လိုင်စင်မဲ့ အရက် ဆိုင် အဖမ်းအဆီး ပွက်လောညံ၊ ယမကာဆိုင်ရှင်များ ညည်းတွား

0
471

ထားဝယ်ဒေသအတွင်း လိုင်စင်မဲ့ အရက်ဆိုင်များ ဇန်နဝါရီလ ၁၄ ရက်မှ စတင် ဖမ်းဆီးမည့် သတင်းကြောင့် အရက်ဆိုင်လောကအတွင်း ပွက်လော ရိုက်နေပြီး ညည်းတွားသံညံလျက် ရှိသည်။

ယခင်က ယစ်မျိုးလိုင်စင်မဲ့ဆိုင်နှင့် သတ်မှတ် လိုင်စင်အတိုင်း ရောင်းချခြင်း မရှိသည့် အရက်ဆိုင်များအား သက်ဆိုင် ရာ နယ်မြေရဲများနှင့် နားလည်မှုယူ (လိုင်းကြေးပေး)ကာ ဖွင့်လှစ် ရောင်းချ လာခဲ့ပြီးမှ ယခုကဲ့သို့ ဖုတ်ပူ မီးတိုက် ပုံစံဖြင့် ဖမ်းဆီးမည်ဆိုသော ကြောင့် အကြပ်အတည်း ဖြစ်ရကြောင်း အရက် အရောင်းဆိုင်များက ပြောကြားသည်။ထားဝယ်မြို့ပေါ်ရှိ အရက်ဆိုင် အများစုတွင် CS-2A (အရက်ဖြူ လက်လီရောင်းချခွင့်) လိုင်စင်သာ ပြုလုပ်ထားကြကာ အဆိုပါ အရက်ဖြူ ရောင်းချခွင့် လိုင်စင်မှ အရက်နီ ရောင်းချခွင့်လိုင်စင် လျှောက်ထား ဆဲဖြစ်ပြီး လိုင်စင်ချပေး ^ မပေး မသိရ သေးကြောင်း ကြက်စားပြင်ရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် အရက်ဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။

ညနေပိုင်း ယမကာလုလင်များဖြင့် စည်ကားနေလေ့ရှိသော ထားဝယ်မြို့ ကျန်းမာရေး ထန်းပင်တန်းတွင် လည်းပေါ်ပေါ်တင်တင် ရောင်းချ၊ သောက်သုံးသူမရှိဘဲ ခြောက်ကပ်လျက်ရှိသည်။ အသောက်အစားများ ဖက်ကာ အပန်းဖြေလေ့ရှိသည့် မောင်းမကန်ကမ်းခြေတွင်လည်း အရက်၊ ဘီယာများ ကို ဝိနည်းလွတ်သည့် နည်းအချို့
သုံးကာ နိုးကြားစွာ ရောင်းလျက်ရှိသည်။

အရက်ရောင်းစားသူများအတွက်မူ ထိုသို့ရေရှည်သွားပါက မိသားစုစားဝတ်နေရေးနှင့် ဘ၀ရပ်တည်ရေး အတွက် အခက်အခဲ ဖြစ်လာမည်ဟု
ကြက်စားပြင်ရပ်ကွက်မှ အရက်ဆိုင်ပိုင်ရှင်က ဆိုသည်။”ချောင်ပိတ်ရိုက်တာမျိုးတော့ မလုပ်သင့်ဘူး ထင်တယ်” ဟု ၎င်းက
ဆိုသည်။လိုင်စင်မဲ့အရက် အဖမ်းအဆီး သတင်းသည် ယမကာလုလင်များအကြား အထူးအပြောများသည့် ကိစ္စဖြစ်နေပြီး ပုံစံပြောင်း “ခွက်ပုန်း”
ချလျက်ရှိသည်။

ထားဝယ်မြို့၊ ရပ်ကွက်အတွင်း ရှိ အရက်ဆိုင်တစ်ဆိုင်တွင် အရက်အဖမ်းအဆီး သတင်းကို သွားရောက် စုံစမ်းရာ “ဘာလုပ်ပေးနိုင်မှာ မို့လို့
လဲ” ဟု ဆိုင် ထောင့်တစ်ထောင့်တွင် ရေနွေးကြမ်းအိုးအတွင်း ယမကာထည့်ကာ ရေနွေးခွက်ဖြင့် ခွက်ပုန်းသောက်နေသော ယမကာလုလင်တစ်ဦးက
မေးခွန်းထုတ်သည်။ဆိုင်ပိတ်လိုက်ရခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားကာ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာခဲ့ပြီး အခြားအလုပ်တစ်ခု
ချက်ခြင်း ပြောင်းလုပ်ပါက အဆင်မပြေနိုင်ကြောင်း ထားဝယ်မြို့ ဇရစ်ရပ်ကွက်မှ အသက် ၃၀ အရွယ် အရက်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“သတ်မှတ်လိုင်စင် အရင်လုပ်ပေးပြီးမှ မလုပ်တဲ့ဆိုင်တွေကို ဖမ်းတာက သဘာဝကျလိမ့်မယ်ထင်တယ်” ဟု ယင်းဆိုင်ပိုင်ရှင်က ပြောသည်။

