ထိုင်းထုတ်​အချိုရည်​ ​သောက်​မိရာမှ ​ကျောင်းသား ဆယ်ချီ ဆေးရုံရောက် 

0
432

ထိုင်းနိုင်​ငံ ထုတ်​ ကျား​တံဆိပ်​ပါ Ranger အချိုရည်​ ​သောက်​မိရာမှ ​ကော့​သောင်းမြို့ အဏ္ဏဝါရပ်​ကွက်​ အစိုးရ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းသူ၊ ကျောင်းသား ဆယ်ချီ မူးဝေအော့အန်ပြီး ကော့သောင်းမြို့ ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း သက်ဆိုင်ရာ ကျောင်းထံမှ သိရသည်။

ကျောင်းမုန့်ဆိုင်တန်းတွင် ရောင်းချနေသော ယင်း အချိုရည်ဘူးများကို ဇန်န၀ါရီလ ၁၅ ရက်နေ့က ၀ယ်ယူ သောက်သုံးပြီးနောက် ခေတ္တအကြာ ကျောင်းသူကျောင်းသားများ မူးဝေလာခြင်း၊ ပျို့အန်လာခြင်းများ ဖြစ်လာပြီး အတန်းပိုင်ဆရာထံ တိုင်ကြားရာမှ ဆေးရုံ ပို့လိုက်ရကြောင်း အဆိုပါ ကျောင်းထံမှ သိရသည်။

မူး​ဝေ၊​ အော့အန်​​ခြင်း ခံစားနေရသော တတိယတန်း၊ ပဉ္စမတန်း နှင့်​ ဆဋ္ဌမတန်း ​ကျောင်းသူ​ကျောင်းသား ၁၈ ဦးကို စမ်းသပ်​ကုသ​ပေးလျက်ရှိ ယင်းတို့အနက် ​ကျောင်းသား ၁၀ ဦးကို ​ဆေးရုံ တင်​ပို့ထားကြောင်း ကော့သောင်းခရိုင်​ ပြည်​သူ့​ဆေးရုံအုပ်​ ​ဒေါက်​တာ ​နေလင်းက ဆိုသည်​။

“စမ်းသပ်​ချက်​အရ​တော့ အဲဒီအချိုရည်​ ​သောက်ပြီးတဲ့ က​လေးတိုင်း ​ခေါင်း​တွေမူးပြီး အန်​ချင်​တာ​တွေ ဖြစ်​​နေတယ်​ဆို​တော့ အချိုရည်​​ကြောင့်​လို့ ​ပြောလို့ရတယ်​”ဟု ​ဒေါက်​တာ ​နေလင်းက အတည်​ပြု​ပြောကြားသည်​။

ကလေးငယ်များ၏ အခြေအနေမှာ စိုးရိမ်စရာ မရှိတော့ကြောင်း ဒေါက်တာနေလင်းက ဆိုသည်။

ထိုင်းနိုင်​ငံတွင် ထုတ်လုပ်သည်ဟု ဖော်ပြထားသော ယင်းအချိုရည်​ကို ဈေးကွက်​အတွင်း တစ်​ဗူး တစ်​ရာကျပ်​ဖြင့် ရောင်းချနေပြီး ဘူးအောက်ခြေတွင် ဖော်ပြထားလေ့ရှိသော ထုတ်လုပ်သည့် ရက်စွဲနှင့် ကုန်ဆုံးရက်စွဲများကိုလည်း ဖျက်ဆီးထားကြောင်း ကျောင်းသား မိဘများက ဆိုသည်။

ယင်းအချိုရည်တွင် ကဖီးဓာတ်ပါဝင်ပြီး တစ်ရက်လျှင် အများဆုံး နှစ်ဘူးသာ သောက်သုံးသင့်ကြောင်း၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ ကုသမှု ခံယူနေရသော အမျိုးသမီးများ မသောက်သုံးသင့်ကြောင်း ဘူးခွံတွင် အင်္ဂလိပ်ဘာသာ အနီရောင်စာတမ်းဖြင့် သတိပေးထားသည်။

“က​လေးအတွက်​​ရော လူကြီး​တွေ ပါ အန္တရာယ်​​ပေးနိုင်​တဲ့ စား​သောက်​ကုန်​၊ Date Out (သက်တမ်းကုန်) နေတာ​တွေ ​ဈေးကွက်​ထဲ ယူလာမ​ရောင်းသင့်​ဘူး။ အဲအချိုရည်​ ​တင်သွင်းလာသူ​ရော  ရောင်းချသူ​ရော တာဝန်​ရှိတယ်​”ဟု ​ကျောင်းသားမိဘ တစ်​ဦးဖြစ်​သူကဆိုသည်​။

အထက်​ပါ အချိုရည်​များကို ​ကျောင်းမုန့်​ ​ဈေးတန်း နှင့်​ ​စား​သောက်​ကုန်​​ရောင်း  ​ဈေးဆိုင်အချို့နှင့်​ ရပ်​ကွက်​​ဈေး ​တွင်​ အနှံ့ အပြား ​တွေ့​နေရသည်​ဟု ​ကော့​သောင်းမြို့ခံများကဆိုသည်​။

ယင်းအချိုရည်ဘူးများကို ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ လိုက်လံ သိမ်းဆည်းလျက်ရှိသည်။