှရင်တော့ တရားဥပဒေအရ အပြစ်ပေး အရေးယူတာ ခံရနိုင်ပါတယ်။
အဲဒါ တွေကို မလုပ်ရင်တော့ အချိန် လည်း ပိုလာမယ်။ ငွေလည်း ပိုလာမယ်။ ကျန်းမာရေးလည်း ပိုကောင်း လာပါမယ်။ ပိုလာတဲ့အချိန်တွေကို အလုပ်အတွက်၊ မိသားစုအတွက်၊ ဘာသာရေးအတွက် အသုံးချ နိုင်ပါတယ်။

ပိုလာတဲ့ငွေတွေကို မိသားစု အတွက်သုံးဖို့၊ စုဖို့အပြင် လှူဖို့အတွက် လည်း သုံးနိုင်ပါတယ်။ ဒါတွေလုပ်ရင် ဒီလို ဖြစ်မယ်ဆိုတာ လူတိုင်းနီးပါး သိပါတယ်။ ဒါပေမယ့် မကျင့်ကြံနိုင်ကြပါဘူး။ မကောင်းမှန်း သိတဲ့အတိုင်းသာ ရှောင်ကြဉ်နိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဘ၀တွေ ကျန်းမာပျော်ရွှင် ပြီးတော့ လူမှုဘ၀ တိုးတက်လာမှာ ကျိန်းသေပါ။လူမှု စည်းဘောင်များနှင့် ပတ် သက်ပြီး သိသည့်အဆင့်တွင် တန့်နေ ခြင်းက ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွက် ပြဿနာဖြစ်နေသလို ဥပဒေများ၊ ဒီမိုကရစီ နှုန်းစံများနှင့် ပတ်သက်လျှင်မှု သိသည့် အဆင့်သို့ပင် မရောက်သေး သည့် ပြဿနာနှင့် ကြုံနေရသည်။

အခုဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ပြည်သူတွေလိုလားတောင့်တနေတဲ့ စစ် မှန်တဲ့ ဒီမိုကရေစီစနစ်တစ်ခု၊ ကောင်းမွန် တဲ့အစိုးရတစ်ရပ် ပေါ်ထွက်လာဖို့ အတော်ကို နီးစပ်နေပါပြီ။ ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ပေါ်ထွန်းလာတာနဲ့အမျှ တ ရားဥပဒေစိုးမိုးမှု အားကောင်းလာကာ ပြည်သူတွေရဲ့ ဘ၀အေးချမ်းလုံခြုံမှုကို လည်း ခံစားစံစားကြရ တော့မှာပါ။ သို့သော်လည်း လွယ်ကူမှာတော့မဟုတ်။ အစိုးရရော ပြည်သူတွေပါ ဝိုင်းဝန်း ကြိုး စားမှရမှာပါ။ လွှတ်တော်အမတ်တွေ အနေနဲ့လည်း မိမိတို့မသိရှိသေးတဲ့ ဥပဒေတွေ နည်းဥပဒေတွေကို အစွမ်းကုန် လေ့လာကြရမှာပါ။ ခေတ်ကာလနဲ့ လျော်ညီမှု မရှိတော့တဲ့ ဥပဒေတွေကို ပယ်ဖျက်သင့်တာပယ်ဖျက် အသစ်ပြန် လည်ရေးဆွဲသင့်တာကို ရေးဆွဲနိုင်ဖို့ ကြိုးစားကြရ တော့မှာပါ။ လွှတ်တော်အမတ်တစ်ယောက်ဖြစ်တာနဲ့အညီ အနေအထိုင် အပြောအဆို ဆင်ခြင်ရ တော့မှာပါ။ ပြည်သူတွေအတွက် တာဝန် ကျေအောင် ကြိုးစားကြရတော့မှာပါ။

မီးရထားတစ်စင်းမှာ စက်ခေါင်းကောင်း နေရုံနဲ့မရ။ နောက်တွဲတွေပါ ကောင်းမှာ ရမှာပါ။ နိုင်ငံတော်မှာလည်း အစိုးရ ကောင်း နေရုံ ခေါင်းဆောင်ကောင်းနေရုံနဲ့မရ။ ပြည်သူတွေပါကောင်းမှရမှာပါ။
ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်း ကမ်းတွေကိုသိအောင် နားလည်အောင် ကြိုးစားဖို့လိုသလို နားလည်သည့် အတိုင်းလည်း ကျင့်ကြံဖို့လိုပါတယ်။ အစိုးရပိုင်းက အရည်အချင်းပြည့်ဝဖို့ လိုအပ်သလို ပြည်သူတွေလည်း အရည် အသွေးမြင့်ဖို့ လိုလာပါပြီ။

စစ်အစိုးရအဆက်ဆက်နဲ့ နေသား ကျလာခဲ့တဲ့ ကျွန်တော်တို့ပြည်သူ တွေဟာ ဒီမိုကရေစီ ဓလေ့စရိုက်တွေနဲ့ ရင်းနှီးလိမ့် မှာမဟုတ်။
ဒါကြောင့် ဒီမိုကရေစနစ် ကျင့်သုံး တဲ့ နိုင်ငံတွေမှာ နေထိုင်ကြတဲ့ ပြည်သူ တွေ လိုက်နာရမယ့် ဥပဒေစည်းမျဉ်း စည်းကမ်းတွေကို လေ့လာသင်ယူ ကြရ တော့မှာပါ။ တရားဥပဒေကို ပိုပြီးတော့ လိုက်နာ ကြရတော့မှာပါ။ တနည်းအား ဖြင့် ပိုပြီးတော့စည်းကမ်းရှိကြရတော့ မှာပါ။ ဒါမှလည်း ကျွန်တော်တို့နိုင်ငံဟာ အရင်က ရပ်တည်ခဲ့ဖူးတဲ့ အဆင့်ကို ပြန်ရောက်မှာပါ။

ဒီနေရာမှာ ကျွန်တော်တို့တစ်တွေ ဟာ အတွင်းကနေ အပြင်ကို သွားတဲ့နည်း ကို သုံးရမှာပါ။ လူတစ်ဦးချင်း တစ် ယောက်ချင်းက အရင်ဆုံး ကောင်းအောင် လုပ်ပြပြီးတော့ ပတ်ဝန်းကျင်က စိတ်ဝင် စားလာအောင် လုပ်ရမှာပါ။ တစ်ဦး တစ်ယောက်မှသည် ပြည်သူ တစ်ရပ်လုံး ပါဝင်လာအောင် လုပ်ကြရမှာပါ။
ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ ပြည်သူ တွေဖြစ်အောင် ဥပဒေများ၊ ဒီမိုကရေစီ နှုန်းစံများကိုသိအောင် ကြိုးစားကြပြီး တော့ အားလုံး လိုက်နာကျင့်ကြံ နိုင်ကြ မယ်ဆို ကျွန်တော်တို့ရဲ့ဘ၀တွေ တိုးတက်လာပြီး နိုင်ငံတော်လည်း ဖွံ့ဖြိုး တိုးတက်လာမှာ ဧကန်မုချပါပဲ။။