မှတ်မိသမျှကျွန်တော်တို့ ငယ်စဉ်ကမြိတ်

0
531

ကွယ်လွန်သွားပြီဖြစ်သော စာရေး ဆရာကြီး မြသန်းတင့်သည် မြိတ်မြို့သို့ ၁၉၇၇ မှာတစ်ကြိမ်၊၁၉၇၈ မှာတစ်ကြိမ် ရောက်ရှိလာပြီး “ငွေသောင်ယံ ဟွန်ဒါ ယဉ်ကျေးမှု မေရီပိုဗေးနှင့် အီကွေတာ ညများ” ဟူသော ခရီးသွား ဆောင်းပါး တစ်အုပ်ရေးသားပြုစုခဲ့လေသည်။ အဆိုပါစာအုပ်တွင် ဆရာမြသန်းတင့်က ကျွန်တော်တို့ မြိတ်မြို့ကို “ဟွန်ဒါ ယဉ်ကျေးမှုထွန်းကားရာမြို့”ဟု တင်စား ခဲ့ပါသည်။

ထိုအချိန်က ကျွန်တော်တို့ မြိတ်မြို့တွင် ဟွန်ဒါ(ဆရာမြသန်းတင့် အသုံးအနှုန်းအတိုင်း)အစီး ၆၀၀ကျော်သာ ရှိပြီးယခုလိုမြို့လမ်းမများပေါ် ပျားပန်း ခတ်သလိုမောင်းနှင်နေကြသော ဆိုင်ကယ် များကို တွေ့ပါက “ဟွန်ဒါကမ္ဘာ”ဟု တင်စားမလားမသိ။ လက်ရှိ မြို့လမ်းမ များပေါ် ဥဒဟိုမောင်းနှင်နေ ကြသော ဆိုင်ကယ်ဦးရေမှာ ကျွန်တော်တို့ ငယ်စဉ် ကထက် အဆမတန်များပြားခဲ့ရပြီမဟုတ် လား။ ဒါကလည်း တစ်နေ့ တခြားတရိပ် ရိပ်မြင့်တက်လာသော မြို့လူဦးရေ၊ ကုန်း တက်ကုန်းဆင်းနှင့် အကွေ့အကောက် များသလောက် ကျဉ်းမြောင်းလှသော မြို့၏ လမ်းမတွေကြောင့် ယခုလိုဆိုင် ကယ်ယဉ်ကျေးမှု ထွန်းကားလာခြင်း ဖြစ်ပေလိမ့်မည်။

အကယ်၍ ကျောင်းတုန်းက ပထဝီ မှာသင်ခဲ့ရသလိုရေပတ်လည် ဝိုင်းရံလျက် ရှိသော ကုန်းမြေကို ကျွန်းဟု ခေါ်လျှင် ကျွန်တော်တို့ မြိတ်မြို့ကို ကျွန်းမြို့လေး တစ်မြို့ဟု ပြောရပေလိမ့်မည်။ မြိတ်မြို့ ကို လေးဖက်လေးတန်မှ ရေပတ်လည် ဝိုင်းရံထားပြီး အနောက်ဘက်ရှိ ကပ္ပလီ ပင်လယ်မှ လှေသင်္ဘောများ အတား အဆီးမရှိ ဝင်ရောက် ဆိုက်ကပ်နိုင်သော မြို့တစ်မြို့ဖြစ်သော ကြောင့် ၁၇ရာစုတွင် ထိုင်းက မြိတ်ကို သိမ်းပိုက်ကာဆိပ်ကမ်း မြို့အဖြစ် အသုံးချခဲ့လေသည်။ ၁၇၅၉ခုနှစ် ရောက်မှ အလောင်းမင်းတရားက မြိတ်မြို့ ကို ပြန် လည်သိမ်းပိုက်ကာ မြန်မာပိုင်နက် အတွင်းသွတ်သွင်းခဲ့လေသည်။ ထိုသို့ ရေလမ်းခရီးမှအတားအဆီးမရှိ ဝင်ရောက် နိုင်သော ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်သော ကြောင့်မြိတ်မြို့သည် ထိုင်းမှောင်ခို ကုန်စည်များ တစ်ထောက်နားရာ ကြား စခန်းတစ်ခု ဖြစ်ခဲ့ဖူးပါသည်။ ကျွန်တော် တို့ ငယ်စဉ်က (မဆလခေတ်က)ထိုင်းမှ အာဂျီနိုမိုတို အချိုမှုန့်၊ အာချီမိတ်ကပ်၊ SB ပလပ်စတစ်အိတ်၊ Flamingo သုံးဆင့်ခေါက်ထီး အစရှိသည့် မှောင်ခို ကုန်စည်များမှာ မြိတ်မြို့သို့ တဖွဲဖွဲဝင် ရောက်လာပြီး မြိတ်မှ ငါးနှင့် ရော်ဘာကို ထိုင်းနိုင်ငံသို့မှောင်ခို စက်လှေကလေး များဖြင့် သွားရောက် ရောင်းချကြလေ သည်။

