ထားဝယ်စီမံကိန်း ဧရိယာအတွင်းရှိ ဒေသခံမြေများကို လျော်ကြေးမပေးမီ တစ်ဧကမျှ မသုံးဟုဆိုသတင်း

0
410

၆ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ အတွင်းက ဒေသခံပိုင် လယ်မြေ၊ ဥယျာဉ်ခြံမြေများကို လျော်ကြေးမပေးသေးသရွေ့ တစ်ဧကမျှ အသုံးပြုမည် မဟုတ်ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ချိုက ပြောကြား သည်။

စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံ ပိုင်လယ်မြေ၊ ဥယျာဉ်ခြံမြေ ဧက သုံးသောင်းနှစ်ထောင်ကျော်ကို အခြား နည်း အသုံးပြုခွင့် လျှောက်ထားရန်အတွက် ဒေသခံများ အား ကန့်ကွက်လိုက ကန့်ကွက်လွှာခေါ်ထားပြီး ယင်းသို့ အခြားနည်း အသုံးပြုခွင့် လျှောက်ထားရန် စီစဉ်နေသော် လည်း ဒေသခံများ၏ လယ်မြေ၊ ဥယျာဉ်ခြံမြေများကို လျော်ကြေးပေးပြီးမှသာ အသုံးပြုမည်ဖြစ်ကြောင်း ဦးခင်မောင်ချိုက ပြောကြား သည်။”လျော်ကြေးမပေးသရွေ့ သူတို့မြေ ကို ဘယ်တော့မှ အသုံးမပြုဘူး။ တစ် ဧကလည်း မသုံးဘူး။ နှစ်ဧကလည်း မသုံးဘူး”ဟု ဦးခင်မောင်ချိုက ဆိုသည်။လက်ရှိတွင် ဒေသခံပိုင်လယ်မြေဧက သုံးသောင်း ကျော် (၃၂၃၈၅ ဒဿမ ၉၆၁၂ ဧက)ကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားမည်ဖြစ်ပြီး စီမံကိန်း အကောင် ထည်ဖော်မည့်အချိန်တွင် ဒေသခံများနှင့် ညှိနှိုင်းကာ လျော်ကြေးပေးအပ်ပြီးမှသာ အကောင်အထည်ဖော်မည့် မြေအမျိုးအစား(ဥပမာ-စက်မှုမြေ၊ လမ်းမြေစသဖြင့်)ကို ထပ်မံ လျှောက် ထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။လျော်ကြေးပေးသည့်အချိန်တွင်
ရပ်ရွာဒေသ လူ့အဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကဏ္ဍ ဆပ်ကော်မတီမှ ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းကာ ပေးအပ်မည်ဖြစ်ပြီး ၎င်းတို့က လျော်
ကြေးပေးအပ်ပြီးသည့် မြေများကိုသာအကောင်အထည်ဖော်မည့် မြေအမျိုးအစားအလိုက် မြေဂရန် ထပ်လျှောက်
မည်ဟု ဦးခင်မောင်ချိုက ဆိုသည်။
0_km
“အရင်တုန်းက လုပ်တာက လျော်ကြေး ဘယ်လောက်ပေးမယ်လို့ ပြောပြီးလုပ်တာမျိုး မဟုတ်ဘူး။ ညဘက် ခြံတွေကို ဘူဒိုဇာနဲ့ ဝင်ထိုးပြီး မနက်ကျမှ
သူ့ခြံပါသွားပြီ၊ ငါ့ခြံပါသွားပြီ ဆိုပြီးလျော်ကြေး သွားတောင်းရတဲ့ သဘောဖြစ်နေတယ်။ ကိုယ်လိုချင်တိုင်း မရဘဲသူတို့ လုပ်တဲ့အတိုင်း ဖြစ်ခဲ့တယ်” ဟု
ထိန်ကြီးကျေးရွာဒေသခံ ကိုကျော်သူမောင်က ပြောသည်။သို့သော် လက်ရှိအနေအထားတွင်မူယခင်ကထက် ဒေသခံများက လျော်ကြေးကိစ္စနှင့်ပက်သက်၍ နားလည်လာပြီး ပြောရဲဆိုရဲ ရှိလာသည့်အတွက် ယခင်ကဲ့သို့ပြုမူ၍ရနိုင်မည့် အနေအထားမဟုတ်တော့ဟု ကိုကျော်သူမောင်က ဆိုသည်။

