ထားဝယ်ဒေသတွင် ၂ ရက်အတွင်း မီးလောင်မှု ၇ မှုဖြစ်

0
442

ထားဝယ်ခရိုင်အတွင်း ဖေဖော်ဝါရီ လ ၇ရက်နှင့် ၈ ရက်တို့တွင် နေရာအနှံ့ မီးလောင်မှု ၇ ခု ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ သိရသည်။ ယင်းမီးလောင်မှုများအနက် ကမြောကြီးကျေးရွာ၊ ကဘူတောင် မီးလောင်မှုနှင့် မောင်းမကန်ကမ်းခြေ မီးလောင်မှုများသည် အိမ်နှင့် စားသောက် ဆိုင်၊ ဈေးဆိုင်များ မီးလောင်ကျွမ်းမှု ဖြစ်ပြီး ကျန် မီးလောင်ကျွမ်းမှုများမှာ တောမီးလောင်ကျွမ်းမှုများ ဖြစ်သည်ဟု အထက်ပါ ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာ၊ ကဘူတောင်တွင် ဖေဖော်ဝါရီ လ ၇ ရက်၊ မွန်းလွဲပိုင်းက ကြက်ခြံအနီး အမှိုက်ပုံမီးရှို့ရာမှတစ်ဆင့် ဖြစ်ပွားသည့် မီးလောင်မှုကြောင့် အိမ် ၁၅ အိမ် မီးလောင် ကျွမ်းခဲ့ပြီး လူ ၆၉ ဦး မီးဘေးသင့်ခဲ့သည်။
fire_7_time
မောင်းမကန် ကမ်းခြေတွင် ဖေဖော်ဝါရီ ၈ ရက် နံနက် ၃ နာရီ ခွဲခန့်အချိန်က ထရန်စဖော်မာမှ မီးပွား မြက်ခြောက် ပေါ်ကျရာမှ ဖြစ်ပွားသည့် မီးလောင်မှုတွင် စားသောက်ဆိုင်နှင့် ဈေးဆိုင် ၁၁ ဆိုင် မီးလောင်ကျွမ်းခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာမှ သိရသည်။
ဖေဖော်ဝါရီ ၇ ရက်တွင် လောင်းလုံး မြို့နယ်၊ စမ်းလှမ်းကျေးရွာ၊ ထားဝယ် မြို့နယ် ကနိုင်းဒါကျေးရွာ၊ လျောင်းတော် မူ ရုပ်ပွားတော်အနီး၊ သာယာကုန်း ကျေးရွာတွင် ဥယျာဉ်ခြံ မီးလောင်မှု၊ အိမ်ရှေ့ပြင် ဘုန်းတော် ကြီးကျောင်းအနီး လယ်ကွင်းမီးလောင်မှုနှင့် ထားဝယ် စီမံကိန်း ဧရိယာအတွင်း မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း အထက်ပါ ဦးစီးဌာန က ပြောသည်။

မောင်းမကန် ကမ်းခြေ မီးလောင်မှု တွင် ခန့်မှန်း ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၉၀ ရှိပြီး ကဘူတောင်မီးလောင်မှုတွင် ကျပ် ၆၄ သိန်း ဆုံးရှုံးသည်ဟု တိုင်းမီး သတ်ဦးစီးဌာနမှ ထုတ်ပြန်သည်။တရုတ်ပြည်မကြီးမှ အရှေ့လေပြင်း တိုက်ခတ်မှုကြောင့် ကပ္ပလီပင်လယ် တောင်ပိုင်း တနင်္သာရီကမ်းရိုးတန်းနှင့် ကမ်းလွန် ပင်လယ်ပြင် ဖေဖော်ဝါရီလ ၇ရက်မှ ၈ရက်နေ့အတွင်း လေပြင်းတိုက် ခတ်ခြင်း၊ လှိုင်းကြီးများဖြစ်နိုင်ကြောင်း မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က လူမှုကွန်ရက် စာမျက်နှာ(ဖေ့စ်ဘုတ်)တွင် ရေးသားထားသည်။