ဈေးမရ ရော်ဘာတို့ရဲ့ မနက်ဖြန်

0
567

ယခုနှစ်ပိုင်းတွေမှာ မွန်၊ ကရင်၊ တနင်္သာရီနဲ့ မြန်မာတစ်နိုင်ငံလုံးက ရော် ဘာစိုက်တဲ့ဒေသတွေမှာ ရော်ဘာဈေးကျတဲ့ ဒဏ်ကို အလူးအလဲ ခံရပါတယ်။ ရော်ဘာ ဈေးတွေ တရိပ်ရိပ်ကျပြီး ဒေသရဲ့ စီးပွား ရေးတန့်ခနဲရပ်တယ်လို့ ထင်ရလောက် အောင်ကို ဖြစ်နေရတဲ့ အခြေအနေပါ။
နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြ ချက်အရကတော့ ဈေးကျနေတာဟာ ကိုယ့်နိုင်ငံတွင်းချည်းမဟုတ်ဘဲ ဒေသ တွင်း နိုင်ငံတွေ အားလုံးကပါ ဖြစ်နေ တာပါ။

ဘာကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာ ကို အဖြေရှာကြည့်တယ်။ အဓိကကတော့ ကမ္ဘာ့စီးပွားရေး ကျဆင်းလို့ ဖြစ်ပါတယ်။ ၂၀၀၈ကမ္ဘာ့စီးပွားရေး ဆုတ်ကပ်ဖြစ်တုန်း ကလည်း ဒီလိုပိုးစိုးပက်စက် ကျဖူးပါ တယ်။ ကမ္ဘာ့စီးပွားရေးကျတယ်ဆိုတဲ့ နေရာမှာ တရုတ်က အဓိကဖြစ်ပါတယ်။ ကမ္ဘာ့စက်ရုံကြီးလို့ တင်စားရတဲ့ တရုတ် မှာစီးပွားရေးကျတော့ မရှိမဖြစ် ကုန်တွေ ကလွဲပြီး (ဥပမာ ကားလိုမျိုး) ကုန်ပစ္စည်း တွေအဝယ်ကျမယ်၊ဒီတော့ ကုန်ချော ထုတ်တာ ကျမယ်၊ ဒီတော့ အကျိုးဆက် အဖြစ် ကုန်ကြမ်းဖြစ်တဲ့ ရော်ဘာအဝယ် လည်း ကျတယ်။
တစ်ဖက်မှာလည်း ရော်ဘာထုတ်လုပ် အားက တိုးလာတယ်။ ဒီတော့ ကုန်တွေ ပုံပြီး ဝယ်လိုအား ရောင်းလိုအား မမျှ တော့ ရော်ဘာဈေးတွေ ထိုးကျတာပေါ့။
အခြားတစ်ဖက်မှာလည်း ရော်ဘာ အစားထိုး သီးနှံပင်တစ်မျိုးကို စမ်းသပ် တွေ့ရှိသွားပြန်တယ်။ ဒီတော့ ရော်ဘာ စိုက်သူကို မှီခိုနေရတဲ့ စီးပွားရေးလုပ် ငန်းတွေအားလုံး ဘ၀ပျက်တော့မှာလား။
ပထမဆုံးတော့ ထိပ်တန်းရော်ဘာ ထုတ်တဲ့ နိုင်ငံဖြစ်တဲ့ ထိုင်းမှာ ဘယ်လို ဖြေရှင်းနေလဲ လေ့လာကြည့်မိတယ်။
yin_thi_article
ထိုင်းက ကုထုံး
ရော်ဘာဈေးကျတဲ့ ဒဏ်အလူးအလဲ ခံနေရတဲ့ကမ္ဘာ့ထိပ်တန်းရော်ဘာထုတ် လုပ်တင်ပို့တဲ့ ထိုင်းနိုင်ငံမှာတော့ နိုင်ငံ တကာ ဈေးကွက်မှာ ၇ နှစ်ဆက်တိုက် ဈေးကျနေတဲ့ဒဏ်ကို အလူးအလဲ ခံနေ ရပါတယ်။ ထိုင်းရော်ဘာစိုက်တောင်သူ တွေကို ကယ်တင်ဖို့ နည်းလမ်းမျိုးစုံ သုံးခဲ့ဖူးပါတယ်။ အဲဒီထဲမှာ ထိုင်းရဲ့ ယခင့်ယခင် အစိုးရတွေက နိုင်ငံတော် ဘဏ္ဍာစိုက်ထုတ်ပြီး ရော်ဘာစိုက် တောင်သူတွေကို ဈေးနှုန်းတစ်ခုနဲ့ သတ် မှတ်ရောင်းချစေခဲ့တာလည်း မူဝါဒ လက် နက်တစ်ခုပါ။