ပြည်သူပိုင်မြေများဖြစ်သည့် ရေဖြူမြို့နယ်တွင် ၃၁၆၂၀ ဒဿမ ၉၆၁၂ ဧကနှင့် လောင်းလုံးမြို့နယ်တွင် ၇၆၅ ဧကတို့ကို အခြားနည်းဖြင့် အသုံးပြုရန်
လျှောက်ထားသည်ကို ကန့်ကွက်လိုပါက ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်နိုင်ကြောင်း ဇန်နဝါရီလ ၁ ရက်ကထုတ်ပြန်သည့် ကြေညာချက်များတွင်
ပါရှိသည်။”ကန့်ကွက်တာကတော့ သက်ဆိုင်ရာ မြို့နယ်တွေမှာ ကန့်ကွက်ရမှာပေါ့။ကိုယ်တို့ဆီကိုလည်း ရောက်လာတာရှိပါတယ်။ ပြန်ရှင်းပြလိုက်တယ်။ အခုယူတာ မဟုတ်သေးဘူး။ ကြိုပြီးလျှောက်ထားတဲ့အကြောင်းနဲ့ စီမံကိန်းအကောင်အထည်မဖော်သရွေ့ စိုက်ပျိုးစားသောက်နိုင်တယ်ဆိုတာတွေကို ရှင်းပြတယ်” ဟုဦးခင်မောင်ချိုက ဆိုသည်။ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်းစာကို လုပ်ထုံးလုပ်နည်းများအရခေါ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆို
သည်။

လက်ရှိတွင် ကန့်ကွက်လွှာ ခေါ်ထားသည့် ကျေးရွာများအနက် အများစုကကန့်ကွက်လွှာပေးပို့ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ဒေသခံပိုင် လယ်မြေများကို အခြားနည်းလျှောက်ထားသည့်ကိစ္စကို ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းပြီးမှသာ ပြုလုပ်သင့်သည်ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ
ညှိနှိုင်းရေးမှူး ဦးသန့်ဇင်က ပြောသည်။”ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် လူတွေနဲ့တိုင်ပင်သင့်တယ်။ ကာယကံရှင်တွေကိုအသိပေးရမယ်။ အခုလိုလုပ်တာက
မဖြစ်မနေ လျော်ကြေးပေးတာကို လက်ခံရမယ့် သဘောဖြစ်နေတယ်” ဟု ဦးသန့်ဇင်က ဆိုသည်။ဒေသခံပိုင် လယ်မြေများကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက် ထားခြင်းကိစ္စကို မသိရသေးကြောင်း ထိန်ကြီးကျေးရွာက ကိုကျော်သူမောင်က ဆိုသည်။

