လာမည့် ပညာသင်နှစ်တွင် မွန်စာကို သင်ရိုးအသစ်ဖြင့် သင်မည်

0
438

အစိုးရစာသင်ကျောင်းများတွင် ကျောင်းချိန်အတွင်း မွန်စာသင်ကြား နိုင်ရေးအတွက် မွန်စာသင်ရိုးညွှန်းတမ်း အသစ် ရေးဆွဲထားပြီးဖြစ်ကာ လာမည့် ပညာသင်နှစ်တွင် ယင်းသင်ရိုးညွှန်းတမ်း အသစ်ဖြင့်မွန်စာကိုစနစ်တကျ သင် ကြားနိုင်တော့မည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။

အသစ်ရေးဆွဲထားသည့် မွန်စာ သင်ရိုးညွှန်းတမ်းကို လက်ရှိ နိုင်ငံတကာ တွင် ကျင့်သုံးနေသည့် သင်ရိုး ညွှန်းတမ်း များကို အခြေခံကာ မူလတန်းအဆင့်ထိ ဖတ်စာအုပ်၊ အခြေခံမွန် စကားစာအုပ်၊ ဆရာလက်စွဲစာအုပ်များ ရေးဆွဲထား သည်ဟု မွန်ပြည်နယ် စီမံ၊ စီးပွားဝန်ကြီး (ယဉ်ကျေးမှု တာဝန်ခံဝန်ကြီး) ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

“မူလတန်းအဆင့်အတွက် ဖတ် စာအုပ်၊ အခြေခံမွန်စကားစာအုပ်၊ ဆရာ လက်စွဲ အကုန်ပြီးပြီ သင်ရိုးညွှန်း တမ်း ကတော့ ပြီးပြီ သင်မယ့်ဆရာတွေကို လည်း မွန်စာသင်ပြနည်းသင်တန်းပို့ချ ပေးဖို့ရှိတယ်၊ လာမယ့်ပညာသစ်နှစ်မှာ ဒီသင်ရိုးညွှန်းတမ်းနဲ့ အဲဒီဆရာတွေနဲ့ သင်မယ်” ဟု ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

မွန်၊ ကရင်နှင့် တနင်္သာရီတိုင်း အတွင်းရှိ မွန်စာသင်ကြားမည့် ကျောင်း အရေအတွက်အလိုက် ကျောင်းဆရာ၊ ဆရာမ ၄၀၀ ခန့်ကို ဇန်နဝါရီလမကုန်ခင် မွန်စာသင်ပြနည်းသင်တန်း ပို့ချပေး သွားမည်ဟု ၎င်းက ဆက်ပြောသည်။မွန်စာသင်ကြားမည့် ကျောင်းဆရာ ဆရာမများအတွက် လစာကို တစ်လ လျှင် ၃ သောင်းကျပ်ဖြင့် တစ်နှစ်အတွင်း ၉ လစာ ထောက်ပံ့ပေးသွားရန် စီစဉ် ထားသည်ဟုလည်း ပြောသည်။
“လက်ရှိသုံးနေတဲ့သင်ရိုးညွှန်း တမ်းက ကလေးတွေအတွက် ဝန်းလေး စရာ (လေးလေးပင်ပင်) ဖြစ်နေတယ်၊ ပေါ့ပေါ့ပါးပါး မဖြစ်ဘူး၊ ပြီးတော့ သူငယ် တန်းကနေ ၂ တန်းထိ ရှိတယ်၊ အခုသင် မှာက ၄ တန်းထိဆိုတော့ သင်ရိုးညွှန်း တမ်းတွေ ထပ်ဆွဲရတယ်” ဟု မွန်စာ သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့ဝင် ဆရာဇေက ပြောသည်။

ကျောင်းချိန်အတွင်း မွန်စာသင် ကြားခြင်းကို မွန်ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြည်နယ်အစိုးရမှ တဆင့် ပညာရေး ဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင် အကောင်အထည် ဖော်နေသော်လည်း သင်ရိုးညွှန်းတမ်း၊ သင် ကြားမည့်ဆရာ၊ ကျောင်းအရေအတွက် ကျောင်းသားအရေအတွက် စသည့် အခြေ ခံအချက်အလက်များ စနစ်တကျ မရှိခဲ့ သည့်အတွက် ထိရောက်မှု မရှိခဲ့သည်ဟု ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
လွတ်လပ်ရေးရရှိပြီးစ ဦးနု အစိုးရ လက်ထက်က အစိုးရကျောင်းစာများတွင် မွန်စာပေ သင်ကြားခွင့် ရရှိခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် မွန်ပညာရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းပေးကာ မွန်ကျောင်းဆရာများကို ခန့်အပ်ပေးပြီး မူလတန်းအဆင့်တွင် မွန်စာပေကို တရားဝင် သင်ကြားခွင့် ပေးခဲ့သော်လည်း မဆလ အစိုးရ လက်ထက် ၁၉၆၂ ခုနှစ်မှ စပြီး မွန်စာပေ ကို တရားဝင် သင်ကြားခွင့်မရရှိတော့ဘဲ ကျောင်းအချို့တွင်သာ နားလည်မှု ယူ ကာ အချိန်ပိုင်းအနေနှင့် အနည်းငယ် သင်ကြားခွင့် ရရှိခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ အစိုးရကျောင်းများ၌ မွန်စာပေ သင် ကြားမှုကို အလုံးစုံ ပိတ်ပင်ခဲ့ကာ အစိုးရ သစ်လက်ထက်၌ မွန်ပြည်နယ်လွှတ် တော်၏ အတည်ပြုချက်၊ ပြည်နယ် အစိုးရ၏ အကောင်အထည်ဖော်မှုဖြင့် အစိုးရကျောင်းများတွင် မွန်စာပြန်လည် သင်ကြားခွင့် ရခဲ့သည်။