သတိထား ကျော်လွှားရမယ့် ကတ်ကြီးသုံးပါး

0
1002

ကျွန်တော်တို့ငယ်စဉ်က လူကြီး မိဘဘိုးဘွားများကို ကန်တော့တိုင်း ကပ်ကြီးသုံးပါး ကျော်လွှား နိုင်ပါစေလို့ ဆုပေးလေ့ရှိပါတယ်။ သတ္ထန္တရကပ်၊ ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ် ဆိုတဲ့ ကပ်ဘေးကြီး သုံးပါးကနေ ကျော်လွှား နိုင်ဖို့ ဆုပေးကြတာပါ။ ယခုမျက်မှောက် ကာလမှာလည်း ကမ္ဘာတစ်ဝှမ်း အ ကြောင်းအမျိုးမျိုးကြောင့် လူသား အပေါင်း ကပ်ဘေးကြုံလျက်ရှိပါတယ်။

ရာသီဥတုဖောက်ပြန်လို့၊ ရောဂါအမျိုးမျိုး နှိပ်စက်လို့၊ စစ်ပွဲတွေဖြစ်လို့ စတဲ့ အကြောင်းကြောင်းကြောင့် ဆင်းရဲဒုက္ခ ရောက်နေကြပါတယ်။
ကျွန်တော်တို့နိုင်ငံမှာတော့ အဲဒီ ကပ်ကြီးသုံးပါးအပြင် ခေတ်သစ်ကတ် ကြီး သုံးပါးလည်း ကျရောက်လျက်ရှိနေ ပါတယ်။ တချို့က တစ်ကတ်၊ နှစ်ကတ် နဲ့ တချို့ကတော့ သုံးကတ်စလုံး တစ်ပြိုင်နက်တည်း ကြုံနေရပါတယ်။ ဒီခေတ်သစ်ကတ်ကြီးတွေကတော့MPTကတ်၊ Telenor ကတ်နဲ့ Ooredoo ကတ်တို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၂ခုနှစ်မှာ တယ်လီဖုန်းအသုံးပြုသူ ၁ သန်း ဝန်းကျင်လောက်ရှိပါတယ်။ ၂၀၁၃ ခု မတ်လ အကုန်မှာ အသုံးပြုသူ ၄.၄သန်း လောက်သာ ရှိနေရာကနေ ၂၀၁၅ခုနှစ် မတ်လအကုန်မှာတော့ ၁၈.၁ သန်း အထိ ရှိလာပါတယ်။ ၂၀၁၆မတ်လအကုန် မှာတော့ အရေအတွက် အများကြီး တိုးလာနိုင်ပါတယ်။ ယခုအချိန် မှာတော့ ၁၈.၁ သန်းဆိုတာကို လူဦးရေနဲ့ပြောလို့ မရတော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတစ်ယောက် ကို ဆင်းကတ်တစ်ကတ် ကနေ သုံးကတ်လောက်ထိ အသုံးပြုနေ ကြပြီး တစ်ချို့ဆို အဲဒီအရေအတွက် ထက်လည်း ပိုနိုင်ပါသေးတယ်။
၂၀၁၄ခုနှစ် ဩဂုတ်လအထိMPT တစ်ခုတည်းကသာ ဈေးကွက်ဝန်ဆောင်မှု ပေးနေရာက Telenor နဲ့ Ooredoo တို့ကိုပါ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ MPT က ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ KDDIနဲ့ ပူးပေါင်းပြီးတော့ အင်တာနက် ကွန်ရက်တွေကို အဆင့်မြှင့်တင်လို့ Telenor Ooredoo တို့နဲ့ အပြိုင် ဝန်ဆောင်မှုတွေပေးရင်း ဈေးကွက်ဝေစု လုနေရပါပြီ။ ဥသမနိသသ က၂၀၁၅ခုနှစ် မတ်လအကုန်ထိ ဖုန်းကတ် အသုံးပြုမှု ၃.၃သန်း၊ Telenor က ၂၀၁၅ခုနှစ် မတ်လအကုန်ထိ ၆.၄ သန်းနဲ့ MPT  ကတော့ယခင် အသုံးပြုမှု ၁၁သန်း လောက် ရှိနေရာက ၈.၄သန်း အထိ ကျဆင်းသွားခဲ့ပါတယ်။ ပြည်သူတွေ လည်း မုန့်လက် ကောက်စား ရတာများ လိုMPT ကို စိတ်နာသွားတယ် ထင်ပါ တယ်။ သိကြတဲ့အတိုင်းပါပဲ အရင်တုန်း က အင်တာနက်ဖွင့်လိုက်ရင် အဝိုင်းလေး လည်နေတာကို ကြည့်နေရင်းနဲ့ပဲ ခန္တီ ပါရမီ ဖြည့်ကျင့်ခဲ့ရတယ် မဟုတ်လား။
အခုအချိန်မှာတော့ ဝန်ဆောင်မှုတွေ အပြိုင်အဆိုင်ပေးနေကြလို့ အသုံးပြု သူတွေလည်း ဟိုဟာကောင်း နိုးနိုး ဒီဟာ ကောင်းနိုးနိုးနဲ့ အစမ်းဝယ်သုံးရင်းက တစ်ယောက်ကို ကတ်သုံးကတ် အနည်း ဆုံး ပိုင်သွားကြပါတော့တယ်။ ဆင်ဖိုးထက် ချွန်းဖိုးကဲ ဆိုတဲ့ မြန်မာ စကားပုံဟာ အခုချိန်မှာတော့ အတော်ကို မှန်ပါတယ်။ အခုအချိန်မှာ ဆင်းကတ် တစ်ကတ်ရဲ့တန်ဖိုးက ၁၅၀၀ ကျပ်တည်းပါ။ အဲဒါကို အရင်တုန်းက လူတွေကတော့ သိန်းဆယ်ချီပေးပြီး ဝယ်သုံးခဲ့ဖူးကြလေရဲ့။ ဟန်းဆက်ဝယ် ရင် ဖုန်းကတ် အလကားပေးတဲ့ ခေတ် ရောက်နေပါပြီ။ ဟန်းဆက်ဖိုးကတော့ ကိုယ့်အပေါ်မှာ မူတည်ပေမယ့် ငွေဖြည့် ကတ်ဖိုးကတော့ အတော်ကို အထိနာ ပါတယ်။ တစ်လ တစ်လ ငွေဖြည့်ကတ်ဖိုး နဲ့တင် အတော် အကုန်အကျများပါ တယ်။ အခုဆို လူတန်းစား အလွှာ အသီးသီး ဖုန်းကိုင်လာနိုင်ကြတာကို တွေ့ရပါတယ်။ အခုလိုအသုံး ပြုလာနိုင် တာ ဝမ်းသာစရာကောင်း လွန်းပါတယ်။

