မိခင်က မီးခွက်ဆီဖြည့်စဉ် သမီး ဖြစ်သူအား မီးစွဲလောင်

0
441

မိခင်ဖြစ်သူက မီးခွက် ဆီဖြည့်စဉ် မီးဟပ်မှု ဖြစ်ပွားပြီး အနီးတွင် ထမင်း စားနေသည့် သမီးဖြစ်သူအား မီးစွဲလောင် ခဲ့မှုတစ်ခု ကော့သောင်းမြို့၊ စူငယ် ဘာလိုင်းကျေးရွာအုပ်စု၊ လိပ်ကျွန်း ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၀ ရက် ညက ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင် ၏ မိဘများထံမှ သိရသည်။


ယင်းနေ့ ည ၉ နာရီခန့်တွင် မိခင် ဖြစ်သူက တစ်ဂါလံဝင် ဆီပုံးဖြင့် မီးခွက် ဆီဖြည့်နေစဉ် မီးဟပ်သဖြင့် လန့်ပြီး လွှတ်ချလိုက်ရာမှ ဆီများထွက်ကျပြီး အနီးရှိ သမီးဖြစ်သူကို ယင်းသို့ မီး ကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
” ဒီဆီပုံးက လမ်းကကောက်ရခဲ့တာ တစ်ပတ်ကျော်ပြီ၊ လှေထဲက စက်မှာ ထည့်သုံးခဲ့သေးတယ်၊ ခုအိမ်မှာ မီးထွန်း ဖို့သုံးမှ ဒီဇယ်နှင့်ဓာတ်ဆီရော နေမှန်း သိတယ်၊ ဓာတ်ဆီပါနေလို့မီး ထဟပ် တာပါ” ဟု ဖခင်ဖြစ်သူ ဦးချစ်ညွန့်က ပြောသည်။
၁၃ နှစ်အရွယ်သမီးဖြစ်သူမှာ တစ် ကိုယ်လုံးနီးပါး လောင်ကျွမ်းခဲ့ပြီး ၃ နှစ် ရွယ်သားငယ် တစ်ယောက်မှာ ခြေထောက် တွင် လောင်ကျွမ်းခဲ့သည်ဟု ဦးချစ်ညွန့် က ရှင်းပြသည်။
သမီးဖြစ်သူသည် အ.မ.က(ခွဲ)၊ လိပ်ကျွန်းကျောင်းမှ  စတုတ္ထတန်း ကျောင်းသူဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် တွင် အတန်းတင်စာမေးပွဲ ဖြေဆိုရမည် ဖြစ်သည်။ လက်ရှိတွင် ကော့သောင်း ပြည်သူ့ဆေးရုံတွင် အရေးပေါ် ကုသမှု ခံယူနေရသည်။