အပျိုစင်လုပွဲ

0
514

ခရစ်နှစ်သစ်ကူး တနင်္သာရီ အပတ် စဉ် (အတွဲ-၃၊ အမှတ်- ၂၇)တွင် ဆောင်းပါးရှင် သည်မွန်၏ “၂၀၁၆ တနင်္သာရီ ဟောကိန်း” ၌ ခါးသက်လှသည့် ဟောချက်တစ်ခု ပါလာသည်။
“ကျွန်းလုပွဲများ ဖြစ်မည်” ဟူ၏..။

တနင်္သာရီတိုင်းသည် ဖြတ်သန်းခဲ့ ပြီးသော ခေတ်စနစ်ဆိုးကြီးအတွင်း၌ ကုန်းမြေလုပွဲများ၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတ အဓမ္မပြု ကျင့်မှုများကို ကြိတ်မှိတ် လှိမ့်ခံခဲ့ရပြီး လေပြီ..။ တိုင်း၏ ပင်မသွေးကြောကြီး ဖြစ်သည့် ဂက်(စ်)ပိုက်လိုင်းကြီးအား ဖောက်ထုတ်၊ အခြားနိုင်ငံသို့ ရောင်းပို့ ခံထားရပြီးမှ ကြီးမြင့်သော နှုန်းထားဖြင့် ပြန်ဝယ်သုံးနေရ(ယင်းသည်ပင် မစို့ မပိုသာ)သည်က မြင်သာထင်သာလှသည့် ဥပမာ တစ်ခု။
တိုင်းရိုးမကြီးသည်လည်း ဆံပင် အပါးခံထားရသည့် လူနာဦးခေါင်းလို ဖြစ်နေပြီ . . . ။ မြစ်ချောင်းများသည်လည်း သတ္တု အလုအယက် ညှစ်ထုတ်ခံရမှု အောက်တွင် အဆိပ်သင့်ကာ သေအံ့မူးမူး . . . ။ ကျယ်ပြောလှတဲ့ စားကျက်မြေများ၊ ကျေးရွာပိုင် ဘုံမြေများလည်း ခေတ်ဆိုး အဆက်ဆက် အုပ်ချုပ်ခဲ့သော ခေါင်းဆောင် ကြီးများ၏ လက်ညှိုးထိုး အကွက်ရိုက် မှုများ အောက်တွင် လုံးပါးပါးခဲ့ပြီးလေ ပြီ..။ သွယ်တန်းနေသည့် ကမ်းရိုးတန်း ကြီးလည်း (အသုံးတည့်နိုင်သော နေရာ တိုင်း) ဒေသခံများ၏ လက်ထဲတွင် မရှိ တော့။ မဖြေရှင်းနိုင်သေးသော မြေယာ မှုခင်းများကား ရေးလျှင် ရေးမကုန်နိုင်..။
virgin_min_khant
ခု..၊ ကျွန်းလုပွဲများပါ ဆက်ဖြစ် တော့မည် ဆို၏။ သူ(သည်မွန်) အဘယ် ကြောင့် ဤဟောကိန်းထုတ်နိုင် သနည်း။
ယခုနှစ်သစ်တွင် အစိုးရသစ် တက် လာမည်..၊ လူသစ်များက မူသစ် များချ အုပ်ချုပ်လိမ့်မည်..၊ တိုင်းအစိုးရ အဖွဲ့သစ်ကလည်း တိုင်း၏ ရေတိုရေရှည် အကျိုးထမ်းပိုး ကာကွယ်ကြလိမ့်မည်ဟု လူတိုင်း ယုံကြည်ထားကြချိန် နယ်မြေ သစ်လုပွဲများ ထပ်ဖြစ်လာဦးမည်လော..။
တနင်္သာရီတိုင်းတွင် ကျွန်းပေါင်း ၈၀၀ ကျော် ရှိပါသည်။ တိုင်းသစ်တော ဌာန အရာရှိတစ်ဦး၏ ခန့်မှန်းချက်အရ ကျွန်းအားလုံး၏ ၃ ပုံ ၁ ပုံကျော်တွင် ဆလုံအပါအဝင် ဒေသခံလူမျိုးများ အမြဲ တမ်း နေထိုင်ကြ၏။ ယင်းအပြင် ကျွန်း အားလုံး၏ တစ်ဝက်ခန့်သည် လှေကြီး လှေငယ်များ၊ တံငါလုပ်ကိုင်သူ မိသားစု များ ယာယီနေထိုင်ဝင်ထွက်သွားလာနေ ထိုင် ကျက်စားနေကြ၏။

