အနှစ်သာရပြည့်ဝဖို့ လိုနေသေးတဲ့ ပညာရေးစုံညီပွဲတော်

0
1138

အခုတစ်လော ရုပ်မြင်သံကြား သတင်းမှာရော အင်တာနက်လူမှုကွန် ရက်တွေပေါ်မှာပါ ဒေသအသီးသီးမှာ ပညာရေးစုံညီပွဲတော်တွေ ကျင်းပနေကြပုံ တွေကို တွေ့နေရပါတယ်။ တချို့က ဓာတ်ပုံတွေ၊ တချို့က ဗီဒီယိုကလစ်ခ် လေးတွေပါ။ ဗီဒီယိုကလစ်ခ်လေးတွေ အထဲမှာတော့ ဖျော်ဖြေတင်ဆက်နေကြတဲ့ ကလေးလေးတွေရဲ့မျက်နှာလေးတွေ ရွှင်လန်းတက်ကြွနေကြတာကို တွေ့ရ ပါတယ်။ ရောင်စုံလျှပ်စစ်မီးတွေ၊ ရောင်စုံ ဆလိုက်မီးတွေနဲ့ လင်းထိန်နေတဲ့ စင်ပေါ်ကိုတက်ပြီး ပရိသတ်တွေကို ဖျော်ဖြေတင်ဆက် ပေးနေရတာကြောင့် ကလေးတွေပီပီ သူတို့ကိုယ်သူတို့ အလွန် ဂုဏ်ယူနေကြမှာ အမှန်ပါ။

စတိတ်စင်အောက်မှာ လာရောက် အားပေးနေကြတဲ့ ပရိတ်သတ်အများစု ကတော့ ဖျော်ဖြေရေး အစီအစဉ်တွေမှာ ပါဝင်နေကြတဲ့ ကျောင်းသား၊ကျောင်းသူ လေးတွေရဲ့ မိသားစုဝင်တွေနဲ့ ဖိတ်ကြား ထားတဲ့ ဧည့်သည်တွေဖြစ်မှာပါ။ မိမိတို့ သားသမီးတွေ ဖျော်ဖြေတင်ဆက်မှုတွေကို ကြည့်ပြီးတော့ ပီတိဖြစ်နေကြမှာ အမှန် ပါ။ ထိုအခိုက်အတန့်လေး အတွင်းမှာ တော့ သားသမီးတွေအတွက် ကုန်ကျခဲ့တဲ့ ဝတ်စုံဖိုးကို ခဏတာမေ့နေကြမှာပါ။ အစီအစဉ်တွေပြီးလို့ အိမ်ပြန်ရောက်ရင် တော့ သားသမီးတွေက ဆိုချင်ကချင် လွန်းလို့ ချေးငှားပြီးတော့ ထည့်ဝင်ပေး ခဲ့ရတဲ့ ဝတ်စုံဖိုးက ခေါင်းထဲကို ရောက်လာရင် အပျော်လေးတွေ ချက်ချင်း ပျောက်ကွယ်သွားမှာပါ။ တတ်နိုင်တဲ့ မိသားစုတွေ အတွက်တော့ အပန်းမကြီး ပေမယ့် မပြေလည်တဲ့ မိသားစုတွေ အတွက်ကတော့ ဝန်ထုပ်ဝန်ပိုးတစ်ခုပါ။ ဘာကြေး ညာကြေးတွေ ကောက်တဲ့ အချိန်ဆို မိဘတွေက တွန့်တိုတတ် ကြပေမယ့် သားသမီးတွေအတွက် ဝတ်စုံ ဖိုးကြတော့ လက်မနှေးတတ်ကြဘူးလို့ ပြောနေတဲ့ ဆရာမလေးရဲ့ စကားသံကို ကြားရတော့ မပြေလည်ပေမယ့် သား၊ သမီးတွေ မျက်နှာငယ်မှာစိုးလို့ ချေးငှား ပြီးတော့ ပေးလိုက်ရတဲ့ မိဘတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။

