ရော့ခ်စတားကို မွေးဖွားသူ

811
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

“ဂစ်တာ ကစားရင်.. လူတွေသိပ် အထင်သေးတယ်၊ နားမထောင်ဘဲ.. ခေတ်ပြောင်းစ မို့ပါပဲ..”
ထားဝယ် ညောင်ရမ်းတောင်ရပ် လမ်းသွယ်ထဲရှိ အိမ်နံပါတ်တပ် မထား သော အုတ်ခံပျဉ်ကာ နှစ်ထပ်အိမ်ငယ် လေးထဲမှ ဂီတသံစဉ်များ နေ့စဉ် ထွက် ပေါ်နေလေ့ရှိပါသည်။ သစ်လွင် လတ် ဆတ်သည့် တေးသီချင်းဆိုညည်းသံများ ကလည်း ဝန်းကျင်ကို လတ်ဆပ်နေစေ မြဲ..။


အိမ်ထဲတွင် နုပျိုတက်ကြွနေသော လူငယ်များ မပြတ်မလပ်..။ အိမ်အောက် ထပ်တွင် ထားဝယ်လူငယ်များ၏ ဂီတ ဝိညာဉ်နှင့် အသစ်အသစ်သော အနုပညာ ဖန်တီးမှုများအား ပုံဖော်ရာ အခန်းငယ် တစ်ခု..။
အခန်းအမည်က “Rock Star Studio”..။
ထိုစတူဒီယိုရဲ့ပဲ့ကိုင်ရှင်က စော ဒေးဗစ်..။
သူ့မေးရိုးကားကားက ပုခုံးကျော် နေသည့် ဆံပင်အောက်မှ ထိုးထွက်နေ၏။ သူ့လက်တွေ ဂီတာကိုပွေ့ဖက်ထားပုံက အပြန်အလှန် အားကိုးအားထား ပြုရတဲ့ မိတ်ဆွေရင်းကြီး ထွက်ပြေးသွားမှာ စိုး ထိတ်သလို ချစ်မက်ခုံမင် တွယ်တာ မြတ်နိုးစွာ..။ သူ၏ဂီတလောက ဖြတ် သန်းမှုကို ပြန်ပြောပြသော သူ့လေသံ တွေက သူ့မျက်လုံးတွေလို ရှက်ရွံ့ တည်ငြိမ် တိုးသက်ရီဝေ..။
“ကျွန်တော် ဂစ်တာ စတီးသင်တော့ ပထမတန်း ကျောင်းသားလေ..”

rock_star_studio
နွေကျောင်းပိတ်တိုင်း ပြန်လေ့ရှိ သော ဥယျာဉ်ရှိရာ ဆိတ်ဖြုံးရွာသို့ ရောက်နေချိန် ၆နှစ်သားအရွယ်တွင် ဦးလေး သင်ပေးခဲ့သည့် ဗ နှင့် D လက် ကွက်တွေက သူ့ဂီတ ခရီးရှည်၏ အစ..။ အသက်ငယ်လွန်းသေးသဖြင့် ဆက်သင်  ခွင့်မရခဲ့..။
သူ ၁၃နှစ်သားခန့် နွေကျောင်း ပိတ် တွင်မှ..၊ အစ်ကိုဖြစ်သူ (ကိုးတန်း ကျောင်းသား)က ဦးလေးဖြစ်သူ ချန်ထား ခဲ့သော ဂီတာ အစုတ်အပြဲလေးဖြင့် သီချင်းနှစ်ပုဒ် တီးသင်ခဲ့၏။
“အစ်ကိုက မိဘဆီကနေ မုန့်ဖိုး တောင်းပြီး မြို့အိမ်ပြန်သွားတော့ ကျွန် တော့်ကို သင်မယ့်သူ မရှိတော့ဘူးလေ..”
