တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို နားလည်ပါ

0
447

ပြည်နယ်ဝန်ကြီးချုပ်နေရာနှင့် တိုင်းရင်းသားတွေရဲ့ မကျေနပ်ချက်မကြာခင် အသစ်တက်လာတော့မယ့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် NLD ပါတီကနေ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အမည် စာရင်းသိုးသိုးသန်းသန်းထွက်လာပြီး တဲ့ နောက် ရခိုင်ပါတီဘက်က “ခံစားချက် မကောင်းတဲ့”မကျေမနပ်ပြောဆိုသံတွေ ပေါ်ထွက်လာပါတယ်။ မကြာခင်မှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် အမည်ကိုလည်း အလားတူ ကြေညာဖွယ် ရှိနေပါတယ်။


အဲဒီပြည်နယ်နှစ်ခုမှာ တိုင်းရင်း သားပါတီတွေက အများစုအနိုင်ရထားလို့ ပြည်နယ်ဝန်ကြီးချုပ်တွေအဖြစ် တိုင်းရင်း သားတွေကိုပဲ NLD ဘက်က ခန့်လိမ့် မယ်ဆိုပြီး အကဲခတ်တွေက မျှော်လင့်ထား စဉ်မှာ အခုလို သတင်းထွက်ပေါ်လာ တာပါ။ NLD ဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင် သေးလို့ (၂၀၀၈ ဖွဲ့စည်းပုံအရပြည်နယ် ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့် ရတာမို့) ဒီလိုလုပ်လိုက်ရတာပါဆိုပြီး ဆင်ခြေပေးတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီကိစ္စဟာဒီလိုပြောလိုက်ရုံနဲ့ ပြီးမသွားပါ။ ဒါဟာ တိုင်းရင်းသား ပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်း တွေအပေါ် NLD အစိုးရနဲ့ NLD ကို မဲပေးထားတဲ့ လူတွေဘက်က ဘယ်လို သဘောထားသလဲဆိုတာကို ပြသတဲ့ သဘောထားညွှန်းကိန်း ဖြစ်သွားနိုင် တာကြာင့် အလွန်သတိထား ကိုင်တွယ် သင့်ပါတယ်။
NLD ရဲ့ လုပ်ရပ်အပေါ် ကန့်ကွက် ကြောင်း ကြေညာချက်ထုတ်တဲ့ ရခိုင် အမျိုးသားပါတီ (ANP) ကို အစွန်း ရောက်တယ်ဆိုပြီး တချို့က ဝေဖန်ကြ ပါတယ်။ ဒါဖြင့် ရှမ်းပြည်နယ်မှာ အလား တူ NLD ပါတီဝင် ရှမ်းအမတ်တစ်ဦးကို ပြည်နယ်ဝန်ကြီးချုပ်ခန့်လို့ SNLD ပါတီက ကန့်ကွက်ရင်လည်း ရှမ်းတွေ အစွန်းရောက်တယ်လို့ ပြောကြဦးမှာလား။ ဒါမှမဟုတ် ရခိုင်ဘက်မှာက ရိုဟင်ဂျာ (အစိုးရအခေါ် ဘင်္ဂါလီ) ပြဿနာရှိနေလို့ ရခိုင်အမတ်ကို ဝန်ကြီးချုပ်တာဝန်မပေး ပေမဲ့ ရှမ်းဘက်မှာကျရင် ရှမ်းအမတ်ကို ပေးချင်ပေးနိုင်တယ်ဆိုပြီး မျှော်လင့်ချက် ဆက်ပေးထားတဲ့ သဘောလား။
သေချာတာတစ်ခုကတော့ ဘယ်သူ အစွန်းရောက်တယ်၊ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုတာမျိုး မပြောခင် ဒီလိုအရေးကြီးတဲ့ ရာထူးနေရာတွေ အတွက် ကြေညာချက် မထုတ်ခင်မှာ တနိုင်ငံလုံးအနိုင်ရထားတဲ့ NLD ပါတီနဲ့ နေရာတချို့အနိုင်ရထားတဲ့ တိုင်းရင်းသား ပါတီတွေကြား အရင်ဆုံး တွေ့ဆုံဆွေး နွေးသင့်ပါတယ်။