ထိုထဲတွင် ပုလဲ၊ ငှက်သိုက် စသည့် တန်ဖိုးမြင့် သယံဇာတ ထုတ်ယူနေသည့် ကျွန်းအုပ်စုကြီး ၆ အုပ်စုခန့် ရှိနေပါ သည်။ ယင်းလုပ်ငန်းများကို ပုဂ္ဂလိက အနေဖြင့်ဆိုလျှင် အစိုးရ အဆက်ဆက်နှင့် အကျွမ်းဝင်သော ကုမ္ပဏီများကသာ တစိုက်မတ်မတ် လုပ်ကိုင်ခွင့်ရခဲ့၏။ ဒေသခံကျွန်းသူကျွန်းသားများကား ယင်းလုပ်ငန်းများတွင် အောက်ခြေသိမ်း အလုပ်သမားအဖြစ်သာ ပါဝင်ခွင့် ရခဲ့သည်မှာ ခေတ်အဆက်ဆက်မှသည် ယခုထိ..။ အရင်းအနှီးနှင့် နည်းပညာများ ကလည်း တစ်ဖက်သတ် ဆန်လွန်းနေဆဲ။

ကံအားလျော်စွာ..၊ ယင်းကျွန်းများ ထဲမှ အချို့သော ကျွန်းများ၊ ကျွန်း၏ကမ်းခြေများသည် ယစ်မူးဖွယ် လှပနေ ကြောင်း ၂၀၁၅ ခုနှစ်အတွင်း ဖုံးမနိုင်ဖိမရ ပေါ်လာကြသည်။

မိတ်ကပ် လိမ်းမြင်ကွင်းများကို ရိုးအီနေပြီဖြစ်သော ခရီးသွားများသည် (စီမံခွင့်ရသူတို့၏ ထိန်းသိမ်းမှု ညံ့ဖျင်း ခြင်းများ၊ ဒေသခံတစ်ဦးချင်း တစ်ဖွဲ့ချင်း ၏ ခေတ်အဆက်ဆက် သင်းသတ်ခံ ထားရသော တာဝန်သိတတ်မှုများ ကြောင့်) ပျက်စီးယိုယွင်း အိုမင်းနေပြီ ဖြစ်သော အပန်းဖြေစခန်းများအစား နုထွတ်သစ်ဆန်းသော နေရာများ စူးစမ်း ရှာဖွေ လာကြ၏။ ခရီးစဉ်များကို ခံစားမှု အသစ်ဘက် ဦးလှည့်တိမ်းညွတ်လာကြ ၏။ ထိုအခါသဘာဝအရှိတရားကို ပုံဖော် ထားနိုင်ဆဲ တိုင်းတွင်းကျွန်းများ၏ ရေပန်း စားမှုက အံ့မခန်း ထိုးတက်သွားပါလေ တော့သည်။
ယင်းတွင် ခရီးသွားလုပ်ငန်းအတွက် အလွန့်အလွန် အသုံးတည့်နိုင်ကြောင်း ပေါ်လွင်လာသည့် ကျွန်းခရီးစဉ်များက အိပ်ပျော်နေသော တိုင်းတွင်းခရီးသွား လုပ်ငန်းကို ခေါင်းပြူထ လာစေ၏။ တစ်ချိန်တည်းတွင် အဟုန်ပြင်းစွာ ဖွံဖြိုး လာသော ဈေးကွက်၏ လိုအပ်ချက်အရ ဒေသခံများထဲမှ ခရီးသွားလုပ်ငန်း စွန့်ဦး အစပျိုး လုပ်ကိုင်သူများလည်း ပေါ် ထွက်လာ၏။ အချို့ဒေသအရေး ရှေးရှု သော ခရီးသွားလုပ်ငန်းအဖွဲ့များက ဒေသခံများ အကျိုးအမြတ်ရရှိရေး အစီ အစဉ်ဖြင့် ကျွန်းနီးတစ်ဝိုက်မှ ရှိနှင့်ပြီး သော လုပ်အား အရင်းအမြစ်ကိုသာ အဓိကထား အသုံးပြုလာကြ၏။ ထိုအခါ ဒေသခံများ၊ ကျွန်းသူကျွန်းသားများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးရ ၏။ ကားခ၊ လှေခ၊ ဝန်ဆောင်ခ၊ လုပ် အားခ ရကြ၏။ ဒေသတွင်း ရောင်းဝယ် ဖောက်ကားမှု နှုန်းမြင့်လာ၏။
အခြားတစ်ဖက်တွင်ကား ကျွန်းများ ရှိ သယံဇာတ ထုတ်ယူခွင့်ရထားသူများနှင့် ပွတ်တိုက်သံ ထွက်လာလေ၏..။