ထိုကြောင့် ၁၇ ရာစုက မြိတ်မြို့မှာ မဟာမေဒင်ကုန်သည်များ၊တရုတ် ကုန်သည်များ၊ ဒတ်ခ်ျကုန်သည်များ၊ အင်္ဂလိပ်ကုန်သည်များခြေချင်း လိမ်နေ ကြသလို ၂၀ရာစု နှောင်းပိုင်းတွင်လည်း အနယ်နယ် အရပ်ရပ်မှ မှောင်ခို ကုန်သည် များ၊ ကယ်ရီသမားများ လာရောက် ကျက်စားကြလေသည်။ထိုသို့ မြိတ်မြို့သို့ ရေလမ်းခရီးမှ ဝင်ရောက်လာကြသော ထိုင်းမှောင်ခို ပစ္စည်းများကို ရန်ကုန်သို့ တစ်လွယ်တစ်ဆွဲ သယ်ဆောင်သွားတာ တောင် ခရီးစရိတ်တော့အသာလေး ကာမိ လေသည်။ ထိုကြောင့် ထိုခေတ် ထိုအချိန် က ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူး နေကြသော မြိတ်ကျောင်းသားများမှာ မှောင်ခိုကုန်သည်တစ်ပိုင်း ဖြစ်ကုန်ကြ လေတော့သည်။

ယခုလို မှောင်ခိုလုပ်ငန်းကို အကြောင်းပြုပြီး ဆိပ်ငယ်နှင့် တလိုင်းစု ရပ်ကွက်တွင် ဆလုံကုန်းဟူသော နေရာ လေးတစ်ခု ပေါ်ပေါက်လာ ခဲ့ရခြင်း ဖြစ် တန်ရာ၏။ ဆလုံကုန်းဆိုသော နေရာမှာ ဆိပ်ငယ်ဗောတံတား အနီးရှိ လှေသင်္ချိုင်း ကို ဆိုလိုခြင်း ဖြစ်ပါသည်။ မဆလ ခေတ်တစ်လျှောက် ရေတပ်မှ ဖမ်းဆီး လာသမျှ မှောင်ခိုစက်လှေများကို ဆိပ် ငယ်ဗောတံတား နံဘေးရှိ ရွှံ့ပြင်ပေါ်သို့ ဆွဲတင်ထားလေသည်။ ထိုကြောင့် တဖြည်းဖြည်းနှင့်ထိုနေရာမှာ လှေသင်္ချိုင်း တစ်ခု ဖြစ်လာပြီးအဆိုပါ လှေပျက်များ ပေါ် အိမ်ယာအတည်တကျ မရှိသော ဆလုံလူမျိုး(မော်ကင်း)များ လာရောက် နေထိုင်ကြလေသည်။ ထိုမှ တဖြည်းဖြည်း ဆိပ်ငယ်ရပ်ကွက်နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသော တလိုင်းစု ရပ်ကွက်ရှိ ရေစပ်တွင် ကျူးကျော် တဲလေးများ ထိုးကာ နေထိုင်ရင်း ဆလုံကုန်းဆိုတာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

