ဒါလေးလည်း ပြောင်းလဲကြပါ

0
462

မနက် ၁၀ နာရီခွဲဆိုသော အစည်း အဝေးဖိတ်စာလေးကို ကြည့်ရင်း ကလေးများ ကျောင်းလွှတ်ချိန်အမီ စား သောက်ရန် မပြီးသေးသော ထမင်းချက် တာဝန်ကို…
“အစ်ကိုရေ… ဆယ်နာရီခွဲအရောက် သွားတော့မယ်။ ကိုယ့်ဘာသာကိုယ် ကြည့်စီစဉ်တော့နော်”
“ထားခဲ့ ထားခဲ့”

ဆယ်နာရီခွဲအထိ အစည်းအဝေး ရောက်ရန် ဆယ်နာရီခွဲမတိုင်မီ ပြင်ဆင် စရာများပြင်ဆင်၍ အချိန်မီသွားခဲ့သည်။ လမ်းတွင် အစည်းအဝေးသို့လာသော သူငယ်ချင်းနှင့်ဆုံသည်။ သူငယ်ချင်းဖြစ် သူက “ဆယ်နာရီခွဲချိန်းတာတဲ့ ဆယ့်တစ် နာရီမှ ဖြစ်မှာပေါ့” တဲ့။ မည်သို့ပင်ဖြစ် ပါစေ ဆယ်နာရီခွဲအထိ အစည်းအဝေးခန်း သို့ အရောက်သွားခဲ့သည်။ ကိုယ်သွားရ မည့် ခရီးအတွက် အချိန်ကို တိုင်းပြီးသား ဆိုတော့ ကွက်တိပေါ့။ သို့သော် အစည်း အဝေးရောက်သည့်အခါ ကိုယ်အပါအဝင် ဆယ်ယောက်ပင် မပြည့်သေး။ ထိုအခြေ အနေများသည် အရင့်အရင်ကလည်း ကြုံတွေ့နေကျဖြစ်သည်။ သို့သော်ကိုယ့် အတွက်ကတော့ ချိန်းတဲ့အချိန် ကွက်တိ ဖြစ်အောင် ပြင်ဆင်သည်။ အချိန်ကိုတန် ဖိုးထားကြောင်း ပြချင်၍ ဖြစ်သည်။

ဖိတ် သောအချိန်ထက် နောက်ကျပြီးမှလည်း အစည်းအဝေး စနေကျ။ ထိုအစီအစဉ်များ ကို လုံးဝ သဘောမကျသော်လည်း လူမစုံ သေးဘဲ စတင်၍လည်း မဖြစ်။ အစီ အစဉ်အချိန်မီ မစတတ်ကြောင်း ၊ မိနစ်သုံး ဆယ်လောက် နောက်ကျပြီးမှ စတတ် ကြောင်း လူတွေကလည်း သိနေတော့ မလာကြ။ ထို့ကြောင့် အချိန်နောက် ကျပြီးမှ လာကြသည်။ အစီအစဉ်၏နာရီဝက်လောက် နောက်ကျပြီးမှ လာကြ သလို၊ နာရီဝက်လောက် နောက်ကျပြီးမှ လည်း စတင်ကြသည်။ ဖိတ်သူကလည်း အစီအစဉ်၏ နာရီဝက်လောက်မှ လူစုံ သည်ဆိုသော အသိကြောင့်လိုအပ် သော အချိန်၏နာရီဝက်လောက် စောစွာ ဖိတ် မည် ထင်ပါသည်။ လူများကလည်း သိနေ၊ ကြိုနေပြီဖြစ်သည့်အတွက် အစည်းအဝေးတွင် ထိုင်စောင့်ပြီး အချိန် မဖြုန်းကြတော့ပါ။ သူတို့အထာနှင့် သူတို့ အဆင်ပြေနေသော်လည်း ကျွန်မတို့လို အချိန်နှင့် အလုပ်လုပ်၍ အချိန်ကို တန်ဖိုး ထားနေရသူများအဖို့မှာ အခက်တွေ့တော့ သည်။ အခုလည်းကြည့်ပါ။ မိနစ် သုံး ဆယ်လောက် ထိုင်စောင့်ပြီး ဆယ့်တစ် နာရီထိုးမှ အစည်း အဝေးစတင်သည်။ ကျွန်မအဖို့ အချိန် မိနစ်သုံးဆယ်ဖြုန်း လိုက်ရပေပြီ။ အရင့်အရင်ကလည်း ဖြုန်းပြီးပြီ၊ အခုလည်း ဖြုန်းနေရသည်။ နောက်လည်း ဖြုန်းနေရဦးမည်လား။ ကျွန်မတို့ မဖြုန်းချင်တော့ပါ။

“အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့” ဆောင်ပုဒ်အတိုင်း NLD ကို မဲပေးကြသည်မှာ ပြောင်းလဲချင်ကြ၍ မဟုတ်ပါလော။ ပြောင်းလဲချင်ကြသော ဆန္ဒများဖြစ်ကြသဖြင့် အမှန်တကယ် လည်း လိုချင်ကြသော ဆန္ဒများအတိုင်း ပြောင်းလဲသင့်သည်များကို ပြောင်းလဲကြ ရပေမည်။ ဒီမိုကရေစီနိုင်ငံသား ပီသကြ တော့မည်ဟု ယုံကြည်မိကြပေမည်။ ဒီမိုကရေစီ နိုင်ငံကြီးသားများသည် စည်း ကမ်း၊ စည်းစနစ်ရှိကြသည f။ ထို့ကြောင့် ကျွန်မတို့ကလည်း နိုင်ငံကြီးသားပီသစွာ ပြုမူနေထိုင်ကြရပေတော့မည်။ အထူးသ ဖြင့် ပြောင်းလဲရမည့် အချက်များတွင် အသားသေနေပြီဖြစ်သော အစည်းအဝေး အစီအစဉ်များ(ကျောင်းသား၊ မိဘ အစည်းအဝေး၊ ဌာနဆိုင်ရာအစည်း အဝေး၊ ရပ်ရွာကိစ္စအစည်းအဝေး စသည် ဖြင့်) ၏ အစီအစဉ်နှင့် အစွန်း အထင်း မကိုက်ညီသော ကွာဟချက်များကို လည်း တစ်ခုအပါ အဝင်အဖြစ် ပြောင်း လဲကြပါစို့ဟု တိုက်တွန်းလိုက်ပါသည်။

ထိုပြောင်းလဲမှုတွင် နှစ်ဦး နှစ်ဖက် ပြောင်းလဲမှ ဖြစ်မည်။ အစီအစဉ် ဖိတ် ကြားခံရသူကလည်း အစီအစဉ် နေရာ သို့ကွက်တိ အစီအစဉ်စတင် သူကလည်း အစီအစဉ်အတိုင်းကွက်တိ၊ ထိုသို့ဆိုလျှင် နှစ်ဦးနှစ်ဖက်အကျိုးရှိ၍ တန်ဖိုးရှိသော အချိန်များလည်း အလာဟသမဖြစ် တော့ပြီ၊ ပြောင်းလဲပြု ပြင်ရမည့်အရာများ များစွာရှိသည်။

ထိုအရာများထဲတွင် သည်ကိစ္စလေး လည်း ပါဝင်လိမ့်မည်ဖြစ်ရာ အကျဉ်း ချုပ် ပြောရမည် ဆိုလျှင် “ဒါလေးလည်း ပြောင်းလဲကြပါစို့” လို့လေ…။