ဒါပေမယ့် မီဒီယာတွေပေါ်မှာ ဖတ် နေရတဲ့သတင်း အသွားအလာတွေ အတိုင်းဆိုရင်တော့ NLD ပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ညှိနှိုင်းမှုမရှိခဲ့သလို အခု ရွေးကောက်ပွဲအပြီး ၂ လကျော်ကာလ အတွင်းမှာလည်း ညှိနှိုင်းမှု၊ တွေ့ဆုံ ဆွေးနွေးမှု မရှိသေးဘူးဆိုတဲ့သဘောမျိုး တွေ့နေရဆဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ၊ ဒီမိုကရေစီဆိုတာ တွေဆုံဆွေးနွေးလေ ပိုအကျိုးရှိလေ မဟုတ်ပါလား။

အသံတူပေမယ့် အဓိပ္ပာယ်မတူတဲ့ မြန်မာစကားလုံးတွေကို သတိထားပါရွေးကောက်ပွဲမကျင်းပခင် လပိုင်း အလိုကာလနဲ့ ရွေးကောက်ပွဲအလွန် လပိုင်းတွေမှာ NLD ပါတီဘက် ကပြောတဲ့ စကားလုံးတွေထဲ တိုင်းရင်း သားတွေနဲ့ လက်တွဲဆောင်ရွက်မယ်၊ တိုင်းရင်းသားတွေကို အရေးကြီးတဲ့ ရာထူးနေရာတွေ ပေးမယ်ဆိုတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီတိုင်းရင်း သားဆိုတာ NLD ပါတီဝင် တိုင်းရင်း သားကို ပြောတာလား၊ တိုင်းရင်းသား ပါတီဝင် တိုင်းရင်းသားကို ပြောတာလား ဆိုတာကိုတော့ ဘယ်သူကမှ မေးခွန်း ထုတ်ဖို့ သတိမရခဲ့ပါ။
တိုင်းရင်းသားလို့ ပြောကတည်းက NLD ပါတီဝင် မဟုတ်သူ၊ ကြံ့ခိုင်ရေး ပါတီဝင် မဟုတ်သူ၊ ပြည်မအခြေစိုက် ပါတီကြီး တစ်ခုခု (ပြည်ထောင်စုပါတီလို့ တချို့က ခေါ်ကြပါတယ်)ရဲ့ ပါတီဝင် မဟုတ်သူကို ဆိုလိုတာလို့ အလို အလျောက် နားလည်ထားလို့ ဒီလိုမေး ခွန်းမထုတ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါက တိုင်းရင်းသားတွေနဲ့ သူတို့အပေါ် နားလည်သူတွေ၊ သူတို့နဲ့ လက်တွဲ နေထိုင်ခဲ့ဖူးသူတွေဖက်က အမြင်ကို ပြောတာပါ။
ဒါပေမဲ့ တိုင်းရင်းသားဒေသတွေဆီ မရောက်ဖူးသူ၊ ပြည်တွင်းစစ်ဖြစ်နေတဲ့ နေရာတွေဆီ မရောက်ဖူးသူ၊  “မဟာ ဗမာ”ဆိုတဲ စကားလုံးကို မကြားဖူးသူ၊ ပြည်မရှိ လူအများစုကြီးကတော့”တိုင်းရင်းသားပဲကွာ၊ NLD ပဲဝင်ဝင်၊ ကြံ့ခိုင်ရေးပဲဝင်ဝင်၊ ရှမ်းနဲ့ ရခိုင်ပါတီပဲ ဝင်ဝင် တိုင်းရင်းသားဟာ တိုင်းရင်းသား ပဲပေါ့” လို့ ပြောကြပါလိမ့်မယ်။ ဒါလည်း မမှားပါဘူး။ ဥပမာ ဝန်ကြီးချုပ်အဖြစ် အမည် တင်သွင်းခံရသူ ဦးညီပုကို NLD ပါတီ ဝင်ဖြစ်နေလို့ ရခိုင်မဟုတ်တော့ ဘူးလို့ မပြောနိုင်ပါ။ ဒါပေမဲ့ သူဟာ ရခိုင်ကို ကိုယ်စားပြုမှာလား၊ NLD ကို ကိုယ်စားပြုမှာလားဆိုတာကိုတော့ မေးခွန်းထုတ်သင့်ပါတယ်။