အခုတော့ ထိုင်းရော်ဘာစိုက်သူတွေ ဟာ တစ်ကီလိုကို ဘတ် ၆၀ တိတိရဖို့ တောင်းဆိုနေပြီးအဲဒီဈေးမှမရရင် ဆန္ဒပြ မယ်လို့ ဇန်နဝါရီလက ပြောနေကြပါ တယ်။ အဲဒီဈေးနဲ့ဆိုရင် တစ်ကီလိုကို ဒေါ်လာ ၁.၆၅ လောက် ကျသင့်ပါတယ်။
လက်ရှိ ထိုင်းစစ်အစိုးရကတော့ သူတို့ရဲ့ ဝင်ငွေရလမ်းကို ကူညီပေးနိုင်ဖို့ လက်ရှိပေါက်ဈေးထက်ပိုပေးပြီး ရော်ဘာ စိုက်သူဆီကနေ တိုက်ရိုက် တစ်ကီလို ဘတ် ၆၀ အထိတိုးမြှင့် ဝယ်ယူပေးမယ်လို့ ဆိုထားပြီး ရော်ဘာကနေ ကုန်ချောထုတ် မယ့်စက်ရုံတွေလည်း တည်ဆောက်မယ့် အစီအစဉ် ရှိနေပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ မီးခိုးမှိုင်း တိုက် ပြီးသား ရော်ဘာတစ်ကီလိုဟာ ဘတ် ၄၀ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ ထိုင်း က နိုင်ငံတကာကို တင်သွင်းနေတဲ့ မှိုင်း မခံရသေးတဲ့ရော်ဘာတစ်ပြား (USS3) ဟာ ဘတ် ၃၀ ဝန်းကျင်မှာ ရှိနေပြီး ၂၀၀၈ ဒီဇင်ဘာလက ၃၂.၇ ဘတ်အထိ ကျဆင်းသွားခဲ့တာလို့ ထိုင်းအစိုးရ ရော်ဘာအာဏာပိုင် အဖွဲ့ (Rubber Authority of Thailand) ရဲ့ မှတ်တမ်း တွေအရ သိရပါတယ်။
ထိုင်းရော်ဘာစိုက်သူတွေကတော့ သူတို့ဆီမှာ ပုံနေတဲ့ ရော်ဘာ တန်ပေါင်း သုံးသိန်းခြောက်သောင်း (၃၆၀၀၀၀ တန်) ကို ထိုင်းအစိုးရက တာဝန်ခံ တောင်း ဆိုထားပါတယ်။

ကမ္ဘာ့ရာဘာထုတ်ကုန်ရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကတော့ ရော်ဘာ ပြည်ပတင်ပို့မှုကို လျှော့ချမယ်လို့ ဖေဖော် ဝါရီ လဆန်းက သဘောတူလိုက်ကြပါပြီ။ အဲဒီသုံးနိုင်ငံနဲ့ ဖွဲ့ထားတဲ့ နိုင်ငံတကာ သုံးပွင့်ဆိုင် ရော်ဘာကောင်စီ (ITRC) လို့ခေါ်တဲ့ အဖွဲ့က သဘောတူလိုက်ကြ တာပါ။

သူတို့တွက်ကိန်းကတော့ ကမ္ဘာ့ ဈေးကွက်ထဲ ပစ္စည်းတွေ ပုံနေတာကို ထိန်းနိုင်အောင်၊ အဲဒီကတစ်ဆင့် ဈေးပြန် တက်လာအောင်ပါ။
အခုအချိန်မှာ ရော်ဘာဈေးကို တိုက် ရိုက်သက်ရောက်မှု မရှိသေးပေမဲ့ အာရှ ကရော်ဘာစိုက်သူတွေအတွက် သတင်း ဆိုးတစ်ခု ရှိလာပြန်တယ်။
အဲဒါကတော့ ရော်ဘာအစားထိုး သီးနှံကိုအမေရိကန်မှာ စမ်းသပ်တွေ့ရှိ သွားတာပါ။
ရော်ဘာအစားထိုး သီးနှံဆိုတာမြန်မာနိုင်ငံ တောင်ပိုင်းတစ်ခုလုံးကို ကိုင်လှုပ်ရုံသာမက ထိုင်းအပါအဝင် အာရှရော်ဘာဈေးကွက်ကိုပါ ရိုက်ခတ် စေခဲ့တဲ့ ရော်ဘာအစားထိုး သီးနှံဆိုတာ ဘာပါလိမ့်။