ထိုနောက်တွင် ဘုရားကျောင်း ဂစ်တာသမားများက သူ၏ မြင်ဆရာများ ဖြစ်ခဲ့ရတော့သည်..။ ဘုရားကျောင်းတက် သီချင်း ကော့(သံစဉ်)စာရွက်များ သူမှန်း ဆ လေ့ကျင့်ရာ သင်ခန်းစာများ..။
ထိုနှစ်မြို့ပြန်ရောက်ချိန်..၊ စက်ဘီး ဝင်ရိုး အဟောင်းတစ်ချောင်းကိုသူ မရ မက လိုက်ရှာ..၊ တောမှ ယူလာသည့် ဂစ်တာပြဲလေးကို အရှေ့အနောက် အ ပေါက်ဖောက်ပြီး ဝင်ရိုးသွင်း..၊ မူလီ အကြပ် တိုက်လိုက်ပြီးနောက်တွင်..၊ သူ သည် အသံသာယာလှသည့် ဂစ်တာ တစ်လုံး ပိုင်ဆိုင်ခွင့်ရသူ လူငယ်တစ်ဦး ဖြစ်လာခဲ့လေသည်..။ အပြင်ထွက်ခဲလှတဲ့ သူ့အတွက် အစ်မဝမ်းကွဲက ဆေးရောင်စုံ လက်ကွက် စာအုပ်လေးတစ်အုပ်ကို ဈေးထဲက ဝယ်လာပေးအခါ သူလေ့ကျင့် မှုက မရပ်တော့..။
“စကားပြောရင်းနဲ့လည်း တီးနေ တာပဲ..၊ နောက်ဆုံး လက်ကွက်စာအုပ် လေးက တီးစရာ ကုန်သွားတဲ့ အထိဗျ..”
၉ တန်းကျောင်းသားနှစ်တွင် ရန်ကုန်အမျိုးအိမ်မှ ကျောင်းတက်ရသော အခါ ဂစ်တာသင်တန်းတက်ချင်ကြောင်း သူ့ အဒေါ်ကို အတင်းပူဆာ၏။ အဒေါ် က ရစ်သမ်ဆရာ စောသနာထူးမော၊ လိဒ်ဆရာ ကိုတူးတို့ထံ အပ်ပေးသောအခါ အခြေခံကျကျ သင်ခွင့်ရခဲ့၏။
“ဂစ်တာသင်တန်းတက်၊ ဂစ်တာ တီးကျင့်ရင်း ကျောင်းစာ စိတ်မပါတော့လို့ ကျောင်းတအားပြေးခဲ့တယ်ပေါ့ဗျာ..”
သူ့ရင်ထဲမှာ ဂီတသံစဉ်တို့ အဆက် မပြတ် စီးဆင်းနေလေပြီ..။
ကျောင်းပြေးလေး ဒေးဗစ်နှင့် ပညာတတ်ကြီးဖြစ်စေချင်တဲ့ မိသားစုတို့ သဟဇာတ မဖြစ်သည်က မဆန်းသလို ယင်းခေတ် လမ်းပေါ်ရောက် လူငယ် ထုကြား ပေါပေါလှိုင်လှိုင် သုံးစွဲနေကြ သော ဒိုင်ရာစီဗင်ခေါ် အိပ်ဆေးတစ်မျိုး ကို စွဲစွဲမက်မက် သုံးတတ်သွားတာလည်း မဆန်းပါ..။
“စိတ်ညစ်တိုင်း ဆေးလုံးတွေအများ ကြီးသောက်ပြီး ထွက်ပေါက်ရှာမိခဲ့တယ် ဗျ..”
နောက်ဆုံး အဖိုးဖြစ်သူက ကျောင်း စာနဲ့ ဂီတ..၊ နှစ်ခုမှ တစ်ခုကို ရွေးကာ စည်းစနစ်ကျကျ သင်ယူရန် အမိန့်ချ လိုက်သောအခါ..၊ သူ တစ်နေကုန် ထိုင် တီး၏..။ နေ့နေ့ညည တီး၏..။ သူမမော သော်လည်း ဘေးက နားထောင်သူ မော လောက်အောင် တီးဖြစ်၏။ နောက်ဆုံး တွင် စောဘွဲ့မှူး၏ တူတစ်ယောက်က သူ့ကြိုးစားမှုကို အသိအမှတ်ပြုပြီး စကားခေါ်လာတဲ့အထိ..။
“ကဲ..ဒေးဗစ်ရေ..၊ မင်း ဆေးဖြတ် နိုင်ရင် ဆရာစောဘွဲ့မှူးရဲ့သား ဘွဲ့လေး ဆီ အပ်ပေးမယ်..၊ ဘယ်လိုလဲ..”