ယခုခဲ့သို့ အရက်ဆိုင်များအပေါ် စည်းကမ်းတင်းကျပ် အပေါ်ဘာသာရေးရှုထောင့်မှ ကြည့်ပါက ကောင်းမွန်သင့်မြတ်လှပြီး ကျန်းမာရေးရှုထောင့်နှင့် မိသားစု စိတ်အေးချမ်းသာ ရေးအတွက်ပါ အထောက်အကူဖြစ်စေကြောင်း ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်မှ အသက် ၄၉ နှစ်အရွယ်
အမျိုးသားတစ်ဦးက ဆိုသည်။”အခု ရက်ပိုင်းအတွင်း ယာဉ်တိုက်မှုတွေတောင် လျော့နည်းသွားတယ်လို့ ထင်တယ်”ဟု အဆိုပါအမျိုးသားက ပြောသည်။
အရက်ဖြူလိုင်ြစင် (CS-2A)ရှိသည့် အရက်ဆိုင်များကို ခေတ်ကာလာနှင့် လျော်ညီစွာ ပြောင်းလဲခွင့်ပြုပေးသင့်ပြီး လိုင်စင်အသစ်ကို (လုံးဝ)မချပေးခြင်းက ပိုကောင်းလိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထားဝယ်မြို့ ရပ်ကွက်တစ်ခုတွင် အရက်ဆိုင်အနည်းဆုံး ၁၀ ဆိုင်ခန့်ရှိပြီး လက်ဖက်ရည်ဆိုင်ထက်များနေသည့်အတွက် လူငယ်များ အရက်
သောက်သုံးမှုများပြားကာ လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးနိုင်သည်ဟုဘုမ္မော်ရပ်ကွက်မှ အသက် ၄၂ နှစ် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
” အရက်သောက်ပြီး ခိုက်ရန်ဖြစ်ပွားတာတွေလည်း လျော့နည်း လာလိမ့်မယ်ထင်တယ်” ဟု ၎င်းက ပြောသည်။
သို့သော် ရာသီပေါ်ချိန် လူကြိုက်များသော ထန်းရည်မှာ အရက်ကဲ့သို့မပြင်းထန်လှသဖြင့် ထန်းရည်ဆိုင်များအား ဆိုင်အရေအတွက် အကန့်
အသတ်ဖြင့် ခွင့်ပြုပေးသင့်သည်ဟု ၎င်းက အကြံပြု ပြောကြားသည်။ဇန်နဝါရီလ ၁၄ ရက်မှစတင်ကာ လိုင်စင်မဲ့ ^ လိုင်စင် ဖောက်ဖျက်
သည့် ဆိုင်များအား ဖမ်းဆီးသွားမည်ဟု အသိပေးထားချိန်မှ ယခုအချိန်ထိအရက်ဆိုင် များ ရှင်းရှင်းလင်းလင်း ဖြစ်သွားကာ ပြစ်မှုများ (ယာဉ်တိုက်မှု၊
ခိုက်ရန် ဖြစ်ပွားမှု) သိသိသာသာ ကျဆင်းသွား သည့်အတွက် ကျေနပ်အားရမိကြောင်း ထားဝယ်မြို့ မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက
ဆိုသည်။

“ယစ်မျိုးလိုင်စင်မဲ့နှင့် စည်းကမ်း ဖောက်ဖျက်တဲ့ဆိုင်တွေဆို ဘယ်သူ့ဆိုင်ဖြစ်ဖြစ် အရေးယူသွားမယ်” ဟု စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြော
သည်။ယစ်မျိုးလိုင်စင်မဲ့ဆိုင်များကို ပပျောက်သည်အထိ အရေးယူသွားမည်ဖြစ်ပြီး သတ်မှတ်လိုင်စင် ဖောက်ဖျက်သည့် ဆိုင်များကိုလည်း တိတိ
ကျကျ အရေးယူသွားမည်ဟု ဒုရဲမှူးက ဆက်ပြောသည်။သို့သော် အထက်ပါစခန်း၏ စာရင်းဇယားများအရ ဇန်နဝါရီလ၁၆ ရက်အထိ ဖမ်းဆီး အရေးယူခြင်း မရှိသေးပေ။ထားဝယ်မြို့နယ်တွင် ယစ်မျိုး လိုင်စင်အမျိုးမျိုးဖြင့် အရက် လက်လီ^ လက်ကား ရောင်းချနေသည့် ဆိုင်ပေါင်း ၁၂၅ ဆိုင်ရှိကာ သတ်မှတ်
ထားသည့် ယစ်မျိုးလိုင်စင် ၄၁ မျိုးရှိကြောင်း ယစ်မျိုးဥပဒေအရ သိရသည်။