ကမ္ဘာ့စီးပွားရေး သတင်းဌာန တစ်ခုဖြစ်တဲ့ Bloomberg ရဲ့ မနှစ် စက်တင်ဘာလက ထုတ်ခဲ့တဲ့ စီးပွားရေး သတင်းတစ်ပုဒ်အဆိုအရ အမေရိကန် အခြေစိုက် မော်တော်ကားနဲ့ တာယာတွေ ထုတ်တဲ့ Cooper Tire & Rubber Co. က သုတေသီတွေဟာ ဝိုင်ယူလီး (Guayule) လို့ခေါ်တဲ့ ချုံပင်တစ်မျိုးကို ရာဘာနေရာမှာ အစားထိုးပြီး ကား တာယာထုတ်ဖို့ စမ်းသပ်အောင်မြင်ခဲ့ပြီလို့ ဆိုပါတယ်။ ဒီအပင်မျိုးဟာ အမေရိကန် ပြည်ထောင်စု အနောက်တောင်ဘက်နဲ့ မက္ကဆီကို မြောက်ပိုင်းတွေမှာ ပေါက် ရောက်နိုင်ပါတယ်။

ဒီအပင်က ရော်ဘာကို အမှန် တကယ်ပဲ ဈေးကွက်သုံးအတွက် ထုတ် လုပ်နိုင်မယ်ဆိုရင်တော့ အနောက်ကမ္ဘာ့ ရော်ဘာဈေးကွက်မှာ စင်ပေါ်ရောက် သွားမှာပါ။ အာရှနိုင်ငံနိုင်ငံ ငါးနိုင်ငံက အဓိကတင်ပို့နေတဲ့ သဘာဝရော်ဘာကို သာ မှီခိုနေရာကနေပြီး ပြောင်းပြန်ဖြစ် သွားစေမယ့် အနေအထားပါ။
အာရှငါးနိုင်ငံကကမ္ဘာ့ ရော်ဘာ ဈေးကွက်ရဲ့ ၈၁ ရာခိုင်နှုန်းကို အဓိက ချုပ်ကိုင်ထားပြီး ထိုင်းနိုင်ငံက ၃၀ ရာခိုင်နှုန်းနဲ့ အများဆုံး၊ အင်ဒိုနီးရှားက ၂၇ ရာခိုင်နှုန်း၊ မလေးရှားက ၉ ရာခိုင် နှုန်း၊ အိန္ဒိယက ၈ ရာခိုင်နှုန်း၊ ဗီယက်နမ် က ၇ ရာခိုင်နှုန်းနဲ့ ကမ္ဘာပေါ်က ကျန် နိုင်ငံအားလုံးပေါင်း ၁၉ ရာခိုင်နှုန်းစီ တင်ပို့နေတယ်လို့ ကုလသမဂ္ဂ အစား အစာနဲ့ စိုက်ပျိုးရေး အဖွဲ့ (UN Food & Agriculture Organization) ရဲ့ ၂၀၁၁ ခုနစ်က အချက်အလက်အရ သိရ ပါတယ်။
လာမယ့် အနှစ် ၃၀ အတွင်း တရုတ် နဲ့အိန္ဒိယက ကားလိုအပ်မှုများလာတာနဲ့ အမျှ ကားတာယာ ထုတ်လုပ်သူတွေဟာ ရော်ဘာပင်ကနေ ထွက်ကုန် ၇၀ ရာခိုင်နှုန်း လောက် မှီခိုနေရာကနေ တခြားနည်း လမ်းကို ရှာဖွေနေကြတာလည်း ဖြစ် ပါတယ်။