လှေဝင်လှေထွက်များလာလျှင် ပုလဲ လုပ်ငန်းကို ထိခိုက်နိုင်သည် ဆိုလာ၏။ လူအသွားအလာများလျှင် ငှက်သိုက်လုပ် သည့် ဇီဝဇိုးငှက်များ မလာတော့သဖြင့် လေလံအောင်ထားသည့် ကုမ္ပဏီများအနေ ဖြင့် ကျွန်းအနီး သွားလာသည့်လှေများ ကိုပင် (လေလံ စည်းကမ်းချက်များအရ)တားမြစ်ပိုင်ခွင့် ရှိသည်ဟု ပြောလာ၏။ ကော့သောင်း အသဲပုံရေအိုင်ကျွန်း ခရီး သွားဝင်ပေါက်ကို ကုမ္ပဏီက ပိတ်လိုက် ဖွင့်လိုက် လုပ်၏။
ခရီးသွားလုပ်ငန်းဘက်မှလည်း သူတို့လုပ်ငန်းသည် “မီးခိုးမထွက်သည့် စက်ရုံ” ၊ နိုင်ငံတကာက လက်ခံထားသည့် ဝင်ငွေကောင်းပြီး ဘေးထွက်ဆိုးကျိုးအနည်းဆုံးလုပ်ငန်းဟု တုန့်ပြန်လာ၏။ ငှက်သိုက်၊ ပုလဲ၊ ငါးဖမ်းလုပ်ငန်းများသည် ဒေသ၏ အမွေအနှစ် ပြယုဂ်များဖြစ်သည့် အားလျော်စွာ ခရီးသွားများကို ဆွဲဆောင် မှုတစ်ခုအနေဖြင့် ယင်းလုပ်ငန်းများအား လိုက်လံလည်ပတ်ခွင့်ကိုပင် ကြည်ဖြူ သင့်သည်ဟု ဖွင့်ဟ၏။
ယင်း အခင်းအကျင်းများက ၂၀၁၆ တွင် ကျွန်းလုပ်ပိုင်ခွင့် လက်ဦးမှုများဆီ တာစူလာစေတော့မည်ဟု သုံးသပ် နိုင်စေ၏။ ယခုလပိုင်းအတွင်း၌ပင် ကျွန်း ၁၀ ခုထက်မနည်း လုပ်ပိုင်ခွင့် လျှောက် ထားလာကြကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ စုံစမ်းသိရှိရ၏။

မြိတ်ရှိ နတ်သမီးရေတွင်းကျွန်းကို လုပ်ပိုင်ခွင့် လျှောက်ထားဆဲ ခရီးသွား လုပ်ငန်း ကုမ္ပဏီတစ်ခုကလည်း ကျွန်း ပေါ်တွင် လူအငှားချထားလိုက်လေပြီ . . . ။ ကျွန်းပေါ်နှင့် ကျွန်းတစ်ဝိုက် သန့် ရှင်းရေး၊ သယံဇာတများ ရေရှည်တည်တံ့ အောင် ထိန်းသိမ်းနိုင်ရေးနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း ပေါင်းစုံကို အကြောင်းပြုကာ ဒေသခံ ငါးဖမ်းလှေငယ်များ၊ ယင်းလှေငယ်များ ကို ငှားရမ်းစီးနင်းလာသော ခရီးသွား များကို ဆိုက်ကပ်ခွင့် တားဆီးကန့်သတ် ပိတ်ပင်လိုက်လေပြီ . . . ။