“NLD  သာ တိုင်းရင်းသားအရေးကို အပြည့်အဝ ဆောင်ရွက်ပေးမယ်ဆိုရင် ကျွန်တော်တို့က ဘာလို့ပါတီထောင် နေဖို့ လိုဦးမလဲဗျာ” ဆိုတဲ့ SNLD ပါတီ ခေါင်းဆောင်တဦးရဲ့ ရွေးကောက်ပွဲ အလွန် မီဒီယာဆွေးနွေးပွဲတခုက မှတ် ချက်ကိုလည်း အားလုံး သတိရသင့်ပါ တယ်။
တခါ သမ္မတဦးသိန်းစိန်နဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို လက်ခံ တယ်လို့ ပြောနေပါတယ်။ ဒါပေမယ့် အသေချာ မေးခွန်းထုတ်မယ် ဆိုရင် ဦးသိန်းစိန်ပြောနေတဲ့ ဖက်ဒရယ်နဲ့ နိုင်ဟံသာတို့ UNFC (တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ)နဲ့ ခွန်ထွန်းဦးတို့ရဲ့ UNA (ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့)က ပြောနေတဲ့ ဖက် ဒရယ် အဓိပ္ပာယ်ခြင်း မတူနိုင်ပါဘူး။ ဒီလို အသံတူပေမယ့် အဓိပ္ပာယ်မတူတဲ့ စကားလုံးတွေကို သဘောတူချက် တစ်ခုခု လက်မှတ်မရေးထိုးခင်မှာ တိကျ တဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု လုပ်သင့်ပါတယ်။

ဒီမိုကရေစီ အခွင့်အရေးနဲ့ တိုင်းရင်း သား အခွင့်အရေး ဘာကွာသလဲ
ဒီမေးခွန်းအတွက် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်၊ ၈ လေးလုံးအရေးတော်ပုံအတွင်း ဒီမိုကရေစီ တောင်းဆိုခဲ့တဲ့ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ တိုင်းရင်းသားအခွင့် အရေးအတွက် လက်နက်ကိုင် တိုက်ပွဲ ဝင်နေတဲ့ နယ်စပ်က အဖွဲ့တွေဆီ ရောက် ကာစ နိုင်ငံရေး အခြေအနေကို နည်းနည်း တင်ပြချင်ပါတယ်။ ဒီမိုကရေစီအရေး တိုက်ပွဲဝင်ဖို့ ထွက်လာတဲ့ ကျောင်းသား တွေထဲမှာ တိုင်းရင်းသား ပေါင်းစုံ ပါဝင် ပေမယ့် အများစုဟာ ပြည်မကနေလာ သူတွေဆိုတော့”ဗမာ”လို့ပဲ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သူတို့ ထိန်းချုပ်နယ် မြေတွင်းရှိ ပြည်သူတွေက မြင်ကြပါ တယ်။
အဲဒီအချိန်မှာ သူတို့က လူများစု၊ ကျောင်းသားတွေက လူနည်းစု။ သူတို့က လက်နက်နဲ့ အာဏာရှိသူ၊ ကျောင်းသား တွေက ဘာမှ မရှိသေးတဲ့သူ။ အဲဒီ အချိန်မှာ ကြုံရတဲ့ ဗမာနဲ့ တိုင်းရင်း သားတွေကြား သို့မဟုတ် ဒီမိုကရေစီ အုပ်စုနဲ့ တိုင်းရင်းသားအုပ်စုကြား ယုံကြည်မှုမရှိတဲ့ ပြဿနာဟာ အတော် ဆိုးပါတယ်။ ကျောင်းသားအများစုက ပြည်မမှာ၊ ဗမာလူမျိုးစုကြီးကြားထဲမှာ ကြီးပြင်းလာသူတွေဆိုတော့ လူနည်းစုရဲ့ ခံစားချက်ကို တစ်ခါမှ မတွေးမိပါ။ အခု တောထဲမှာ ကိုယ်က လူနည်းစု ဖြစ်သွား တော့မှ လူနည်းစုရဲ့ ခံစားချက်ကို နည်း နည်း ကိုယ်ချင်းစာမိသလို ဖြစ်လာပါ တယ်။