မြိတ်တွင် ၃နှစ်ခန့် အရေးပိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော မောရစ် ကောလစ် အဆိုအရ အဆိုပါဆလုံ လူမျိုး များမှာ တစ်ချိန်က မြိတ်ရေပိုင်နက် တွင် ကြောက်စရာအကောင်းဆုံး ပင်လယ် ဓားပြများ ဖြစ်ပြီး ၁၉ရာစုတွင် အင်္ဂလိပ် တို့နှိမ်နှင်းခဲ့သောကြောင့် ငှက်သိုက်ခူး ခြင်း၊ ပုလဲငုပ်ခြင်းဖြင့် သိမ်ငယ်စွာ အသက် မွေးခဲ့ရကြောင်း သိရှိရပါသည်။ ထိုကြောင့် လားမသိ၊ ကျွန်တော်တို့ ငယ်စဉ်က ရေကျ ချိန်ဆို အဆိုပါ လှေသင်္ချိုင်း အနီးတွင် သွားရောက် ဆော့ကစားတိုင်း ဆလုံ လူမျိုးများမှာ လှေဝမ်းတွင်း ဝင်ရောက် ကာ ခပ်ရှောင်ရှောင် နေလေ့ရှိပါသည်။ ဘာသာစကားချင်း မတူသလို သူတို့က လူနည်းစုမို့သိမ်ငယ်တာလည်း ဖြစ်နိုင်ပါ သည်။ ငယ်ဘဝတစ်လျှောက် ကျွန်တော် တွေ့ဖူးသမျှ ဆလုံလူမျိုးများမှာ ရိုးသား ကြသည်။

မြင့်မားမတ်စောက်လှသော ကျောက် တောင်များပေါ်မှ သက်စွန့်ဆံဖျား ခူးယူ ခဲ့သော ငှက်သိုက်များ၊ ငါးကြီးအံဖတ်များ၊ ရေငုပ် ရှာဖွေခဲ့ကြသော ပုလဲများကို မြန်မာများက ဈေးနှိမ်ဝယ်လည်း ဘာမှ စောဒကမတက်။ တချို့ ပါးနပ်သော မြန်မာများက ဆလုံလူမျိုးများကို ဘိန်း ကျွေးကာ ပုလဲငုပ်ခိုင်းကြလေသည်။ ယခုလို ဘာအကူ ကိရိယာမှ မပါဘဲ ရေငုပ်ခြင်း၊ ဘိန်းစွဲခြင်း ဒဏ်ကြောင့် ဆလုံအမျိုးသားအများစုမှာ နားထိုင်းကာ အသက် ၆၀အထိ နေရဖို့ ခဲယဉ်းလှပေ သည်။ ယခုတော့ ဆိပ်ငယ်ဗောတံတား နံဘေးမှာအိမ်ရာမြေ အကွက်များ ဖော် ထုတ်ပြီး အဆောက်အဦများ ဆောက်လုပ် ခဲ့သောကြောင့် ဆလုံကုန်း မရှိတော့ပေ။ ကျွန်တော်တို့ ငယ်စဉ်က ကမ်းနားလမ်းမှာ ဆိပ်ငယ်မှ ကွက်သစ်ရပ်ကွက်အထိသာရှိ ပေမယ့် နောက်ပိုင်း အိမ်ယာမြေအကွက်များ ဖော်ထုတ်ခဲ့သောကြောင့် ကမ်းနားလမ်း မှာ တစ်မျှော်တစ်ခေါ် ရှည်လျားခဲ့လေပြီ။ ထို့အတူ ကမ်းနားလမ်း တစ်လျှောက်ရှိ ကုက္ကိုလ်ပင်တန်းကြီးလည်း နဝတ စစ် အစိုးရလက်ထက်မှာ ဇီဝိန်ချုပ်ခဲ့ရ သလို ရေနံချေးဝနေသော နှစ်ထပ်ဖက်မိုး ပျဉ်ထောင်အိမ်များ နေရာတွင် အထပ်မြင့် တိုက်တာ အဆောက်အဦးများ အစားထိုး နေရာယူနေလေပြီ။ ၎င်းအပြင် တစ်ချိန်က မြို့လမ်းမများပေါ် ဥဒဟို မောင်းနှင် လျက်ရှိသော ြ၃၆၀၊ြ၆၀၀ သုံးဘီး လေးဘီးကားများနေရာတွင် ဏဗဲနျွဥ၊ ဗူဏံဗျွီ အစရှိသည့် ဇိမ်ခံကားများ အစားဝင်မောင်းနှင်နေကြပြီ။