ထားဝယ်ဘက်တွင်လည်း ၂၀၁၅ ဒီဇင်ဘာလမှစ ကျွန်းခရီးစဉ်များ စန်းထ လာသော ကျွန်းများကို ခြေကုပ် ယူကာ ခရီးသွားလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိ ရေး အပြိုင်းအရိုင်း ကြိုးစားကြတော့မည်။ နေရာဦးခြင်း လက်တံများ အလုအယက် ဆန့်ကား ထားကြတော့မည်။
ထို့အတူ လာမည့် ဖေဖော်ဝါရီလ ထက် နောက်မကျဘဲ ၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ငှက်သိုက်စုသိမ်းခွင့် လေလံ ပစ်တော့မည်။ ငှက်သိုက်စုသိမ်း ခွင့်ရသွားသူသည် ကျွန်းတစ်ခုလုံးကို စီမံအုပ်ချုပ်ခွင့်ရသွားခြင်း မဟုတ်သော် လည်း ယင်းကျွန်းစုများအား အတိုင်း အတာတစ်ခုထိ စီမံပိုင်းခြားခွင့် ရလိမ့် မည်။ သို့ကြောင့် ခရီးသွားလုပ်ငန်းလုပ် ကိုင်သူတို့က ခဲတစ်လုံးတည်းဖြင့် ငှက် နှစ်ကောင် ပစ်နိုင်မည့် ယင်းလေလံပွဲ များကို ဝင်နွှဲကြလိမ့်မည် ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဆိုသည်။ လေလံအောင်ခဲ့သော် ငှက်သိုက်လည်း စုနိုင်မည်၊ ခရီးသွားလည်း တံခါးမရှိ ဓားမရှိ တင်သွင်းနိုင်မည် မဟုတ်လော။
သို့ကြောင့်..၊ ခေတ်အဆက်ဆက် ပြိုင်ဘက်မဲ့ခဲ့သည့် ဦးပိုင်ကဲ့သို့သော စစ်တပ် အသိုင်းအဝိုင်းပိုင် ကုမ္ပဏီများနှင့် စွန့်ဦးလုပ်ငန်းရှင်တို့ကြား ၂၀၁၆ တွင် “ကျွန်းလုပွဲ” များ ပေါ်ပေါက်လာတော့မည် မှာ မြေကြီးလက်ခတ် မလွဲ။

ယင်းအတွက် သက်ရှိမြေစာပင်ကား ကျွန်းများကို မှီခို ဆက်နွယ်အသက်မွေး သည့် ဒေသခံများ။
တိုင်းတွင်း ကျွန်းတန်းများသည် ဒေသခံ ရေလုပ်သားများ၏ နွေမိုးဆောင်း အမြဲတမ်း၊ ယာယီနေထိုင်ရာ၊ ခရီးတစ် ထောက်နားရာ၊ ရေချိုဖြည့်တင်းရာ၊ ငါးကဲ့ ရိက္ခာထည့် စသဖြင့် ရေလုပ်ငန်း အတွက် အားထားရာဖြစ်၏။ နောက်ဆုံး သဘာဝဘေး(မိုးသက်မုန်တိုင်းများ)အ တွက် အကာအကွယ်ယူ မှီခိုရာ ဖြစ်ချေ ၏။ ယင်းကျွန်းတန်းများတွင် ဆိုက်ကပ် ခွင့်မရတော့ပါက ငါးဖမ်းလှေကြီးလှေငယ် အားလုံး အခက်တွေ့ကြရတော့မည်။
သို့ကြောင့် ၎င်း (ငါးဖမ်းလှေ)တို့၏ လုပ်ငန်းလည်ပတ်မှုအတွက် မဝင်မဖြစ် နေရာမှ နှင်ထုတ်ခံရမည့်ကိန်း ကြုံလာခဲ့ သော် ပေါ်ပေါက်လာမည့် ကျွန်းလုပွဲများ တွင် ၎င်းတို့လည်း ဝင်မနွှဲကြဟု မဆို နိုင်။ မြိတ်အခြေစိုက် ငါးဖမ်းလှေ အုပ်စု များ၏ အင်အားကလည်း မသေးလှ။
ထိုအခါ ကျွန်းလုပွဲများက ပို၍ ပြင်းထန်မြိုင်ဆိုင်လာပေတော့မည်။