တိုင်းရင်းသားတွေဘက်က ဗမာ တွေအပေါ် ဒီလောက်အထိ မယုံမကြည် ဖြစ်နေတယ်ဆိုတာကို အဲဒီဒေသဆီ မရောက်ဖူးခင်အထိ ကျွန်တော်မသိတာ အမှန်ပါ။ ကျန်တဲ့ကျောင်းသား အများ စုလည်း ဒီလိုပဲခံစားရမယ်လို့ ထင်ပါ တယ်။ “မဟာဗမာ” ဆိုတဲ့ စကားလုံးကို ကြားစက ဘယ်လိုမှ နားမခံနိုင်။ နောက် ပိုင်း အချိန်ကြာလာတော့သူတို့ရဲ့ခံစား ချက်ကို တဖြည်းဖြည်း နားလည်လာပါ တယ်။
ဒီလိုပြောလိုက်လို့ ဗမာစစ်တပ်နဲ့ ဗမာအစိုးရ (တိုင်းရင်းသားတွေဘက်က ခေါ်တဲ့အသုံးအနှုန်း) ဘက်က တဖက် သတ်ဆိုးပြီး တိုင်းရင်းသားလက်နက်ကိုင် တွေဘက်က လုံးဝကောင်းနေတယ်လို့ မယူဆစေချင်ပါ။ လက်နက်ကိုင် ထား သူအားလုံးဟာ ဗမာတပ်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတပ်ပဲဖြစ်ဖြစ် အင်အားပေါ် အခြေခံပြီး အာဏာကို တလွဲလုပ်တဲ့ နေရာမှာတော့ သိပ်မကွာလှပါဘူး။
ဗမာစစ်တပ်နဲ့ ဗမာလူမျိုးကို ခွဲခြားမြင်နိုင်အောင် ပညာပေး မှုမလုပ်ဘဲ ဗမာမှန်သမျှကို မုန်းနေအောင် လက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်တချို့က သူတို့တပ်တွေကို ဝါဒဖြန့်ထားတဲ့အတွက် ကျွန်တော် တို့ ကျောင်းသားတွေ လူပျောက်စာရင်းဝင်သွားတာ မနည်းလှပါဘူး။
အဲဒီလို ကျောင်းသားတွေ ဘ၀နဲ့ရင်းပြီးရခဲ့တဲ့ အတွေ့အကြုံ ဆောင်ပုဒ်၊ နောက်ပိုင်း တပ်ပေါင်းစု ဆောင်ပုဒ်အထိ ဖြစ်လာတဲ့ နိုင်ငံရေးဒဿနကတော့ “ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသား အရေးကို တစ်ပြိုင်တည်း ဖြေရှင်းမှရမယ်၊ ဒီနှစ်ခုဟာ ခေါင်းနဲ့ပန်းလို တွဲနေ တယ်” ဆိုတာပါပဲ။ ဒါလွန်ခဲ့တဲ့ ၂၇ နှစ်ဝန်းကျင်က တော်လှန်ရေး ဌာနချုပ် မာနယ် ပလောက အခြေအနေကိုပြောနေတာပါ။  အခုတော့ ကျောင်းသားအဖွဲ့ ဗBSDF  အပါဝင်တစ်ချိန်က မာနယ်ပလောမှာ ဒီအခွင့် အရေးတွေအတွက် ဆွေးနွေးငြင်းခုံခဲ့ဖူးတဲ့အဖွဲ့အားလုံး အစိုးရနဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးညီလာခံတောင် တက်နေကြပါပြီ။
ဒါပေမဲ့ အဲဒီညီလာခံမှာ “ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသား အရေးကို တစ်ပြိုင်တည်းဖြေရှင်းမှရမယ်၊ ဒီနှစ်ခုဟာ ခေါင်းနဲ့ပန်း လိုတွဲနေတယ်” ဆိုတဲ့ ဆွေးနွေးချက်မျိုး၊ ဆုံးဖြတ်ချက်မျိုးတော့ မကြားမိသေးပါ။ ဘာကြောင့်လဲ။ ABSDF အပါအဝင် တစ်ခါက မာနယ် ပလောအဖွဲ့တွေ အားလုံး အခွင့်အရေး အပြည့်အဝ ရသွားကြပြီ ဖြစ်လို့လား။ ဒါမှမဟုတ် တောတွင်းဌာနချုပ်၊ ကိုယ့် အချင်းချင်း ကြားမှာပဲ ဒီအခွင့်အရေးတွေကို ကျယ်ကျယ်လောင်လောင်ပြောရဲပြီး စစ်အစိုးရချုပ်ကိုင်ထားတဲ့ နေပြည်တော်မှာကျ မပြောရဲတော့လို့လား။ စဉ်းစားစရာပါပဲ။

တိုင်းရင်းသားတွေ ပါတီထောင်ဖို့ လိုသေးလား
