ကင်းမွန်မီးထွန်းလှေနှင့် ဒေသခံ ပိုက်လှေငယ်များအကြား ပဋိပက္ခအသွင်ဆောင်လာ

0
490

လောင်းလုံးမြို့နယ် ကမ်းခြေတစ် လျှောက်ရှိ ပင်လယ်ပြင်တွင် ကင်းမွန် မီးထွန်း ငါးဖမ်းလှေများနှင့် ဒေသခံ ပိုက် လှေငယ်များအကြား ပဋိပက္ခအသွင် ဆောင်လာခဲ့ကြောင်း ဒေသခံ ရေလုပ် သားများထံမှ သိရသည်။


ပင်လယ်ပြင် ကင်းမွန်မီးထွန်းငါး ဖမ်းလှေများသည် ဒေသခံ ပိုက်လှေ ငယ်များ ပိုက်ချ ငါးဖမ်းသည့် ဧရိယာ တစ်ဝိုက်တွင် ညအချိန်မီးထွန်း ငါးဖမ်း ခြင်းနှင့် နေ့အချိန် ကျောက်ချရပ်နားထား ခြင်းတို့ကြောင့် ကျောက်ဆူးကြိုးနှင့် ငြိကာ ငါးဖမ်းပိုက်များ မကြာခဏ ဆုံးရှုံးနေကြရသဖြင့် အခြေအတင်ဖြစ်ရာ မှ ပိုက်လှေသမားက လက်ထဲရှိ ပစ္စည်း ဖြင့် ပစ်ပေါက်လိုက်သဖြင့် မီးထွန်းလှေမှ မီးသီးနှစ်လုံး ကွဲသွားခဲ့သည့်မှစပြီး ပဋိပက္ခ အသွင်ဆောင်လာခဲ့ကြောင်း အသက် ၃၀ အရွယ် ဒေသခံ ပိုက်လှေသမားတစ်ဦးက ဆိုသည်။
“ရေရှည်မှာဆို ပဋိပက္ခ ဖြစ်ပွား လာနိုင်တယ်” ဟု အထက်ပါ ပိုက်လှေ သမားက ပြောသည်။

kin_mon_mie_htun
ယင်းသို့ ပြဿနာဖြစ်ပွားပြီးနောက် တရားစွဲမည်၊ ပိုက်လှေငယ်အား တိုက် မြှုပ်ပစ်မည်ဟု ခြိမ်းခြောက်သည်အထိ ပြဿနာ ကြီးထွားလာခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်စုံတစ်ရာ အရေး ယူဆောင်ရွက်ပေးခြင်း မရှိပါက ရေရှည် တွင်ပင်လယ်ပြင်၌ အသက်အန္တရာယ် ပြုမည်ကို စိုးရိမ်နေရသည်ဟု အသက် ၃၄နှစ်အရွယ် ဒေသခံ ရေလုပ်သားတစ်ဦး က ဆိုသည်။
“တစ်နိုင်တစ်ပိုင် ဝမ်းစာရှာဖွေ နေရတဲ့ ဆင်းရဲသားတွေကို ငဲ့ညှာကြစေ ချင်တယ်” ဟု အထက်ပါ ရေလုပ်သားက ပြောသည်။
ကမ်းခြေအနီးတဝိုက်တွင် မီးထွန်း ငါးဖမ်းလှေများနှင့် ပြည့်နှက်နေပြီး  ကမ်းခြေနှင့် အလှမ်းဝေးသည့် ပင်လယ် ပြင်တွင် ငါးအထိ အမိနည်းပါးသည့် အတွက် သဘော့ဆိပ်ကျေးရွာရှိ ပိုက် လှေ ၃၀ စီးခန့် ပင်လယ်ပြင် ငါးဖမ်း မထွက်ကြတော့ဘဲ ဇန်နဝါရီလ ၅ ရက် တွင် ပိုက်လှေသမားများမှ လောင်းလုံး မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ် ဦးစီးမှူးထံ သွားရောက် တင်ပြထား ကြသည်ဟု အသက်၃၄ နှစ်အရွယ် အဆိုပါ ရေလုပ်သားက ဆက်ပြောသည်။
ယင်းကိစ္စအား မြိတ်မြို့တွင်ရှိသည့် ကင်းမွန်ငါးဖမ်းလှေအသင်း ဥက္ကဋ္ဌထံ အကြောင်းကြားထားသည့်အပြင် သက် ဆိုင်ရာခရိုင်ငါးလုပ်ငန်း ဦးစီးမှူးများ ထံသို့ တင်ပြထားကြောင်း သိရသည်။
“တိုင်းကနေ ညွှန်ကြားတဲ့ အတိုင်း အမြန်ဆုံး ဆောင်ရွက်သွားမယ်” ဟု လောင်းလုံးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးတင်ထွဋ်က ပြော သည်။
ကင်းမွန်မီးထွန်းလှေ မီးလုံးများကွဲ သွားသည့်ကိစ္စတွင် အချင်းချင်း ညှိနှိုင်း ဖြေရှင်းခဲ့ကြသည့်အတွက် အဆင်ပြေ သွားပြီဖြစ်ကာ ကင်းမွန်ငါးဖမ်းလှေများ သည် ကမ်းခြေမှ၁၀မိုင် အပြင်ဘက် (ကမ်းဝေး)တွင်သာ ဖမ်းခွင့်ပြုထားပြီး ကမ်းနီးသို့ ဝင်လာသည့် အချိန်တွင် စည်းကမ်းသတ်မှတ်ချက်အတိုင်း သက် ဆိုင်ရာသို့ သတင်းပို့ရမည်ဟု ဦးတင် ထွဋ်က ပြောသည်။
ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီး တွင် လာရောက်ဖမ်းဆီးပါက အချိန် မရွေး လာရောက်တိုင်ကြားနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
ငါးဖမ်းပိုက်တစ်ထုပ်လျှင် ကျပ် တစ်သိန်းခန့် တန်ဖိုးရှိကာ ဒေသခံ ပိုက်လှေများမှာ ပိုက်သုံးထုပ်မှ ၁၄ထုပ် အထိ ဆုံးရှုံးခဲ့ကြသည်။ လောင်းလုံး မြို့နယ် ပင်လယ်ကမ်းခြေ တစ်လျှောက် တွင် မီးထွန်းငါးဖမ်းလှေ ၂၀၀ ကျော်ခန့် ရှိပြီး မီးထွန်းလှေ အများစုမှာမြိတ်၊ ကျွန်းစုနှင့် ကော့သောင်းဘက်မှ လှေ များဖြစ်ကြသည်ဟု ဒေသခံ ရေလုပ်သား များထံမှ သိရသည်။