ပညာရေး စုံညီပွဲတော်တွေကိုတော့ ဦးခင်ညွန့် ပညာရေးကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ချိန် ၁၉၉၉ ခုနှစ် လောက်က စတင်ကျင်းပလာတာ ဖြစ်ပါ တယ်။ ကျောင်းမိသားစုအလိုက် အားကစားပြိုင်ပွဲတွေ ကျင်းပကြပါတယ်။ ကျောင်းသားလေးတွေရဲ့ အနုပညာ လက်ရာတွေ၊ လက်မှုပစ္စည်းတွေကိုလည်း ခင်းကျင်းပြသကြပါတယ်။ ဒါ့အပြင် ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ထည့်သွင်းပြုလုပ်လေ့ ရှိပါတယ်။ နယ် က ကျောင်းတွေမှာတော့ ဖျော်ဖြေရေး အစီအစဉ်တွေကို ညဘက်မှာကျင်းပလေ့ ရှိကြပါတယ်။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ စုပေါင်းပြီး တော့ ကျောင်းရံပုံငွေရအောင် ဈေးရောင်း ကြပါတယ်။

ပညာရေးစုံညီပွဲတော်ဆိုတာ မိဘ၊ ဆရာနဲ့ ကျောင်းသားတို့ရဲ့ တွေ့ဆုံပွဲပါ။ အဲဒီတွေ့ဆုံပွဲကမှ ကျောင်းသား၊ မိဘနဲ့ ဆရာ ပိုမိုရင်းနှီးမှုရအောင် လုပ်ကြ တာပါ။ အင်္ဂလိပ်လို School Family Day လို့သုံးတာတွေ့ရပါတယ်။ တကယ်တော့ တွဲဖက်သင်ရိုး ဘာသာရပ် တွေထဲက ပန်းချီ၊ ဂီတနဲ့ သက်မွေး ဘာသာရပ်တွေမှာ သင်ယူတတ်မြောက်မှု တွေကို ကျောင်းသားလေးတွေက စုံညီ ပွဲတော်မှာ ထုတ်ဖော်ပြသရမှာ ဖြစ်ပါ တယ်။ တွဲဖက်သင်ရိုး ဘာသာရပ်တွေ အတွက် စာသင်ချိန်တွေကိုအချိုးကျခွဲဝေ သတ်မှတ်ပေးထားပါတယ်။ ဒါပေမယ့် အားမနာတမ်း ပြောရမယ်ဆိုရင် တွဲဖက် သင်ရိုးအချိန်တွေကို ဆရာ၊ ဆရာမတွေ အပြည့်အဝသင်ပေးနိုင်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆို ပညာရေးစုံညီပွဲတော် ကျင်းပတော့မယ်ဆိုမှ ဆရာ၊ ဆရာမတွေ အနေနဲ့ တစ်လလောက် အချိန်အတော အတွင်းမှာ ဖုတ်ပူမီးတိုက် သင်ကြရ တာပါ။ တစ်ခါတစ်လေ အပြင်က အက နည်းပြဆရာတွေတောင် ငှားပြီးသင်ခိုင်း ရတာတွေ ရှိပါတယ်။ ပြီးမှ ကလေးတွေကို စင်ပေါ်တက်ပြီး ဖျော်ဖြေတင်ဆက်ခိုင်း ကြတာပါ။

ကျွန်တော်တို့ရဲ့ ပညာရေးစနစ်မှာ ကောင်းတဲ့မူဝါဒတွေလည်း ရှိပါတယ်။ အားလုံးအဆိုးတွေ ချည်းတော့ မဟုတ် ပါဘူး။ မူဝါဒတွေ ကောင်းပေမယ့် နောက်ကလိုက်မလုပ်နိုင်တဲ့အခါ အား နည်းချက်တွေ ဖြစ်သွားပါတော့တယ်။ တကယ်ဆို တွဲဖက်သင်ရိုးသင်မယ့် ဆရာ၊ ဆရာမတွေကို သီးသန့်ခန့်ထား ပေးနိုင်မယ်ဆို ပိုပြီးတော့ထိရောက်မှု ရှိနိုင်သလို၊ ကျောင်းသားလေးတွေလည်း ပိုပြီးတော့ စိတ်ဝင်တစားနဲ့ သင်ယူတတ် မြောက်နိုင်မှာပါ။ တကယ်တော့ တွဲဖက် သင်ရိုး ဘာသာရပ်တွေဆိုတာ အသက် မွေးဝမ်းကြောင်း ဘာသာရပ်တွေပါပဲ။ သေသေချာချာ လေ့လာသင်ယူတတ် မြောက်ထားမယ်ဆို ဘ၀အတွက် အကျိုး ရှိမှာပါ။