ဘွဲ့လေးက D Blade ဝိုင်းဖြင့် အောင်မြင်နေသူ..၊ တေးသံသွင်းခြင်းနှင့် တကွ ရန်ကုန်ရှိုး၊ နယ်ရှိုးပွဲများ မပြတ် မလတ် တီးခတ်နေရသူ..။ ဘွဲ့လေးနှင့် နေခွင့်ရလျှင် သူဂီတလောကထဲ ရောက် ပြီ။ ယင်းသည် သူ့အိပ်မက်..။
သူ ခေါင်းညိတ်ဆေးဖြတ်ပြီး ဘွဲ့ လေးထံသွားမည့်အခါတွင် သူ့မိသားစုက သဘောမတူခဲ့..။ ယခုကတည်းကပင် ဂီတအပေါ် ဤမျှရူးသွပ်နေသူသည် ဂီတလောကထဲ ရောက်သွားခဲ့ပါက ကျောင်းစာဘက် ပြန်ဦးမလှည့်လာနိုင်ဟု ချိန်ဆကြ၏..။ သူ့ကို ထားဝယ် ပြန်ပို့ လိုက်ကြတော့လေ၏..။ ယင်းသည် သူ့ ဂီတလမ်း၏ တစ်ဆင့်ချိုး..။
သူ ဇွဲမလျှော့..။ ဆရာကိုတူး၏ နောက်ဆုံး အမှာစကားက သူ့ရင်ထဲ သံမှိုစွဲနေပြီ..။
“ဂီတက လွတ်လပ်တယ်..၊ လေ့လာ ခွင့်မရသေးရင်တောင် ဇွဲမလျှော့တမ်း လွတ်လွတ်လပ်လပ် လေ့ကျင့်..၊ နောက် ကြုံမှ ပြန်လေ့လာ..၊ အဓိကက အမြဲတီး ဖြစ်နေဖို့ပဲ..”
ကိုယ့်လေ့ကျင့်ခန်းများကို ကိုယ် စိတ်ကူးရှိသလို ဖန်တီးလေ့ကျင့်ရင်း ထားဝယ်ဂစ်တာ ဆရာကိုသန်းဝေက သူနှင့်အတူ ရှိုးတီးဖို့ခေါ်၏..။ သူ ခေါင်း ညိတ်လိုက်သောအခါ မောလဲဘုရားပွဲတွင် သူ့ဘ၀၏ ပွဲဦးထွက် ရှိုးပွဲစတီးဖြစ်၏..။ တီးဝိုင်းအမည်က “Memory”။ ဂီတ အတွေ့အကြုံအသစ်များ ထပ်ရလာ သော်လည်း ဝင်ငွေက ဗလာ..။
“တီးဝိုင်းကြေးက အရမ်းနည်းတော့ မစိုက်ရတာ ကံကောင်းဗျ..”
သူ၏ ဂီတပညာ ဆာလောင်မှုက တစ်ရစ်ရစ် တိုးနေဆဲ။ ရန်ကုန်တွင်သာ ရှာဝယ်နိုင်သော ဂီတသင်ခန်းစာ အခွေ များကဆီလည်း သူမလှမ်းနိုင်ခဲ့..။ နောက်တွင် ဂီတသီအိုရီ..၊ နည်းစနစ်နဲ့ ဖန်းတီမှုပညာရပ်ပိုင်းဆိုင် သင်ခန်းစာ များ ပါဝင်တတ်သည့် “အလင်္ကာ ဂီတ ဂျာနယ်” ဖတ်ပြီး အာသီသဖြေ လေ့ကျင့် ခဲ့ရ၏။ တချို့ နားမလည်သည်များ ရှင်းပြမည့်သူ မရှိ..။ သို့သော် လေ့ကျင့် ရင်း အားလျှော့ခဲ့ဖူးသည်မရှိ..။
“ကိုယ်သင်ဖူးတဲ့ ကျောင်းသင်္ချာနဲ့ ဂီတပညာလေးကို ပြန်မှီးပြီး ဒေါက်ပေါင်း စုံကနေ တွက်ဆတွေးခေါ်..၊ အထပ်ထပ် လေ့လာ ဖြေရှင်းခဲ့တယ်..”