ကျွန်တော်တို့ မြိတ်မြို့နှင့် ပတ် သက်ပြီး လူသိများသော အရာတစ်ခုမှာ သိမ်တော်ကြီး ကုန်းတော်ပေါ်ရှိ သရဲ ခြောက်သည်ဆိုသောအရေးပိုင် မောရစ် ကောလစ်၏ အိမ်ဟောင်းကြီး ဖြစ်ပါ သည်။ ထိုအိမ်အကြောင်းကို ကောလစ်က “မြန်မာပြည် အတွင်းပိုင်း” ဟူသော စာအုပ်တွင် “တောင်ကုန်းပေါ်မှ တစ္ဆေ ခြောက်သောအိမ်ကြီး”ဟု တခုတ်တရ ထည့်ရေးခဲ့ပါသည်။ အဆိုပါ စာအုပ်တွင် ကောလစ်နှင့် သူ့မိတ်ဆွေ ဘယ်လဂျီယန် ပန်းချီဆရာတို့သာမက သူ့ကလေးနှင့် အိမ်စေတို့ပါ တစ္ဆေခြောက်ခံရပုံကို ရေး သားခဲ့လေသည်။ ဤအိမ်ကြီးသည် တစ်မြို့လုံးကို စီးမြင်နိုင်သော တောင် ကုန်းထိပ်တွင် တည်ရှိပြီး အထူးသဖြင့် ရေလမ်းခရီးမှ ဝင်လာသမျှ လှေများကို အတိုင်းသားမြင်တွေ့နိုင်သောကြောင့် ပထဝီအနေအထားအရ မဟာဗျူဟာ မြောက်သလောက် အချက်အချာ ကျလှ ပေသည်။ ကောလစ်အဆိုအရ ၁၇ရာစုက မြိတ်ရေပိုင်နက်တွင် ကျက်စားခဲ့သော ပင်လယ်ဓားပြ ဆင်မြူရယ်ဝှိုက်နှင့် မြိတ် အရေးပိုင် အဆက်ဆက်မှာ ဤအိမ်ကြီး ပေါ်မှ မြိတ်မြို့ကို စိုးမိုးအုပ်ချုပ်ခဲ့ကြ သောဟူလို။ အဆိုပါ အိမ်ကြီး၏ နံဘေး တောင်ကမ်းပါးစွန်းတွင် ဆင်မြူရယ် ဝှိုက်က အမြောက်တပ်တစ်ခု ထားရှိကာ မြိတ်ပင်လယ်ပြင်ကို ဗိုလ်ကျ စိုးမိုးခဲ့လေ သည်။ ကျွန်တော်တို့ ငယ်စဉ်က အဆိုပါ အိမ်ဟောင်းကြီးအနီးတွင် အမြောက် ဆန်များ တူးဖော်တွေ့ရှိခဲ့ဖူးပါသည်။ အဆိုပါ အမြောက်ဆန်များမှာ ဒုတိယ ကမ္ဘာစစ် လက်ကျန်လား၊ ဒါမှ မဟုတ် ဆင်မြူရယ်ဝှိုက်၏ အမြောက်တပ်မှ အမြောက်ဆန်လား-ဆိုတာ မည်သူမှ တိတိပပ မခွဲခြားတတ်ပေ။ ကောလစ် မှာ အဆိုပါ အိမ်ကြီး၌ နေထိုင်ရင်း မြိတ်မြို့ ကို နောက်ခံထားသော ““SIAMESE WHITE””ဝတ္ထုကိုရေးဖို့ စိတ်ကူးရခဲ့ လေသည်။ အဆိုပါ အိမ်ကြီးမှာ ကမ္ဘာ လှည့်ခရီးသည်များ အထူးစိတ်ဝင်စား သော အိမ်တစ်အိမ်ဖြစ်ပြီး လက်ရှိ အချိန်တွင် မူရင်းလက်ရာအတိုင်း ပြန်လည် ပြုပြင်မွမ်းမံထားလေသည်။

