သံဖြူဇရပ် အဝေးပြေးဝင်း မတ်လ အတွင်း ဖွင့်မည်

0
501

မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ ငွေကျပ် သိန်းပေါင်း ၇၈၀၀ ဖြင့်ပြန်လည် တည် ဆောက်ထားသည့် သံဖြူဇရပ် အဝေး ပြေးကားဝင်းကို မတ်လအတွင်း ဖွင့်လှစ် သွားသည်ဟု သံဖြူဇရပ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌက ပြော သည်။

သံဖြူဇရပ်အဝေးပြေးကားဝင်း အသစ် ပြန်လည်တည်ဆောက်ခြင်းကို တင်ဒါ အောင်ထားသည့် ကောင်းစုအေး ကုမ္ပဏီက ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၁ ရက်မှ စတင်တည်ဆောက်ခဲ့ပြီး တည်ဆောက်မှုကာလကို ၆ လဖြင့် စီမံကိန်းကိုစတင် အကောင်အထည် ဖော်ခဲ့သည်ဟု အထက်ပါ ဥက္ကဋ္ဌက ပြော သည်။
“ဆောက်မယ့်ကာလကို ၆ လ ဒီဇန်နဝါရီမှာ ပြည့်တာပေါ့ ဒါပေမယ့် လုပ်စရာနည်းနည်းကျန်နေတော့ ၁၅ ရက် သက်တမ်းထပ်တိုးထားတယ်၊ ပြီးရင် တော့ ပြန်အပ်မှာပေါ့၊ မတ်လ ၁၉ ရက် မွန်ပြည်နယ်နေ့မှာ ဖွင့်ပွဲလုပ်ဖို့ မှန်းထား တယ်” ဟု သံဖြူဇရပ်မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်က ပြောသည်။

ယခုနှစ်ပိုင်းအတွင်း အထိုက် အလျောက် တိုးတက်လာသည့် သံဖြူ ဇရပ်မြို့သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် အဝေးပြေး ယာဉ်လိုင်း များပြားလာကာ အဝေးပြေး ယာဉ်ရပ်နားစခန်းမရှိသည့်အတွက် လမ်းဘေးတွင် သင့်တော်သလို ထိုးရပ် ကြကာ လူတင်၊ လူချပြုလုပ်နေခြင်း ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြင့် အတော် အဆင်မပြေသည့် အနေအထား ရှိသည်ဟု ၎င်းက ပြောသည်။မြေဧရိယာ ၄ ဒဿမ ၅ ဧကခန့် ကျယ်ဝန်းသည့် အဆိုပါ အဝေးပြေး ကွင်းအတွင်း ယာဉ်လိုင်းပေါင်း ၂၀ ခန့် ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

“အခုက ကားတွေကလည်းများ လာတယ်၊ ယာဉ်ရပ်နားစခန်းမရှိတော့ အဝေးပြေးယာဉ်တွေဆို ဒီအတိုင်းပဲ လမ်းဘေးမှာရပ်ထားတယ်၊ လမ်းက လည်းကျဉ်းကြပ်ပိတ်နေတာပဲ၊ အန္တရာယ် လည်းများတယ်” ဟု သံဖြူဇရပ်မြို့ခံ တစ်ဦးကလက်ရှိအခြေအနေကို ပြော သည်။
သံဖြူဇရပ် အဝေးပြေးကားကွင်းကို လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်ခန့်က စတင် တည်ဆောက်ထားခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အသုံးပြု ခြင်း မရှိဘဲ ၂၀၁၅ ခုနှစ်ရောက်မှသာ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ မှ တည်ဆောက်ခဲ့သည်။
အဝေးပြေး ကားကွင်းတည်ဆောက် ပြီးစီးပါက မြို့အတွင်းရှိ အဝေးပြေး ကားများအားလုံး ဝင်းအတွင်း၌သာ ရပ်နားရတော့မည်ဟု သံဖြူဇရပ် စည် ပင်သာယာရေးကော်မတီမှ သိရသည်။