ထားဝယ် လွတ်လပ်ရေးပွဲတော်သို့ လာလေ့ရှိသော IRON CROSS တီးဝိုင်းသည် သူ၏ တစ်နှစ်တစ်ခါ သင်ခွင့်ရမြင်ဆရာ။ လက်မှတ်ကို စင်နှင့် နီးနိုင်သမျှနီးအောင် ရှာဝယ်..၊ ပွဲမစခင် ကတည်းက သွားရောက် နေရာယူ၏။ အဆိုတော်တွေကို သူအာရုံမရ။ ဂီတာ တီးတဲ့ ချစ်စမ်းမောင် တစ်ယောက်ရဲ့ လှုပ်ရှားတီးခတ်မှုကိုသာ ပွဲအစအဆုံး သူငေးမောမှတ်သား၏။
“ဆရာချစ် စင်ပေါ်တက်လာပုံက အစ ဘယ်နေရာမှာ ဘယ်လိုတီးသွား တယ်ကနေ စင်အောက် ပြန်ဆင်းသွားတဲ့ အထိ သေသေချာချာလိုက်ကြည့်ပြီး အိမ်ပြန်ရောက်တာနဲ့ အထပ်ထပ် လေ့ကျင့် တာပဲဗျ..”
နောက်ပိုင်းတွင် ဗွီစီဒီ ရှိုးခွေများ ထွက်လာသောအခါ အနည်းငယ် အဆာ ပြေလာသော်လည်း သူ၏ လက်တွေ့ သင်ယူလိုမှု အာသီသက မပျောက်သွား..။ သို့ကြောင့် အသက် ၂၀ အရွယ် ၂၀၀၅ ခုနှစ်မှာ ရန်ကုန်ကို လှမ်းခဲ့ပြန်၏။
“ဂီတနဲ့ အသက်မွေးရင်း ပညာ သင်မယ်ပေါ့လေ..”
စားသောက်ဆိုင် တစ်ဆိုင်ဝင် တစ် ဆိုင်ထွက် အလုပ်ရှာရင်း တေးသွား သက်သက်ကို Only Me (တစ်ဦး တည်း) တစ်ပတ်လျှင် နှစ်ရက်တီးပေးရန် ကမ်း လှမ်းခံရ၏။ တီးရမည့် တီးလုံး ခွေအား ညလုံးပေါက် နေ့စဉ်ရက်ဆက် လေ့ကျင့် လိုက်သောအခါ တီးရမည့်နေ့ တွင် မထနိုင်တော့။ နလံပြန်ထူအောင် ဆွေမျိုးသားချင်းများက ကျွေးမွေးပြုစု ထားဝယ် ပြန်ပို့ခဲ့လေ၏။
သည်ကြားထဲအဖေ ဝယ်ပေးထား သော Allowe ဂီတာလေး ပျက်သွား သောအခါ..၊ ထိုင်းနိုင်ငံတွင် ဂီတာတီး သင်တန်း လာဖွင့်ပေးလျှင် ဂီတာတစ်လုံး လက်ဆောင်ပေးမည်ဆိုလာသော သူငယ် ချင်းတစ်ဦး၏ ကမ်းလှမ်းချက်အရဂီတာ တစ်လုံးအတွက် ထိုင်းသို့ ရောက်ခဲ့ရပြန် လေသည်..။
ယင်းသင်တန်းကဖြစ်ဖြစ် မြောက် မြောက် မဟုတ်ခဲ့သောအခါ အခွေ တစ်ခွေ အသံသွင်းတီးခတ်ပေး ခဲ့ရ၏။ ထိုအခွေလည်း မထုတ်ဖြစ်သော အခါ ဂစ်တာတစ်လုံး အိပ်မက်လည်း ပျက်ပြယ် သွား၏။ သို့သော် အသံသွင်းသည့် စတူဒီ ယိုလုပ်ငန်းက သူ့ကို ဖမ်းစားခဲ့လေ၏။
သို့ကြောင့် ထိုင်းမှ မပြေလည်မှု ပေါင်းများစွာဖြင့် ပြန်ဆုတ်ခွာလာပြီး နောက်တွင် ရန်ကုန် ကွန်ပြူတာဂီတ အသံသွင်းမှု သင်တန်းသို့ ခြစ်ခြုတ် တက်ခဲ့၏။
“ကိုယ်ပိုင် ကွန်ပြူတာ မရှိတော့ သင်တန်းအားချိန်တိုင်း သင်တန်းမှူးကို ခွင့်တောင်းပြီး လွတ်တဲ့ကွန်ပြူတာ ဝင် ထိုင်လေ့ကျင့်တာပါပဲ..”
