ထိုင်းနိုင်ငံ ပရာကျွတ်မြို့သို့ ၃ ညအိပ် ၄ ရက်ခရီး စတင်ခွင့်ပြု

0
374

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ် စပ်ဂိတ်နှင့် တဆက်တည်းရှိ ဆင်ခွန်းဂိတ်မှတဆင့် ပရာကျွတ်မြို့သို့ မြန်မာနိုင်ငံသားများအတွက် ၃ ညအိပ် ၄ ရက် ခရီးသွားလာခွင့်ကို ဇန်နဝါရီ ၂၉ ရက်မှစပြီး စတင်ခွင့်ပြုခဲ့ကြောင်း မောတောင် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းထံမှ သိရသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနတို့မှ ဇန်နဝါရီ ၁၃ရက်က သဘောတူ လက်မှတ်ရေးထိုးပြီး ဇန်နဝါရီ ၂၆ ရက်တွင် အတည် ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ကုန်သည် နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောပြသည်။
ဆင်ခွန်းဂိတ်ကို ၂၀၁၅ ခုနှစ် မေလ ၂၃ ရက် က အထူးနယ်စပ် ဂိတ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ် ခဲ့ချိန်မှစပြီး မြန်မာနိုင်ငံသားများအား ပရာကျွတ် မြို့နယ်အတွင်းသို့ ၁ ညအိပ် ၂ ရက် ခရီးသွား လာလည်ပတ်ခွင့်ပြုခဲ့ရာမှ ယခုကဲ့သို့တိုးမြှင့် ခွင့်ပြု ခဲ့ခြင်းဖြစ်သည်။
payakyunt_border
“အခုလည်း ပရာကျွတ်မြို့နယ် အတွင်းပဲ၊ ခွင့်ပြုပေးတာပါ၊ အခြားမြို့တွေကို ခွင့်မပြုဘူး”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
တခြားသော မြို့များသို့ သွားလာလည်ပတ်လို ပါက လက်ရှိ ခရိုင်ဝန်၏ ခွင့်ပြုချက် ရယူရမည် ဖြစ်ပြီး အခြေအနေအချိန်အခါအရ ချင့်ချိန်ခွင့်ပြု ပေးနိုင်သည်ဟု ပရာကျွတ်ခရိုင်ဝန်(အငြိမ်းစား)က ဒီဇင်ဘာ ၃ရက်က မြိတ်သို့ လာရောက်ခဲ့စဉ် ပြောဆိုခဲ့ဖူးသည်။

ထိုင်းနိုင်ငံသားများအား မြန်မာနိုင်ငံအတွင်း သို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် Border Pass(BP) ဖြင့် ၁၃ ညအိမ် ၁၄ရက်၊ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Temporary Border Pass(TBP) ဖြင့် ၆ ညအိပ် ၇ ရက်သွား လာ ခွင့်ပြုပေးထားခဲ့ပြီး ဖြစ်ကြောင်း မောတောင် နယ်စပ်ဂိတ်စခန်းမှ သိရသည်။

“မြန်မာတွေ ထိုင်းကိုသွားလည်ကြရင် အရင် ကထက် အချိန်ပိုရတာလောက်ပဲ ရှိတယ်၊ စီးပွားရေး လုပ်ငန်း အရဆိုရင် အခုထပ်တိုးပေးလိုက်တဲ့ ရက် က အရမ်းကိုနည်းနေပါသေးတယ် ” ဟု မောတောင် ဒေသမှ တည်းခိုခန်းလုပ်ငန်းရှင်တစ်ဦးက ပြော သည်။
မြန်မာဘက်မှ မောတောင်နယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်က တရားဝင်ဖွင့်လှစ် ထားပြီး ဖြစ်သည်။