ဒါပေမယ့် နောက်ဆက်တွဲ ပြဿနာလေး တွေတော့ ရှိနေပြန်ပါတယ်။ ဖုန်းကို လူတစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ဖို့အတွက် အသုံးပြုမယ်ဆိုရင်တော့ တကယ်ကို အကျိုးရှိပြီး ငွေကုန်ကြေးကျလည်း နည်းပါတယ်။ ဒါပေမယ့်  မလိုအပ်ပဲ တောင်တောင်အီအီ  ဖုန်းပြောကြတာက ကုန်ကျစရိတ်ကို တရိပ်ရိပ်တက်စေသလို အင်တာနက် အသုံးပြုမယ် ဆိုရင်တော့ ငွေကုန်ကြေးကျ ပိုများလာပါတယ်။
ဝင်ငွေ ကောင်း တဲ့သူတွေအတွက် ပြဿနာမရှိ ပေမယ့် ဝင်ငွေနည်းပါး သူတွေအတွက်တော့ စဉ်းစားစရာပါ။ ပိုလျှံငွေ မစုဆောင်းမိဘဲ အဲဒီငွေတွေကို ဖုန်းငွေဖြည့်ကတ်ဖိုးကပဲ စားသွားမှာပါ။ အင်တာနက် အသုံးပြုလို့ အကျိုးမရှိဘဲ ငွေတွေ အလဟဿ ကုန်သွားတာတော့ မဟုတ်ပါဘူး။ အကျိုးရှိအောင် အသုံးချ တတ်မှ တကယ်အကျိုးရှိမှာပါ။အင်တာနက်ကြောင့် ကိုယ်မသိ သေးတာတွေ အလွယ်တကူသိနိုင်သလို၊ ကွဲကွာနေကြတဲ့ မိတ်ဟောင်းဆွေ ဟောင်းတွေနဲ့လည်း ပြန်လည်အဆက် အသွယ် ရနိုင်ပါတယ်။
အင်တာနက်ကြောင့် ဘ၀ပျက် ရတာရှိသလို အင်တာ နက်ကျေးဇူးကြောင့် အကူအညီ ရသွားကြတဲ့သူတွေလည်း ရှိကြပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက် အသုံး ပြုသူတွေထဲက ၈၈ ရာခိုင်နှုန်းဟာ လူမှုကွန်ယက် အသုံးပြုကြပြီး၊ ၂၂ ရာခိုင်နှုန်းကသာ ပညာရေး၊ စီးပွားရေး အတွက် အသုံးပြုကြတာပါ။ လူမှု ကွန်ရက် အသုံးပြုသူတွေ အနေနဲ့ အကျိုး ရှိတဲ့ ပို့စ်တွေကို ရွေးဖတ်တတ်မယ်ဆိုရင် အကျိုးရှိမှာဖြစ်ပေမယ့် တစ်ချိန်လုံး Chatting ပဲဝင်နေမယ်၊ အပြာကား ဝဘ်ဆိုက်တွေမှာပဲ အချိန်ကုန်နေမယ် ဆိုရင်တော့ ငွေကုန်အချိန်ကုန်ရ ကျိုးနပ် မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ အိပ်ကပ်ထဲက ငွေ တွေကို ဝန်ဆောင်မှု အမျိုးမျိုး ဘန်းပြပြီး နှိုက်ယူနေတဲ့ လက်မည်းကြီးတွေကို ကျွန်တော်တို့ သတိထားကြရတော့မှာပါ။ အမှန်တကယ်အကျိုးရှိမယ့် ကိစ္စတွေ အတွက်ပဲ အင်တာနက်ကို အသုံးပြုပြီး တော့ အမှန်တကယ်  ဆက်သွယ်ဖို့ လိုအပ် သူဆီကိုပဲ ဖုန်းဆက်ခြင်းအားဖြင့် ကျွန်တော် တို့ရဲ့ ငွေကြေးတွေကို ချွေတာနိုင်မှာပါ။
ကျွန်တော်တို့ပြည်သူတွေ ခေတ်သစ် ကတ်ကြီးသုံးပါးရဲ့ ကပ်ဘေးကနေပြီး တော့ သတိထား ကျော်လွှားနိုင်ပါစေ။