ပညာရှာမှီးရာတွင် မချောမွေ့မှု ပေါင်းများစွာ ကြုံရလေ့ရှိသော သူသည် ၂၀၀၈ ခုနစ်၏ နာဂစ်မုန်တိုင်းနှင့် ကြုံ ကာ အတန်းသစ်ပြန်ဖွင့်မည့်နေ့ရက် မရေရာသောအခါ..၊သူ၏ ရွေးစရာလမ်း ကား ထားဝယ်အပြန်ခရီးသာ ဖြစ်ခဲ့ ပြန်၏..။
ထားဝယ်တွင် တီးဝိုင်းများက လာချိတ်သော်လည်း မလုပ်ဖြစ်..။
“ကျွန်တော်လုပ်ချင်တာက Rock (ရော့ခ်)တီးဝိုင်း ထောင်မယ်..၊ ကိုယ် နှစ်သက်တဲ့ ဂီတကို ဖန်တီးမယ်..၊ အသံသွင်း ဖြန့်ချိမယ်ဆိုတော့ သဘော ထား မတိုက်ဆိုင်ဘူးပေါ့ဗျာ..”
သည်ကြားထဲ ကိုယ်ပိုင် ဂစ်တာ တစ်လက်၊ ကွန်ပြူတာတစ်စုံ ရရန် အတွက် ရရာအလုပ်ကို ကုန်းရုန်းလုပ်၏။ ပွဲရုံလုပ်သား၊ သစ်တင်ကား စပယ်ယာ၊ ဂိုဒေါင်နဲ့ မီးစက်ရုံတွေမှာ ညစောင့်။ ကြားထဲတွင် ဂစ်တာတီးသင်တန်းပါ ဖွင့်လိုက်သေး၏..။
“ကျွန်တော်က ပညာရပ်ပိုင်း၊ နည်း စနစ်ပိုင်းတွေကိုပဲ သင်ပေးဖို့ အားသန်ခဲ့ ပေမဲ့ သင်တန်းသားအများစုက အ ပျော်တီးတာပဲ လိုချင်ခဲ့တော့ ကိုယ်ပေး ချင်တာနဲ့ သူတို့ယူချင်တာ မတိုက်ဆိုင် ပြန်ဘူးဗျ..”
ဂစ်တာတစ်လုံးအတွက် အလုပ်လုပ် ရင်းမှ လက်ကြမ်းကြီးကို အမေတွေ့သွား သောအခါ ငွေလှည့်ချေးကာ သူလိုချင် သော JACKSON ဂီတာ တပတ်နွမ်း လေးကို တစ်သိန်းကိုးသောင်းကျပ်ဖြင့် ဝယ်ပေးခဲ့လေ၏။ ဂီတာရသောအခါ ကွန်ပြူတာရှိသည့် သူငယ်ချင်းနှင့် ပေါင်းကာ ထိုသူငယ်ချင်းအိမ်တွင်ပင် ကရင်သီချင်း အခွေသွင်း၏။ ကရင် တိုင်းရင်းသားတို့အကြား ဖြန့်ဝေ၏။
“နည်းစနစ်မကျတော့ အသံထွက်က လုံးဝ မကောင်းဘူးဗျ..၊ တကယ့်ကို ဂကြိုးဂကြောင်ရယ်လေ..”
သူငယ်ချင်းတို့၏ နှစ်သိမ့်အားပေး မှုဖြင့် နောက် နှစ်ခွေ ထပ်လုပ်အပြီးတွင် နွေခေါင်ခေါင်မိုးကြိုးပစ်သဖြင့် ကီးဘုတ် (အော်ဂင်)နှင့် ကွန်ပြူတာတို့ လျှပ်စီးကာ ပျက်စီးသွားသောအခါ သူ့၏ အသံသွင်း လုပ်ငန်း တစ်ခန်းရပ်သွားပြန်၏။ ထို အခင်းအကျင်း (သူ့ဂီတပြေးလမ်း)ကို သူ့မိဘနှင့်တကွ အိမ်ချင်းကပ်မှ သူ့ ချစ်သူ နော်ထီနေဖောက နားလည် ပေးခဲ့ကြသော်လည်း..၊ သူ့ချစ်သူ၏ မိဘများက ပန်းတိုင်ဝေဝါးဆဲ ထားဝယ် စွန့်ဦးဂီတ သမားလေးသူ့ကို မကြည်ဖြူကြ..။ မကြာခဏ ခလုတ်တိုက် ရ၏။
“ချစ်သူနဲ့ မိဘကို အချိန်ခဏ စိတ်ရှည်ပေးကြဖို့ တောင်းဆိုခဲ့တယ် လေ..”
