ရွှေပဒုမ္မာကုမ္ပဏီ၏ မြေဧက ၁၂၀၀ လျှောက်ထားမှုကို ကျေးဇူးတော် ရွာသားများ ကန့်ကွက်

0
381

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ နှမ်းကြဲကျေးရွာအုပ်စုတွင် ရွှေပဒုမ္မာ ကုမ္ပဏီက မြေဧက ၁၂၀၀ လျှောက်ထားခြင်းအပေါ် စစ်ဘေးရှောင်သူများ ပြန်လည်အခြေချနေထိုင်သည့် ကျေးဇူးတော် ရွာသား များက ကန့်ကွက်ထားကြောင်း ရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

နှမ်းကျဲကျေးရွာအုပ်စုရှိ ဧရိယာ ၁၂၀၀ ဧကအား မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် ရွှေပဒုမ္မာ ဆီအုန်း၊ ရာဘာစိုက်ပျိုးရေးကုမ္ပဏီက လုပ်ပိုင်ခွင့် လျှောက်ထားမည့်ကိစ္စကို ကန့်ကွက်နိုင်ကြောင့် စာထုတ်ထားသည့်အပြင် ၂၀၁၆ ဇန်နဝါရီလ ၁၈ ရက်နေ့က ကျေးဇူးတော်ရွာတွင် ကလိန်အောင်မြို့၊ မြေစာရင်းဦးစီးဌာနမှဦးစီးမှူး လာ ရောက်တွေ့ဆုံကာ ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ပြောဆိုခြင်း ကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ကျေးဇူးတော်ရွာ အုပ်ချုပ်ရေးမှူး ဦးစောကံဘွဲ့က ပြောသည်။

“အဲဒီမြေတွေက ရွာရဲ့မျက်နှာစာက မြေတွေ ရေရှည်မှာ ရွာကိုဝင်ဖို့ ထွက်ဖို့ အခက်အခဲ ရှိနိုင်တယ်။ ခြံကို ဖြတ်ပြီးမှ ဝင်ရတာမျိုး မလိုချင်ဘူး။ အဓိကက စစ်ဘေးရှောင်ပြီး ပြန်လာနေထိုင်တဲ့ ရွာသား တွေအတွက် စိုက်ပျိုးမြေလိုအပ်တယ်” ဟု ဦးစောကံဘွဲ့က ပြောသည်။
၁၉၉၂ ခုနစ်ဝန်းကျင်က နေရပ်ကို စွန့်ခွာခဲ့သည့် ကျေးဇူးတော်(ခီးတီခီး) ရွာသားများသည် လက်ရှိ အချိန်တွင် နေရပ်ပြန်လာနေထိုင်သူများရှိနေပြီး စွန့်ခွာခဲ့သည့် အိမ်ထောင်စု တစ်ရာကျော်တွင် အိမ်ထောင်စု ၄၃ စု ပြန်လည် အခြေချနေထိုင်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

နေရပ်ကို စွန့်ခွာသွားသူများထဲမှ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် စစ်ဘေး ရှောင်များနှင့် အခြားဒေသများတွင် နေထိုင်နေသည့် စစ်ဘေးရှောင်များကလည်း နေရပ်ပြန် ရန်စိတ်ဝင် စားမှုရှိနေပြီး နိုင်ငံရေးအခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။