ယင်းအတွက် သက်မဲ့မြေစာပင်ကား ပြုသမျှနုရမည့် အပျိုစင်ကျွန်း တန်းများ။
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များက မြန်မာပြည်ကို နှစ်ပေါင်း များစွာ နင်းချေဖျက်ဆီးခဲ့ရပြီးသော်လည်း တနင်္သာရီတိုင်းတွင် ပျက်စီခြင်းစက်ကွင်း မှ လွတ်မြောက်နေဆဲ ကျွန်းပေါင်း များစွာ ကျန်ရှိနေပါသေးသည်။ ယင်း သည် အမိမြန်မာနိုင်ငံ၏ နောက်ဆုံး လက်ကျန် သမီးအပျိုစင်လေးများ ဖြစ် ချေ၏။
စုံစမ်းသိရှိထားမှုများအရ ထားဝယ် လောင်းလုံးဘုတ် (တောင်မော့စကော့ ကျွန်း)သို့ တစ်ပတ်လျှင် လူ ၃၀၀ ဝန်း ကျင်ခန့် လာရောက် လည်ပတ်ကြရာ ၄ ပုံ ၃ ပုံခန့်သည် အမှိုက်ကို စည်းကမ်းမဲ့ စွန့်ပစ်နေကြ၏။ အချို့ခရီးသွားအဖွဲ့ လေးများက ကောက်ယူသိမ်းဆည်း ထိန်းညှိကြသော်လည်း ခြေလက်မနိုင်။
လူမနေသည့် အချို့အော်များတွင်ဆို မြင်၍ မကောင်းတော့။ သည်နှုန်းအတိုင်းသာ ဆက်သွားပါက ထားဝယ် အပျိုစင်လေးလည်း မကြာမီ အနူစွဲရတော့မည်။
မည်သို့ ဖြေရှင်းကြမည်နည်း။
ယခုအခါတွင် ကျွန်းခရီးစဉ်များ သည် ဒေသအကျိုးစီးပွားသက် သက်မဟုတ်တော့။ တနင်္သာရီတိုင်းရှိ ကျွန်း တန်းကျွန်းစုများသည် မြန်မာ့ခရီးသွား လုပ်ငန်းအတွက်ပါ အရေးပါလွန်းနေ လေပြီ။ ယင်း အချက်ကို တိုင်းအတွင်းသို့ တဟုန်ထိုးဝင်ရောက်လာသော ရပ်ဝေး ကျွန်းခရီးသွားများက သက်သေခံနေပါသည်။ ရန်ကုန်၊ မော်လမြိုင်မှ အစ ဘားအံ၊ မန္တလေးအလယ် တောင်ပေါ်မြေပြန့်မြန်မာပြည့်အနှံ့မက ပြည်ပခရီးသွားများလည်း လာနေကြလေ၏။ ယင်း ခရီးသွား လုပ်ငန်းမှ ရရှိနေသော အကျိုးအမြတ်သည်လည်း တွက်ချက်ခန့်မှန်း၍ မရနိုင်သောနှုန်းထားဖြင့် တရိပ်ရိပ် တိုးတက်နေ၏။
တစ်ဖက်တွင်လည်း တနင်္သာရီ တိုင်းထွက် ငှက်သိုက်၊ ပုလဲနှင့် ငါးပုဇွန်တို့သည် မြန်မာမက ကမ္ဘာ့ဈေးကွက်တွင်ပါ မျက်နှာပန်း လှသော ထွက်ကုန်များ ဖြစ်နေချေ၏။ ခေတ်ဆိုးကြီးထဲတွင် အထိန်း အကွပ်မဲ့ ထုတ်ယူခဲ့ကြသော်လည်း ထွက်နှုန်းနှင့် အရည်အသွေးက အလံထူ ထားနိုင်ဆဲ။ နိုင်ငံ့ဝင်ငွေကို အတိုင်းအတာတစ်ခုထိ ကျားကန် ထားနိုင်ဆဲ..။