၂၀၁၂ခုနှစ် နှောင်းပိုင်းတွင် ရှမ္မလည်ဆွဲရပ်ကို စွန့်ခွာ..၊ ယခု နေထိုင်ရာ အိမ်သို့ မိသားစုလိုက်ပြောင်းလာကြသောအခါ သူ့ချစ် သူပါ လိုက်ပါလာ၏။ ထိုအချိန်တွင် သူ၏ ” Rock Star Studio” လေးကို ရဲရင့်စွာ စတင် မွေးဖွားခဲ့လေ၏။
“တစ်ပုဒ်သွင်းခကို ၇၀၀၀ လောက်ကနေ စခဲ့ရတယ်လေ..”
စလုပ်လုပ်ချင်း အဆင်မပြေ..။ အသံပိုင်းဆိုင်ရာ နည်းပညာ အားနည်းမှုကြောင့် အသံထွက်မကောင်းခဲ့သဖြင့် ယင်းကြေးဖြစ်ပင် လုပ်ချင်သူမရှိခဲ့..။ နောက်ဆုံးတွင် လုံးဝ နားထားလိုက်ရသည် အထိ..။
အသံသွင်းလုပ်ငန်းအပေါ် မှီခို မရသောအခါ သုံးဘီးဆိုင်ကယ် ထွက် မောင်းရ၏။ အသံသွင်း ဆက်စပ် ပစ္စည်းများကို မိသားစုဝမ်းရေး အတွက် ရင်နာနာဖြင့် ထုတ်ရောင်းရ၏။
ကြားထဲတွင် ၂ သိန်းကျော်တန် MPT GSM  ဖုန်းတစ်လုံးဝယ်ကာ အင်တာနက်လိုင်းကောင်းသည့် ညဘက် ၂ ချက် တီးခန့်တွင် အသံပိုင်း ဆိုင်ရာ သင်ခန်းစာ  ဗွီဒီယိုဖိုင်များကို ဒေါင်းယူ (အင်တာနက်ကွန်ရက်မှ ဖုန်းထဲသို့ ဆွဲယူ) ၏။
“တစ်ညလုံး အိပ်ရေးပျက်တော့ နေ့ဘက်ဆို မထနိုင်လို့ မိသားစု အငြိုအငြင် ခဏခဏ ခံရပေါ့ဗျာ..”
နောက်ပိုင်းတွင် မိတ်ဆွေများ၏ အားပေး တောင်းဆိုမှုဖြင့် မရဲတရဲ စမ်းသွင်းရင်းမှ အသံထွက် သိသိသာသာ တိုးတက်ကောင်း မွန်လာကာ အလုပ်အပ်သူ လက်ခံနိုင်သော အသံအရည်အသွေးကို ရရှိလာတော့၏..။
“ပေးရတဲ့ ကြေးနဲ့ တန်တယ်ထင် သူတွေ တဖြည်းဖြည်း ရောက် လာကြတယ် လေ..”
ခုတော့..၊ လူငယ်အပျော်တမ်းတေး သီချင်းများအပြင် ပါတီ၊ အဖွဲ့အစည်းဆိုင်ရာ တေးသီချင်းများ၊ နှစ်ပတ်လည် အမှတ်တရ တေးသီ ချင်းများပါ တီးခတ်အသံသွင်းနေရလေပြီ..။ စားဝတ်နေရေးမှ ပိုလျှံ ငွေများကို အသံသွင်း ဆက်စပ် ပစ္စည်းအသစ်များ ဝယ်ယူဖြည့်တင်းခွင့် ရနေပေပြီ..။
“Rock Star ” ကို မွေးဖွားခဲ့သူ ထားဝယ်စွန့်ဦး ဂီတစတီဒီယို သမားလေး ဒေးဗစ်..၊ ဂီတမှော်တောမှာ စုံဆန် မျောနေဆဲ..။
” ဘယ်တော့မှ နောက်ပြန်မလှည့် ဘူးလို့ ဆုံးဖြတ်ထားတယ်..၊ လူဆိုတာ ရွေးမိတဲ့လမ်းပေါ် ယုံကြည်ချက်ရှိရမယ်လေ..”