“ကျွန်တော်ဆို အမြဲတမ်းမြို့နဲ့အဆက်အသွယ် အသွားအလာ ရှိတယ်။အင်တာနက်လည်း သုံးတယ်။ သတင်းတွေဖတ်တယ်။ အခုကိစ္စကို ကျွန်တော်
တောင် မသိဘူးဆိုရင် ရွာက တောသူတောင်သားတွေဆို စဉ်းစား ကြည့်တော့။ဘယ်သူမှ သိမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။
ဒေသခံများအနေဖြင့် လျော်ကြေးကိစ္စဖြစ်စေ၊ သံသယဖြစ်ဖွယ် ပျံ့နှံ့ နေသော ကောလာဟလများ(ဥပမာ-မြေကိုလျော်ကြေးမပေးဘဲ သိမ်းမည်၊ အန္တ
ရာယ် ဖြစ်စေနိုင်သည့်စက်ရုံဆောက် မည်စသဖြင့်) တို့နှင့်ပတ်သက်ပြီး အမှန်တိုင်းသိရှိလိုပါက Authority Centre တွင်
မေးမြန်းစုံစမ်းနိုင်သည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ဦးခင်မောင်ချိုက ပြောသည်။
“လယ်ယာမြေကို အခြားနည်းသုံးလျှောက်ထားပြီး လုပ်ပိုင်ခွင့်ရမှ ဒေသခံတွေ့နဲ့ တွေ့ပြီး ညှိနှိုင်းပြီး လျှော်ကြေးပေးမယ်ဆိုတဲ့ လုပ်ရပ်က ဥပမာ လူတစ်
ယောက်ကို လည်းပင်ကြိုးစွပ်ပြီး ကြိုးစကို လက်နဲ့ဆွဲထားပြီး ပြေးချင်သလို့ပြေးကွဆိုတဲ့ ပုံစံဖြစ်နေသလိုခံစားရမိတယ်”ဟု ထားဝယ် အထူးစီးပွားရေးဇုန်ကို
စောင့်ကြည့်လေ့လာနေသည့် လူငယ်တစ်ဦးဖြစ်သူ ကိုသန့်ဇင်အောင်ကပြောသည်။

ဒေသခံပိုင် လယ်ယာမြေများကို စီမံကိန်းဇုန်ပိုင်မြေဖြစ်ပြီးမှသာ အခြားနည်းအသုံးပြုခွင့်ကို လျှောက်ထားသင့်ကြောင်း ကို ကိုသန့်ဇင်အောင်က မှတ်ချက်ပြုသည်။”အခုက ဒေသခံတွေနဲ့လည်း မတွေ့၊စကားလည်း တစ်ခွန်းမှ လာမပြော၊တိုင်ပင်ဆွေးနွေးမှုလည်း မရှိ၊ လုပ်ချင်သလို လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအသစ်တွင် ကျေးရွာ ၆ ရွာမှပြည်သူလူထုပိုင်မြေ ၃၂၃၈၅ဒဿမ
၉၆၁၂ ဧကရှိပြီး လျော်ကြေးပေးပြီးသည့်မြေဧက ၅၇၇၆ဒဿမ၇၅ဧက အတွက်လျော်ကြေးငွေ ကျပ်သန်းပေါင်း ၂၃၄၃၃၂ဒဿမ ၂၆၂၀ ကို ယခင်စီမံကိန်း အကောင်
အထည်ဖော်ချိန်က ပေးပြီးဖြစ်ကြောင်းထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
ယခုဒေသခံပိုင်မြေများအပြင် ထားဝယ်အထူးစီးပွားရေးဇုန်အတွက်သစ်တောမြေ၊ ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော၊စားကျက်မြေ၊ မြစ်ချောင်းမြေ၊ စက်ရုံမြေ၊
သာသနာ့မြေ၊ သုဿန်မြေ၊ စက်မှုဝန်ကြီးဌာနပိုင်မြေနှင့် အခြားမြေစုစုပေါင်း၁၅၄၇၅ ဒသမ ၄၉ ဧကကိုလည်း စက်မှုမြေအဖြစ်လွှဲပြောင်းပေးရန် ထားဝယ်
အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီအမည်ဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်က လျှောက်ထားခဲ့ကြောင်း ယင်းကော်မတီမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအသစ်အရ ပထမအဆင့်စီမံကိန်းကို ၂၇ ကီလိုမီတာပတ်လည်ဖြင့်စတင်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်စီမံကိန်းမှာ ၂၀၄ ဒသမ ၅ စတုရန်းကီလိုမီတာရှိကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စောင့်ကြည့်လေ့လာရေးအဖွဲ့မှသိရသည်။