ယာဉ်မောင်းလိုင်စင် ပြုလုပ်ရာတွင် အပိုငွေကြေးပေးရန် မလိုဟု ကညန ပြော

0
582

ယာဉ်မောင်းလိုင်စင်(ခ) ပြုလုပ် ရာတွင် အပိုကြေးငွေ ပေးရန်မလိုဟု တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန)မှ တာဝန်ရှိသူတစ်ဦးက ဆို သည်။ကညန ရုံးတွင် ယာဉ်မောင်းလိုင်စင် (ခ)ပြုလုပ်ရာ၌ ကားမောင်းနှင်မှု တတ် မြောက်ကြောင်း စစ်ဆေးခံရခြင်း မရှိစေ ရန် အပိုငွေကြေး(သောင်းဂဏန်း)အထိ ပေးဆောင်နေရသည်ဟု ပြောဆိုနေမှုများ အပေါ် အထက်ပါ တာဝန်ရှိသူက ယင်းကဲ့သို့ တုံ့ပြန် ပြောကြားလိုက်ခြင်း ဖြစ်သည်။

kamyawgin-road_2
“အပိုငွေကြေး ပေးရတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
သို့သော် ယင်းလိုင်စင် လုပ်ဖူးသည့် သုံးဘီးဆိုင်ကယ် မောင်းနှင်သူများကမူ အပိုကြေးငွေ ပေးရသည်ဟု ပြောသည်။
သုံးဘီးဆိုင်ကယ် မောင်းနှင်ရန် အတွက် (ခ) လိုင်စင်ပြုလုပ်ချိန်တွင် ကားမမောင်းတတ်သည့်အတွက် ပွဲစား ဖြင့် ဆက်သွယ်ကာ သတ်မှတ်ငွေကြေးနှင့် အပိုငွေကြေး(သောင်းဂဏန်း) အထိ ပေး လိုက်ရကြောင်း ထိန်သစ်ရပ်ကွက်မှ အသက် ၂၈နှစ်အရွယ် သုံးဘီးယာဉ်မောင်း တစ်ဦးက ဆိုသည်။
သတ်မှတ်ချက်အတိုင်း လိုင်စင်ပြု လုပ်မည်ဆိုပါက အချိန် သုံးရက်ပေးကာ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း စာမေး ပွဲဖြေခြင်းနှင့် လက်တွေ့မောင်းနှင်ပြ ခြင်းတို့ ပြုလုပ်ရမည်ဖြစ်သော်လည်း ပွဲစားမှ တဆင့် အပိုငွေကြေးပေးကာ ပြုလုပ်ခြင်းဖြင့် တစ်ရက်သာဟန်ပြ စာမေးပွဲဖြေဆိုရပြီး လေးရက်ခန့် အကြာ တွင် ယာဉ်မောင်းလိုင်စင်ရရှိခဲ့သည်ဟု ထိန်သစ်ရပ်ကွက်မှ အသက်၂၈နှစ်အရွယ် သုံးဘီးယာဉ်မောင်းက ဆက်ပြောသည်။

သုံးဘီးဆိုင်ကယ် ယာဉ်မောင်းများ အား (ခ)လိုင်စင်ဖြင့် မောင်းနှင်ရမည်ဟု သတ်မှတ်ထားခြင်းကြောင့် သုံးဘီး ဆိုင်ကယ် မောင်းနှင်နေသည့် ယာဉ် မောင်း အများစုမှာ ကားမမောင်းတတ် သည့်အတွက် (ခ)လိုင်စင်ပြုလုပ် ရာတွင် အခက်အခဲကြုံနေ ရကြောင်း ယာဉ်မောင်း လိုင်စင်(က)ဖြင့် မောင်းနှင်နေသည့် ဝဲကျွန်းထိန်ဟောင်းရပ်ကွက်မှ အသက် ၃၀ အရွယ် သုံးဘီးယာဉ်မောင်း တစ်ဦးက ဆိုသည်။
“ကားလည်း မမောင်းတတ်တော့ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး” ဟု အဆိုပါ အသက် ၃၀ အရွယ် ယာဉ်မောင်း ကဆိုသည်။
သုံးဘီးဆိုင်ကယ်အား မော်တော် ယာဉ် ဥပဒေအရ ခရီးသည် ငါးဦးထက် ပိုတင်ဆောင်နိုင်သည့်အတွက် အငှား ယာဉ်အဖြစ် သတ်မှတ်ထားပြီး ၎င်းယာဉ် အား သတ်မှတ်လိုင်စင်ဖြင့်သာ မောင်း နှင်နိုင်ရန်အတွက် ကြိုးစားလေ့ကျင် စေချင်ပြီး (ကညန)မှ ယာဉ်မောင်းလိုင် စင်အား ဥပဒေအတိုင်းသာ ထုတ်ပေး လျက်ရှိသည်ဟု (ကညန)ရုံးမှ တာဝန် ရှိသူက ဆိုသည်။

သုံးဘီးဆိုင်ကယ်အား (ဃ)လိုင်စင် ဖြင့်သာ မောင်းနှင်ရမည်ဖြစ်သော်လည်း ဒေသန္တရ လိုအပ်ချက်အရ (ခ)လိုင်စင်ဖြင့် မောင်းနှင်ခွင့်ပြုထားခြင်းသည်ဟု စုံစမ်း သိရှိရသည်။ လိုင်စင်အမျိုးမျိုး အတွက် တစ်ပတ်လျှင် ၄၀၀ဦးခန့် လာရောက် ဆောင်ရွက်လျက်ရှိကြောင်း က.ည.နရုံး မှတ်တမ်းများအရ သိရသည်။