၂၀၁၅ ခုနစ်၊ ဩဂုတ်လက အမေ ရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် လမ်းပေါ်မှာ ဝိုင်ယူလီးကို စမ်းသပ်ချက် တွေ လုပ်ခဲ့ပါတယ်။ ဝိုင်ယူလီး အပင်နဲ့ ရော်ဘာကို ပေါင်းစပ်ထုတ်လုပ်ထားတဲ့ တာယာတွေဟာ ဈေးကွက်မှာ ရှိပြီးသား တာယာလိုပဲ သုံးလို့ရနေတာကို တွေ့ရှိခဲ့ ပါတယ်။
လာမယ့် ၂၀၁၇ ခုနစ်မှာတော့ စီမံကိန်း သုတေသီတွေဟာ ဝိုင်ယူလီး အပင်ရဲ့ ရော်ဘာကိုသာသုံးပြီး သီးသန့် တာယာကို ထုတ်ကြည့်ဖို့ စီစဉ်ထားပါ တယ်။
တကယ်တော့ အမေရိကန် သိပ္ပံ ပညာရှင်တွေနဲ့ စွန့်ဦးတီထွင်သူတွေဟာ ပြည်ပက (အထူးသဖြင့် အာရှက) တင် သွင်းတဲ့ ရော်ဘာပေါ်မှာ မှီခိုနေရတာကို ရပ်ဖို့ ကြိုးစားနေတာ ရာစုနှစ်တစ်စု ကျော်ခဲ့ပါပြီတဲ့။ ဆိုလိုရင်းက အာရှက ဝယ်နေရတဲ့ ရော်ဘာကို အစားထိုးဖို့ လုပ် နေကြတာ နှစ် ၁၀၀ ကျော် ရှိပြီပေါ့။
ဂျပန်ကားတာယာထုတ်တဲ့ မြငိါနျအသညန ဃသမစ ကတော့ ဝိုင်ယူလီး ရော်ဘာကို ပြီးခဲ့တဲ့ တစ်နှစ် ကတည်းက သုတေသနစင်တာမှာ စတင်လေ့လာ နေပါပြီ။

Bridgestone ကတော့ ဝိုင်ယူလီး အပင်ကနေ ထွက်တဲ့ရော်ဘာသက်သက် နဲ့သာ ထုတ်ထားတဲ့ ကားတာယာကို စမ်းသပ်ထုတ်နိုင်ပြီလို့ မနှစ်က ကြေညာ ထားပါတယ်။ ဒီလိုထုတ်လုပ်နိုင်တဲ့အတွက် Bridgestone ကတော့ ဝိုင်ယူလီး ချုံပင် ဟာ အနာဂတ် တာယာလောကထဲ နေရာ ယူလာနိုင်မယ်လို့ စဉ်းစားနေပါတယ်။ အခုတော့ အဲဒီတာယာတွေကို ၂၀၂၀ နောက်ပိုင်းမှာ တကယ်အသုံးပြုလာနိုင်ဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိမှာ အဲဒီအပင်ကနေ တာယာ စမ်းထုတ်ထားတာ ကမ္ဘာ့တာယာ ဈေး ကွက်ကို လွှမ်းမိုးထားတဲ့ Bridgestone, Cooper Tire & Rubber နဲ့ Apollo Vredestein သုံးဖွဲ့ရှိနေပါပြီ။

အဓိကကတော့ အမေရိကန်မှာ တာယာစက်ရုံ ၁၆ ရုံရှိတဲ့ Bridgestone အနေနဲ့ အရှေ့တောင်အာရှလို အပူပိုင်း ဒေသမှာပဲ စိုက်လို့ရတဲ့ ရာဘာ ၉၀ ရာခိုင်နှုန်းလောက်ကို တင်ပို့နေမယ့်အစား အမေရိကန်နဲ့ မက္ကဆီကိုမှာပဲ စိုက်လို့ရတဲ့ ချုံပင်ကို အစားထိုးဖို့ စိတ်ဝင်စားပုံပါပဲ။
ရော်ဘာကိုသာ အဲဒီဒေသတွင်း ကိုယ်ပိုင်အဖြစ်သာ စိုက်နိုင်ခဲ့ရင် Bridgestone က အာရှကနေ ကုန်ကြမ်း သယ်ယူစရိတ်အပြင် အခြားကုမ္ပဏီတွေ ကနေ ကုန်ကြမ်းအဝယ်စရိတ် သက်သာ သွားမှာ ဖြစ်ပါတယ်။