ကျွန်တော်တို့ငယ်စဉ်က ဆိပ်ငယ် ရပ်ကွက်ရှိဆိပ်ကမ်းရုံးအနီးတွင် ရေအိုး စင်ဘဝရောက်ရှိနေသော သင်္ချိုင်းကမ္ပည်း ကျောက်စာတစ်ခု ရှိခဲ့ဖူးပါသည်။ အဆို ပါကမ္ပည်းကျောက်စာမှာ ပင်လယ်ဓားပြ ကြီး ဆင်မြူရယ်ဝှိုက်၏ ဇနီး မေရီပိုဗေး ၏ ကမ္ပည်းကျောက်စာ ဖြစ်ပါသည်။မေရီပိုဗေးမှာမဒရပ်ရှိ အင်္ဂလိပ်လူမျိုး မစ္စတာဂျာဆီနှင့် စေ့စပ်ထားပြီး ၁၆၇၅ တွင် အင်္ဂလန်မှ ရွှိုင်ရယ်ဆပ်ဘဂျက် သင်္ဘောဖြင့် မဒရပ်သို့ လိုက်ပါလာရင်း သင်္ဘောပေါ်တွင် ဆင်မြူရယ်ဝှိုက်နှင့် ချစ်ကြိုးသွယ်မိ ကြလေသည်။ အမှန်မှာ ဝှိုက်ကမဒရပ်ရှိ အစ်ကိုဖြစ်သူ ဂျော့ထံ ရွှိုင်ရယ်ဆပ်ဘဂျက် သင်္ဘောဖြင့် လိုက် ပါလာရင်း သင်္ဘောပေါ်တွင် မေရီပိုဗေး နှင့် တွေ့ဆုံကာ ချစ်ကြိုးသွယ်မိကြခြင်း ဖြစ်ပါသည်။

ထိုကြောင့် မဒရပ်သို့ ရောက်သောအခါ မေရီပိုဗေးသည် ဂျာဆီ ပေးထားသော မင်္ဂလာလက်ဆောင်များကို ပြန်လည်ပေးအပ်ကာ ဝှိုက် နှင့် ပြင်သစ်ဘုန်းတော်ကြီး တစ်ပါးထံလက်ထပ်ခဲ့လေသည်။ ဝှိုက်တို့ လင်မယားလက်ထပ်ပြီးမဒရပ်၌ အခြေချကာ ဝှိုက်ကအရှေ့အန္ဒိယ ကုမ္ပဏီတွင် အမှုထမ်းခဲ့လေသည်။ သို့သော် ၁၆၇၆ တွင် ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ အစ်ကိုဖြစ်သူ ဂျော့က ဝှိုက်တို့ ဇနီးမောင်နှံကို သူတို့ ဇနီးမောင်နှံနှင့်အတူ လာရောက် နေထိုင်ရန်ဖိတ်ခေါ်ခဲ့ပါသည်။ ထိုကြောင့် ဝှိုက်တို့ဇနီးမောင်နှံအယုဒ္ဓယသို့ ရောက်ရှိလာပြီးများမကြာမီ လာဘ်မြင် သော ဝှိုက်ကထိုင်းဘုရင်ဖရာနရိန်၏ ယုံကြည်ကိုးစားမှုကို အရယူနိုင် ပြီး မြိတ်တွင် အကောက်ဝန်အဖြစ် ခန့်အပ်ခံရလေသည်။ ထိုသို့လုပ်ပိုင် ခွင့်အာဏာ ရရှိလာသောအခါ ဝှိုက်သည် မြိတ်ရေပိုင်နက် တစ်ကြော တွင် ပင်လယ်ဓားပြကြီး တစ်ဦး လို သောင်းကျန်းလေတော့သည်။ဝှိုက်တို့ ဇနီးမောင်နှံသည်မြိတ်မြို့တွင် ၆နှစ်ခန့်သာ ပေါင်းသင်းခဲ့ရပြီး ၁၆၈၂ တွင် မေရီပို ဗေးကွယ်လွန်ခဲ့လေသည်။ သူမ ကွယ်လွန်ချိန်တွင် ဆူဆန်နှင့် မေရီဟူသော သမီးနှစ်ယောက်ကျန်ခဲ့ပြီး ဝှိုက်က သူ့ရင်သွေးများကို အင်္ဂလန်သို့ ပို့လိုက်လေသည်။ သို့သော် ကောလစ်၏ “SIAMESE WHITE” ဝတ္ထုတွင် မေရီပိုဗေး၏ အခန်းကဏ္ဍမှာ မှေးမှိန်လွန်းပြီး ဝှိုက်အကြောင်းကိုသာ မီးမောင်း ထိုးပြခဲ့လေသည်။ ကောလစ်၏ အဆိုအရ ၎င်းကျောက်စာကို သူ့ရှေ့က မြိတ် အရေးပိုင် ဖြစ်ခဲ့သော ဖာနီဗယ်(၁၉၁၇)က တစ်ညနေ လမ်းလျှောက်ထွက်ရင်း ဒိုဘီကုလား တစ်ဦးက အဆိုပါ ကမ္ပည်းကျောက်ပြားထက်တွင် အဝတ်လျှော်ဖွပ် နေရာမှ အမှတ်မထင် တွေ့ရှိခဲ့ရခြင်း ဖြစ်ပါသည်။ ထိုကြောင့် အဆိုပါ ကမ္ပည်းကျောက်စာကို ဆိပ်ကမ်းရုံးအနီး စိုက်ထူခဲ့ပြီး နောင်အခါ ရေအိုးစင်ဘ၀ ရောက်ရရှာသည်။ ထို့အတူမေရီပိုဗေးကို မြိတ်မြို့၏ မည်သည့်နေရာတွင် မြှုပ်နှံထားမှန်း မည်သူမှ မသိနိုင်တော့ပေ။