ဒါက စစ်အစိုးရခေတ်၊ စစ်တစ်ပိုင်းအစိုးရခေတ်မှာမို့ အခြေ အနေကို ကြည့်ပြီး ပြောနေရတာပါဆိုပြီး ဆင်ခြေပေးမယ်ဆို ပေးလို့ရ ပါသေးတယ်။ ထားလိုက်တော့ အရင်ကဖြစ်ခဲ့ ကိစ္စတွေကို။ အခုက မနက်ဖြန်ကိစ္စကို ပြောနေတာ။ ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ စတင် တော့မယ့် လွတ်တော်အသစ်နဲ့ မတ်လမှာ တက်လာတော့မယ့် အစိုးရ အသစ်လက်ထက်မှာကော ]]ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး ကို တစ်ပြိုင်တည်း ဖြေရှင်းမှရမယ်၊ ဒီနှစ်ခုဟာ ခေါင်းနဲ့ပန်းလို တွဲနေ တယ်” ဆိုတဲ့ ကြွေးကြော်သံ ပြန်ပေါ်လာနိုင်ပါသလား။
ထပ်ရှင်းအောင်ပြောရမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုက ရေစီကိုလေးစားတဲ့ NLD ပါတီ အနိုင်ရသွားတာကြောင့် ဒီမိုကရေစီ အခွင့်အရေးတော့ တစ်စုံတစ်ရာရလာပြီလို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းနဲ့ပန်းလို ဒွန်တွဲနေပါတယ်ဆိုတဲ့ တိုင်းရင်းသားအခွင့်အရေး တစ်စုံတရာ ရလာပြီလို့ ပြောနိုင်ပါရဲ့လား။ ဒွန်တွဲနေတဲ့ နှစ်ခုမှာ တစ်ခုပဲရပြီး တစ်ခုကမရဘဲ ကျန်နေတာ ဘာကြောင့်လဲ။ ဒီနှစ်ခုဟာ တူသယောင်ယောင်နဲ့ မတူတဲ့ အနှစ်သာရတွေ ရှိနေလို့လား။
“NCA လုပ်ငန်းစဉ်ကြီးရှိနေတာပဲ၊ အဲဒီမှာ တိုင်းရင်းသားအရေး ဆက်ဆွေးနွေးကြပေါ့”ဆိုပြီး အလွယ်ပြောကြမယ် ထင်ပါတယ်။ မဖြစ်သင့်ပါ။ အရင် စစ်တစ်ပိုင်း အစိုးရခေတ်က လုပ်ခဲ့ဖူးတာတွေကို ထားလိုက်ပါတော့။ အခု ဒီမိုကရေစီ အစိုးရခေတ်မှာတော့ ဒါတွေ ကို အသေအချာ ကိုယ်တွယ်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေကို တန်းတူ ရည်တူ ဆွေးနွေးဖို့လိုပါတယ်။ ပင်လုံ စိတ်ဓာတ်ကို အခြေခံ ဖို့လိုပါတယ်၊ CRPP (ပြည် သူ့လွတ်တော် ကိုယ်စားပြုကော်မီတီ) မူတွေကို ပြန်သတိရဖို့လိုပါတယ်၊ တိုင်းရင်းသားတွေကို ရာထူးနဲ့ အာဏာခွဲပေးဖို့ လိုပါတယ်။
ဒီလိုဖြစ်လာအောင် ဆွေးနွေးနိုင်ဖို့အတွက် တိုင်းရင်းသားပါတီ တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ ဆက်ရှိဖို့လို အပ်နေဆဲဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ၂၀၁၅ ရွေးကောက်ပွဲ အလွန်မှာ ဒီမိုကရေစီအခွင့်အရေး တစ်စုံတစ်ရာ လမ်းစမြင်လာရပြီ ဆိုပေမယ့် တိုင်းရင်းသားအခွင့်အရေး လမ်းစမပေါ်သေးပါ။ ဒါကြောင့် ဒီနေ့အခြေအနေမှာ စစ်ဘက်နဲ့ အရပ်ဘက်အကြား နားလည်မှုရှိရေး တည်ဆောက်မှုအပြင် ဗမာလူများစု ပါတီကြီးတွေနဲ့ လူနည်းစုတိုင်းရင်း သားပါတီတွေ၊ အဖွဲ့အစည်းတွေကြား နားလည်မှုရအောင် တည် ဆောက်ရေးကိုပါ တစ်ပြိုင်တည်းလုပ်ဖို့ လိုအပ်နေပါကြောင်း တင်ပြ လိုက်ရပါတယ်။