ယနေ့သုံးနေရတဲ့ ရော်ဘာတွေဟာ ရေနံက ထွက်ရှိတဲ့ ရော်ဘာအချို့ပါဝင်ပြီး သဘာဝထွက် ရော်ဘာကတော့ မရှိမဖြစ် ပစ္စည်းပါပဲတဲ့။ ဘာလို့ဆို သူက လေ ယာဉ်တွေနဲ့ ထရပ်ကားကြီးတွေလိုမျိုးမှာ လိုအပ်တဲ့ တာယာကြီးတွေအတွက် အပူ ဒဏ်ကို ခံနိုင်၊ ကွဲရှတာနဲ့ အကြမ်းခံ နိုင်လို့ပါပဲ။
အမေရိကန်အစိုးရကတော့ သဘာဝ ရော်ဘာဟာ မရှိမဖြစ် စိုက်ပျိုးရေး ပစ္စည်း တစ်ခုလို့ ထည့်သွင်းစဉ်းစားနေပေမယ့် ဝိုင်ယူလီးအပင်စိုက်ဖို့ စီမံကိန်းမှာလည်း အမေရိကန် စိုက်ပျိုးရေးဌာနက ကန် ဒေါ်လာ ၆.၉ သန်း မြှုပ်နှံထားပါတယ်။ ဒီအပင်ကနေ ရော်ဘာအထွက်နှုန်း တိုးဖို့ လည်း အစိုးရဌာနက ကောနဲလ်တက္ကသိုလ် က သုတေသီတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။
ရော်ဘာပင်လို့ ဒေသခံတွေ အလွယ်နှုတ်ကျိုးနေတဲ့ အပူပိုင်းနိုင်ငံ တွေမှာ ပေါက်ရောက်တဲ့ Hevea Trees အမျိုး အနွယ်အပင်ရဲ့ နို့ရောင်အစေးတွေဟာ သဘာဝရော်ဘာကို ထုတ်ပေးနိုင်စွမ်းရှိပါတယ်။

ရော်ဘာအစားထိုး ဝိုင်ယူလီးအပင် တွေကတော့ ရော်ဘာလို ၇ နှစ်လောက် အချိန်ယူစိုက်စရာမလိုဘဲ အစေးတွေကို လက်နဲ့ လိုက်ခြစ် ဖို့လည်းမလိုပါဘူး။ ဝိုင်ယူလီးဟာ ချုံပင်ပုံစံရှိပြီး ကန္တာရ လိုနေရာ မျိုးမှာ ပေါက်ပါတယ်။ ၂ နှစ်လောက် စိုက်ပြီးတာနဲ့ အပင်ကနေ အစေးထုတ်လို့ရတယ်လို့ ဆိုပါတယ်။ ၁၈ လလောက်ပဲ စိုက်ရပြီး အပင်တခုလုံးကို ဖြတ်ပြီးတဲ့အခါ ကျန်တဲ့အမြစ်ကနေ နှစ်ပေါင်း များစွာ ပြန်ကြီးတဲ့အတွက် အမေရိကန် အနောက်မြောက်ပိုင်းက ဈေးကွက်မကောင်းတော့တဲ့ ဝါဂွမ်းစိုက်တောင်သူတွေအတွက် ဝမ်း သာစရာသတင်းလို့လည်း ပြောဆိုနေကြပါတယ်။
အာရှက ရော်ဘာစိုက်သူတွေအတွက်တော့ သတင်းဆိုးပေါ့။
ရော်ဘာပင်ကများပြားပြီး ဈေးပေါနေပေမယ့် အမေရိကန်နဲ့ တရုတ်က ကားအရောင်းသွက်နေပြီး ကမ္ဘာ့ရော်ဘာ တင်ပို့မှု အများဆုံး ထိုင်းမှာ ရေဘေးကြုံရတဲ့ ၂၀၁၁ ခုနစ်တုန်းက အခုဈေးထက် သုံးဆ ကြီးပါတယ်။

