ကျောက်နီမော် ငါးအမှုန့် ကြိတ် စက်ရုံအနံ့ဆိုးမခံနိုင်

0
385

သွားရောက်ရာလမ်းတွင် တည်ရှိသော ကျောက်နီမော်ရွာ၊ ကသဲမကျွန်း ပေါ်ရှိ ငါးအမှုန့်ကြိတ်စက်ရုံမှ ထွက်သည့် အနံ့ အသက်ကြောင့် မခံနိုင်ပါက လာရောက် ပြောဆိုနိုင်ပြီး ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပြောကြားသည်။

ငါးအမှုန့်ကြိတ်စက်ရုံမှ ထွက်ရှိသည့် အနံ့အသက်ဆိုးကြောင့် သက်ကြီးရွယ်အိုနှင့် နာမကျန်းသူအချို့ မူးဝေသည့် ဝေဒနာ ခံစားနေရကြောင်း ရွာခံများက ပြောဆိုမှုအပေါ် ၎င်းတို့က အထက်ပါ အတိုင်း တုံ့ပြန်ပြောဆိုခဲ့ ကြခြင်းဖြစ်သည်။

kyaunt_ni_maw_fish_factory
စက်ရုံတည်ရှိရာ ကသဲမကျွန်းသည်ရွာ၏ အရှေ့ဘက် ပေ ၄၀၀ ခန့် (ဘောလုံးကွင်း တစ်ကွင်းနှင့် တစ်ဝက်ဝန်းကျင်) အကွာတွင် တည်ရှိပြီး စက်ရုံ မီးခိုးပြောင်းတိုင်မှ ထွက်လာသည့် အနံ့ အသက်ဆိုးများသည် လေသင့်သည့်အချိန်များတွင် ကျောက်နီမော်ရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ရွာများအထိ ပျံ့နှံ့လာကြောင်း ဒေသခံအချို့က ဆိုသည်။ယင်းအချိန်တွင် သက်ကြီးရွယ်အို များနှင့် နာမကျန်းသည့် လူနာများ ယင်းအနံ့ဆိုးများကြောင့် မူးဝေသည့်
ရောဂါများ ခံစားနေရသည်ဟု ကျောက်နီမော်ရွာမှ အသက် ၃၈ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“အမြဲတမ်းတော့ မနံဘူး၊ လေတိုက်လာရင်တော့ သည်းမခံနိုင်အောင်နံတယ်” ဟု ၎င်းက ပြောသည်။စက်ရုံမှ အနံ့ဆိုးထွက် သက်သာစေရန် ရေနှင့်လည်ပတ်သည့် နည်းစနစ်ကို အသုံးပြုထားပြီး လတ်ဆတ်သည့် ငါးကုန်ကြမ်းများသာ အသုံးပြု ထားကြောင်း ငါးအမှုန့်ကြိတ်စက်ရုံလုပ်ကိုင် နေသည့် ဧရာနဒီကုမ္ပဏီပိုင်ရှင် ဦးဝင်းဗိုလ်ကဆိုသည်။

“လောလောဆယ် အနံ့မထွက်အောင်တော့ စီစဉ်ထားတယ်။ အနံ့နံတယ်လို့ လာပြောရင်တော့ ဒေသခံတွေ
နဲ့ညှိနိုင်းဆောင်ရွက်သွားမယ်” ဟု ပိုင်ရှင်ဦးဝင်းဗိုလ်က ပြောသည်။စက်ရုံအနီးတစ်ဝိုက်ရှိ ရွာများမှာ ရေလုပ်ငန်းလုပ်ကိုင်ကြသည့် ရွာများဖြစ်သည့်အတွက် ငါးအနံ့ ပုစွန်အနံ့များဖြင့် ယဉ်ပါးနေကြပြီးဖြစ်ပြီး ယင်းစက် ရုံမှ ထွက်သည့်အနံ့မှာလည်း အမြဲတမ်းနံနေခြင်းမဟုတ်ဘဲ လေသင့်သည့်အချိန်၌သာ အနံ့အနည်းငယ်ရကြောင်း ကျောက်နီမော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်ဝင်းက ပြောကြားသည်။

“ဒေသခံပြည်သူတွေ တင်ပြတိုင်ကြားလာရင် ကုမ္ပဏီနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်” ဟု ဦးထိန်ဝင်းက ပြောသည်။ယနေ့ အချိန်အထိ အနံ့အသက်ဆိုးသည်ဟု ဒေသခံများမှ တင်ပြတိုင်ကြားလာခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။ယင်းစက်ရုံမှထွက်ရှိသည့် အနံ့ဆိုးများကြောင့်၊ ရေရှည်တွင် ကလေးသူငယ်များ၏ ကျန်းမာရေး အတွက် စိုးရိမ်ပြီးအခြားရောဂါ တစ်ခုဖြင့် ခွဲစိတ်ကုသခံထားရသော ကျောက်နီမော်ဒေသခံတစ်ဦးသည်လည်း အနံ့ဆိုးများကြောင့်ရွာတွင်မနေနိုင်ဘဲ ထားဝယ်မြို့ပေါ်တွင်သွားရောက် နေထိုင်နေရ ကြောင်းအသက် ၄၅ နှစ်အရွယ် ရွာခံအမျိုးသမီး
တစ်ဦးက ဆိုသည်။

ယင်းစက်ရုံအား လွန်ခဲ့သည့် ၈နှစ်ခန့်တွင် နိုင်နိုင်အောင်ကုမ္ပဏီမှ စတင်တည်ဆောက်လည်ပတ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဧရာနဒီကုမ္ပဏီ မှဝယ်ယူခဲ့ခြင်းဖြစ်ကာ ထွက်ရှိလာသည့် မွေးမြူရေး အစာ (ကြက်စာ၊ဘဲစာ)များအား ထိုင်း နိုင်ငံသို့တင်ပို့ရောင်းချသည်ဟု ဒေသခံများထံမှ သိရသည်။ယခင်က အချိန်ပိုင်းသာ စက်ရုံလည်ပတ်ခဲ့သော်လည်း ယခုအချိန်တွင် အချိန်ပြည့် စက်ရုံလည်ပတ်ရန် ထင်းလောင်စာအား တစ်ရက်လျှင် ၆ ဘီးကား၈ စီးခန့် သယ်ယူအသုံးပြုနေသည့်
အတွက် ရေရှည်တွင် သစ်တောပြုန်းတီးကာ ရာသီဥတုဖောက်ပြန်လာမည်ကို စိုးရိမ်မိကြောင်း ပြောဆိုသော ဒေသခံ
များလည်းရှိသည်။

သို့သော်ကုမ္ပဏီအနေနှင့် လောင်စာ အဖြစ် ရာဘာပင်အဟောင်း များနှင့်အခြားသစ်အဟောင်းများအား အသုံးပြုနေခြင်းဖြစ်ကာ ၎င်းစက်ရုံတွင် အလုပ်သမား ၆၀ ကျော်အလုပ်လုပ်ကိုင်လျက်ရှိပြီး ထက်ဝက်ကျော်မှာ ဒေသခံရွာသားများ ဖြစ်ကြကြောင်း ကုမ္ပဏီပိုင်ရှင်ဦးဝင်းဗိုလ်က ဆိုသည်။ကျောက်နီမော်ကျေးရွာတွင် အိမ်ခြေ၄၈၀ ခန့်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်နေထိုင်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးစာရင်းဇယားများ အရသိရသည်။