ပြိုင်ဘက် မရှိလုနီးနီးဖြင့် လေလံပစ်ရလေ့ရှိသည့် တိုင်းတွင်းငှက် သိုက်စုသိမ်းခွင့် လေလံတစ်ခုတည်းကပင် ၂၀၁၄ -၂၀၁၅ အတွက် ၆၁၄၂.၇ သိန်း ရခဲ့၏။ ငါးနှင့် ပုလဲလုပ်ငန်းများမှရရှိသော ဝင်ငွေ များကား ခန့်မှန်းရ၊ စုံစမ်းရခက်လှပြီး ရရှိပါကလည်း (အိမ်နီးချင်းနိုင်ငံ များသို့ နည်းလမ်းအသွယ်သွယ်ဖြင့် အခွန်ရှောင် တင်သွင်းနေမှုတို့ကို မတားဆီးနိုင်သေးသ၍)စာရင်းအမှန်ဟု မည်သူမျှ အာမခံနိုင်မည် မဟုတ်။ သေချာသည်မှာ တိုင်း၏ အဓိကဝင်ငွေရလုပ်ငန်းသည် ရေလုပ်ငန်းပင်ဖြစ်ပြီး ယင်းရေထွက် သယံဇာတများသည် လောဘ မကြီးလျှင် မကုန်ခမ်းနိုင်။ တစ်ပွဲထိုး မကျင့်လျှင် ပြန်ပြည့်မြဲ။
သို့ကြောင့် ဒေသ၏ အမွေအနစ် သဘာဝထွက်ကုန်များကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်သလို မီးခိုးမထွက်သည့် ခရီးသွားစက်ရုံ လည်း သက်ဆိုးရှည်ရန် လိုပါသည်။

ယင်းအတွက် အလုအယက် မောင်ပိုင်စီးကြခြင်းသည် အဖြေ ကောင်း မဟုတ်နိုင်။
ကျွန်းများကို မှီခိုအသက်မွေးသူ၊ သဘာဝသယံဇာတ ထုတ်ယူသူ နှင့် သယံဇာတ သဘာဝအလှတရားများအား စီးပွားဖြစ် ပြစားလို သူတို့ကြား မည်သူမျှ အကျိုးမယုတ်သော နည်းလမ်းများ ရှာရမည်။ နေရာ၊ ကာလသတ်မှတ်ချက် များနှင့် အကျိုးအပြစ်များကို စုပေါင်း ရှာဖွေ ဆွေနွေးညှိယူကြရမည်။ ရှဥ့်လည်းစွဲသာ၊ ပျားလည်းလျှောက်သာ သောလမ်းများ ရှိကို ရှိပါသည်။

သို့မဟုတ်ဘဲ လောဘဇောကပ်ပြီး ရေတိုအကျိုးကိုသာ ရှေးရှု၍ တည်ရှိ ပြီးသား သဘာဝတရားကို အလုအယက် ဖျက်ဆီးကြလျှင် ယင်းကျွန်းလုပ်ငန်းများ အားလုံးမကြာမီ လုံးပါးပါးလိမ့်မည်မှာ သေချာ လှပါသည်။
စီးပွားရေးသမားတို့၏ ရလေလိုလေ အိုတစ္ဆေစိတ်ထားများနှင့် ဒေသခံတို့၏ သဘာဝ၏ မျက်နှာသာပေးမှုအပေါ် ချစ်မြတ်တန်ဖိုးထား ထိန်းသိမ်းမှု အားနည်းခြင်းများသည်သာ ကျွန်းတန်းများအတွက် အဓိက စိန်ခေါ်ချက်များ ဖြစ်ချေ ၏။
၂၀၁၆ တွင် အပျိုစင်လုပွဲ ဖြစ်လာမည်ဟု ဟောသည်။ တကယ် လည်း ကျားချောင်း ချောင်းနေကြသည်ကို တွေ့ရ၏။
လာမည့် တိုင်းအစိုးရသစ်က မည်သို့ကိုင်တွယ်သွားမည်ကို ရင်ခုန်စွာ စောင့်ကြည့်ရဦးတော့မည်။ လောလောဆယ်တွင် လက်ရှိ တာဝန်ရှိသူများ မျက်နှာလွှဲခဲပစ် မလုပ်ကြရန်သာ ဆော်ဩလိုသည်။

လုပ်ယူ၍ မရနိုင်သော သဘာဝအမွေအနှစ်များကို ချစ်တတ်ကြ စေချင်သည်။ တန်ဖိုးထား စောင့်ရှောက်ကြစေချင်သည်။
သားကြီး၊ သမီးကြီးများ အဓမ္မအကျင့်ခံခဲ့ရပြီးလေပြီ။ သွေး ကြောကြီးလည်း ဖောက်ထုတ်ခံထားရဆဲ..။
နောက်ဆုံးလက်ကျန် သမီးထွေး အပျိုစင်လေးများ အပျိုရည် အဖျက်မခံရ လေအောင် တိုင်းသားအားလုံး ဝိုင်းဝန်းကာကွယ်ကြရ လိမ့်မည်။