လုပ်ငန်း အကူးအပြောင်းကြောင့် မီတာခဘောက်ချာဖြန့်ဝေရန် ကြန့်ကြာဟုဆို

0
578

လုပ်ငန်းအကူးအပြောင်းကာလ ဖြစ်ခြင်းကြောင့် ထားဝယ်မြို့နယ်ရှိ လျှပ်စစ်သုံးစွဲခဘောက်ချာများ ဖြန့်ဝေရန် ကြန့်ကြာနေကြောင်း Dawei Development
Public Co., Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။တိုင်းဒေသကြီးအစိုးရမှ DDPC လွှဲပြောင်းရယူပြီးသည့်နောက်ပိုင်း ဒီဇင်ဘာလ
အတွက် လျှပ်စစ်သုံးစွဲခကို ပထမဆုံးကောက်ခံရန်အတွက် ဝန်ထမ်းအသစ်များ၏အားနည်းချက်ကြောင့် မီတာဖတ်ရန်နှင့် မီတာခဘောက်ချာ ဖြန့်ဝေရန် ကြန့်ကြာ
နေခြင်းဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

“အခုက ဝန်ထမ်းအသစ်တွေနဲ့ စလုပ်နေတော့ ရပ်ကွက်မြေပုံတွေ၊ မီတာရှိတဲ့နေရာတွေကို သိပ်မသိကြသေးလို့ပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ထားဝယ်မြို့ပေါ်ရှိ မီတာအလုံးရေ ၂၀၀၀၀ တွင် ၁၂၀၀၀ ကိုမီတာဖတ်ပြီးဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေတွင်
ပြောသည်။၎င်း အပြင် လုပ်ငန်း အကူးအပြောင်း ကာလဖြစ် သည့်အတွက် မီတာခ ကောက်ခံရေးထက် လျှပ်စစ်ဓာတ်အား မပြတ်တောက်ရေးကိုသာ အဓိကထားလုပ်ကိုင်နေခြင်းကြောင့်လည်းဖြစ်သည်ဟု ၎င်းကဆိုသည်။မီတာခကောက်ခံရာတွင် လွယ်ကူစေရေးအတွက် EPC ကို လည်း အကူအညီ တောင်းထားသည်ဟု ဆို သည်။

“အခုထိ ဖြတ်ပိုင်းမလာသေးတော့ ဘယ်လောက်ကျမယ်ဆိုတာလည်း မသိရဘူး။ ပြီးတော့ ဘယ်တော့လာမယ်လဲ မသိရသေးဘူး။ လက်ထဲမှာ ပိုက်ဆံ
ပြတ်တဲ့အချိန်မှ လာရင် ပင်ပန်းမှာပေါ့” ဟု ပိန္နဲတောရပ်ကွက်မှ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို တိုင်းအစိုးရအစီအစဉ်ဖြင့် လုပ်ဆောင်ချိန်က ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင် မှုကုမ္ပဏီက မီတာခကောက်ခံပြီး လစဉ်
ပထမအပတ်အတွင်း မီတာခဘောက်ချာလာပို့လေ့ရှိကြောင်း မြို့ခံများထံမှ သိရသည်။