လမ်းဆုံးပြီလား
ရော်ဘာတစ်ခေတ်လို့တောင် တင်စားရလောက်အောင် တစ်သက်၊ မြင်မြင်သမျှ အပင်စိမ်းတွေက ရော်ဘာဖြစ်၊ ရော်ဘာက ရွှေသီးခဲ့ရတဲ့ ဘ၀တွေ။ ဘယ်တိုင်း၊ ဘယ်ပြည်နယ်ကိုတော့ဖြင့် ရွှေဖြူလွှမ်းရမယ် ဆိုတဲ့ အဖြစ်တွေ။
မိုးမလင်းခင် အစေးလှီးသွား၊ တချို့က ညနက်ဦးပိုင်းလှီး၊ မနက်ပိုင်း အစေးတွေ ပြန်ရုပ်။ ပုံးကြီးပုံးငယ်နဲ့ ရော်ဘာရည်စေး နွားနို့ဖြူဖွေးဖွေး အရည်တွေကို လောင်မီးနဲ့စပ်၊ လေးထောင့်ပုံခဲအောင်ထားပြီးရော်ဘာ ကြိတ်စက်နဲ့ လက်ညောင်းအောင် ကြိတ်ခဲ့ရတဲ့ ရော်ဘာစိုက်သူတွေ။ ရော်ဘာပြားနံ့စိမ်းရွှင်ရွှင်ကို တစ်အိမ်လုံးအနှံ့ တစ်သက်တာရှုကာ သားသမီး မြေးမြစ် ကျောင်းထား ကျွေးမွေးခဲ့တဲ့ မိသားစုတွေ။

ထိုင်းက သူဌေးနဲ့ သူ ၆၀ (ရာခိုင် နှုန်း)၊ ကိုယ် ၄၀ (ရာခိုင်နှုန်း) မခိုမကပ် ရသလောက် အစေးလှီးပြီး အိမ်ကို ငွေပို့ထောက်ပံ့၊ တိုက်အိမ် ပြန်ဆောက်နိုင်ခဲ့တဲ့ ခေတ်တွေ။

ရော်ဘာနဲ့ဆက်စပ် ရော်ဘာပစ္စည်း ရောင်းသူတွေ၊ ရော်ဘာက ငွေသီးလို့ လိုသလို သုံးနိုင်ဖြုန်းနိုင်ခဲ့ရတဲ့ အခြေကနေ အခုတော့ ရော်ဘာတစ်ပေါင် ကျပ် ၅၀၀ အနိုင်နိုင်မို့။ အလုပ်သမားခတောင် မကိုက်လို့ မခြစ်ဘဲ နားထားရတဲ့ ခြံတွေ အများကြီး။
ကမ္ဘာကြီးကတော့ ရော်ဘာကုန်ကြမ်း ဝယ်လိုအားကို လျှော့ချနိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ပြင်နေကြပါပြီ။
ထိုင်းကတော့ ရော်ဘာကုန်ကြမ်းအစား ကုန်ချောထုတ်နိုင်တဲ့ စက်ရုံတွေဘက် စတင်ခြေဦးလှည့်မယ်လို့ ဒီနှစ် ဆန်းပိုင်းမှာ အာဏာ သိမ်းစစ်အစိုးရက ဆိုထားပါတယ်။ ရော်ဘာ အထူးစက်မှုဇုန်တွေ ထောင်မယ်ဆိုပြီး ဒီလထဲမှာပဲ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။
ပြည်တွင်းမှာ ပုံနေတဲ့ ရော်ဘာတွေကိုသုံး၊ အဆင့်မြင့်ကုန်ချော ပစ္စည်းတွေထုတ်မယ်၊ ပြည်တွင်းကိုလည်း ရောင်းမယ်ပေါ့။ ဒါမှ ဝယ်လိုအားလေး ပိုတက်လာပြီး ရော်ဘာစိုက်သူတွေလည်း ကိုက် လာမယ်ပေါ့။

မြန်မာပြည်မှာကော။
ရော်ဘာဟာ ကမ္ဘာလုံးချီဖြစ်စဉ် တစ်ခုပါ။ အစိုးရက ဘယ်လို မူဝါဒမျိုးတွေချပြီး မြန်မာ့ ရော်ဘာစိုက်တောင်သူတွေကို ကယ်ပေးနိုင် မလဲ။
ရွာက ခြံစိုက်တောင်သူတွေကကော ဘယ်လို ကြိုပြင်၊ ကြိုကာ ကြမလဲ။ ကိုယ့်မနက်ဖြန်တွေဟာ ဒီနေ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပါတယ်။

ကိုးကား- – Bloomberg, Reuters, Bangkok Post