အစားပြန်မရနိုင်သော ၁၇ ရာစု သမိုင်း အထောက်အထားတစ်ခု မထင်မရှား ပျောက်ကွယ်ခဲ့ရတာ နှမြောစရာပင်။
တဖြည်းဖြည်း ခေတ်တွေ၊ စနစ်တွေ၊ ရေစီးကြောင်းတွေ ပြောင်း လဲ လာသောအခါ အဟောင်းတွေအစား အသစ်တွေ နေရာယူလာကြ သည်။ ကျွန်တော်တို့ ငယ်စဉ်က ရွှံ့ပြင်အတိပြီးသော၊ ဓနိပင်များ ပေါက် ရောက်သော နေရာများတွင်လူနေရပ်ကွက်များ ဖြစ်လာကြသည်။ ရော်ဘာ ပင်တွေကြားမှာ ဆေးရုံနှင့် တက္ကသိုလ်တွေ၊ လူနေရပ်ကွက်တွေ ပေါ် ပေါက်လာလေသည်။ တစ်ချိန်က လေယာဉ်ကွင်းကျော်လွန်ပါက လူနေအိမ်ခြေ ကျိုးတိုးကျဲတဲသာ တွေ့နိုင်ပြီး ကျွဲကူးအထိ လမ်းဘေး ဝဲယာ တစ်လျှောက် ရာဘာတောများသာ တွေ့ရ ပေမယ့် အခုတော့ လူနေအိမ်ခြေများ ပြည့်နှက်နေပြီ။ မြို့ကလေး၏ မိုးမြေမျဉ်း ကား ဆယ်စုနှစ် ၃-၄ခုအတွင်း သိသိ သာသာ ပြောင်းလဲခဲ့ပြီ။ သို့သော် ဘယ် အရာတွေ ဘယ်လောက်ပြောင်းပြောင်း ဘယ်တော့မှမပြောင်းလဲ နိုင်သောအရာ တစ်ခုကား မြိတ်သူမြိတ်သား မှန်သမျှ စကားဝဲခြင်း ဖြစ်ပါသည်။

ကိုးကား။ ။ မြသန်းတင့်၏”ငွေသောင်ယံ ဟွန်ဒါယဉ်ကျေး မှု မေရီပိုဗေးနှင့် အီကွေတာညများ”
ဦးစံဝင်း၏”ယိုးဒယားဝှိုက်”