ဒီနေရာမှာ တွဲဖက်သင်ရိုးတွေ သင်ပြပေးဖို့ ဆရာတွေခန့်ထားဖို့ လိုအပ် သလို၊ တွဲဖက်သင်ရိုးတွေ သင်နိုင်မယ့် ပန်းချီခန်း၊ ဂီတခန်းတွေ သီးသန့်ဆောက် ပေးဖို့လည်း လိုအပ်မှာပါ။ အဲဒါတွေကို ဖြည့်ဆည်းပေးဖို့ အဓိကလိုနေတာက ဘတ်ဂျက်ပါ။ မြန်မာနိုင်ငံရဲ့ ပညာရေး အတွက်သုံးတဲ့ ဘတ်ဂျက်က ဒေသတွင်း နိုင်ငံအားလုံးထဲမှာ နှစ်စဉ်ဘိတ်ဆုံးကပါ။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ ကတော့ ပညာရေးအတွက် နိုင်ငံ ဂျီဒီပီရဲ့ ရာခိုင်နှုန်းအများဆုံးကို အသုံးပြုတာပါ။ ဒေသတွင်းနိုင်ငံ တွေထဲမှာ နှစ်စဉ်ပထမ အသုံးများဆုံးပါ။ ဒေသတွင်း တစ်ခြား နိုင်ငံတွေက ပညာရေးဘတ်ဂျက်အတွက် နိုင်ငံဂျီဒီပီရဲ့ ၁၅ရာခိုင်နှုန်းထက် အောက် မကျတဲ့ ငွေကြေးပမာဏကို နှစ်စဉ် သုံးစွဲကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးအတွက် အများဆုံး သုံးတဲ့ဘတ်ဂျက်က ၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အဲဒီတော့ ပညာရေး ဘတ်ဂျက်ကို မဖြစ်မနေ တိုးသုံးဖို့ လိုအပ်နေပါပြီ။
စုံညီပွဲတော်လို အခမ်းအနားမျိုး လုပ်ဖို့ဆိုရင် ရံပုံငွေလိုပါတယ်။ ဒါပေမယ့် အစိုးရက တရားဝင်ချပေးထားတာ မရှိလေတော့ အလှူရှင် ရှာရပါတယ်။ အလှူရှင်ရှိမှ စုံညီပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပနိုင် မှာပါ။ အလှူရှင်မရှိတဲ့နှစ်ဆို ခမ်းခမ်းနားနား ကျင်းပနိုင်မှာ မဟုတ် ပါဘူး။

ထူးချွန်တဲ့ ကျောင်းသားတွေကိုလည်း ဗလာစာအုပ်နဲ့ခဲတံ ထက်ပိုပြီးတော့ ဆုချနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတော်အနေနဲ့ အဲဒီ လိုအခမ်းအနားမျိုးတွေလုပ်နိုင်ဖို့ သီးသန့်ရံပုံငွေတွေ ချထားပေးသင့် ပါတယ်။ ဒါမှလည်း နှစ်စဉ်မပျက် ကျင်းပနိုင်မှာပါ။ လက်ရှိ ကျင်းပနေ ကြတဲ့ စုံညီပွဲတော်တွေဟာ အသက်မပါသလိုပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ဖျော်ဖြေတင်ဆက်ပြသကြတဲ့ ကျောင်းသားတွေဟာ တကယ် ထူးထူးချွန်ချွန် တတ်မြောက်ကြတာ မဟုတ်ပဲနဲ့ ပွဲတော်လုပ်ခါနီးမှ ဖုတ်ပူမီးတိုက် သင်ထားတာလေးတွေကို တင်ဆက်ပြသကြရတာပါ။ နောက်ပြီးတော့ ပွဲတော်ကျင်းပတဲ့ မှတ်တမ်းဓာတ်ပုံရိုက်ပြီးတော့ အစီရင်ခံစာတင်ဖို့လောက်ပဲ ကျင်းပကြတာပါ။ အနှစ်သာရ ကင်းမဲ့နေ သလိုပါပဲ။ ဒါကြောင့် နောက်အစိုးရသစ်လက်ထက်မှာ အနှစ်သာရ ပြည့်ဝတဲ့ စုံညီပွဲတော်တွေ မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။