ထားဝယ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ပစ္စတိုသေနတ်တစ်လက် ဖမ်းမိ

0
379

ထားဝယ်မြို့၊ ဥဿရံရပ်ကွက်၊ မြို့ပတ်လမ်းရှိ နေအိမ်တွင်ဝင်ရောက် ရှာဖွေရာ မူယစ်ဆေးဝါးများနှင့်အတူ ပစ္စတိုသေနတ် ၁ လက်ကိုပါ ဇန်နဝါရီလ ၂၀ရက်နေ့၊ ည ၁၀ နာရီခွဲအချိန်က သိမ်းဆည်းရမိကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

ယင်းနေအိမ် အပေါ်ထပ်မီးဖိုခန်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၁၃၃၅ ပြား၊ Iဃန ဟု ယူဆ ရသော မူးယစ်ဆေး ၁၆ တောင့်နှင့် အထုပ် ၂ ထုပ်၊ ငွေစက္ကူရောရာ ၁၁၇၀၀၀၀ ကျပ်၊ ၄၅ အော်တို ကျည် ၁၉တောင့်တို့ကို ရှာဖွေတွေ့ရှိရသည်ဟု ယင်းရဲစခန်းထံမှသိရသည်။

ယင်းနောက် နေအိမ်အောက်ရှိ ခရီးဆောင်လွယ်အိတ်အတွင်း USA ထုတ် COLT 45 ၄၅ အော်တိုစတီးရောင် ပစ္စတိုသေနတ် ၁လက် (ကျည်အိတ် အတွင်း ကျည် ၇တောင့်ပါ)၊ WYစာတမ်းပါပန်းရောင်စိတ်ကြွဆေးပြား ၁၀၀ ပြား၊ အစိမ်းရောင် ၁ပြား၊ ခဲ ပြား ၁ လိတ်၊ နံပါတ်မပါသည့်ဆိုင်ကယ် ၁စီး တို့ကို ဆက်လက် သိမ်းဆည်းရမိခဲ့သည် ဟု ထားဝယ်မြို့မရဲစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။

“မူးယစ်ဆေးဝါး ဖမ်းနေတာများပြီး လက်နက်နဲ့ဖမ်းမိတာ တစ်ခါမှမရှိဘူး”ဟု ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှ အကြီး တန်းအရာရှိတစ်ဦးက ပြောသည်။
အဆိုပါ နေအိမ်၌ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင်ဖြစ် သူကို မတွေ့ရဘဲ နေအိမ်အပေါ်ထပ်တွင် လူငယ်အမျိုးသား ၃ဦးနှင့် အမျိုး သမီးငယ် ၁ ဦးတို့ကို တွေ့ရှိသည်ဟု သိရသည်။

ထွက်ပြေးတိမ်းရှောင်သွားသည့် အိမ်ရှင်နှင့် လက်ရှိ ဖမ်းမိသူ ၄ ဦး စုစုပေါင်း ၅ ဦးတို့အားမူးယစ်ဆေးသုံးစွဲခြင်း၊ သယ်ယူခြင်း၊ ရောင်းချခြင်း၊ အား ပေးကူညီခြင်း၊ မူးယစ်ဆေးဝါး ရောင်း ဝယ်ကိစ္စတွင် လက်နက်အသုံးပြုခြင်း တို့ဖြင့် မူးယစ်(ပ) ၄/၂၀၁၆၊ ပုဒ်မ ၁၅၊၁၉ (က)၊ ၂၀ (က) ၊ ၂၁၊ ၂၂(ခ)တို့ဖြင့် ထားဝယ်မြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။