မြို့ရေပေးဝေရေး ရေစင်တည်ဆောက်မည့်အပေါ် လျော်ကြေးမယူသေးသည့် လယ်သမားများ ကန့်ကွက်

0
494

ထားဝယ်မြို့ရှိ လျော်ကြေး ရယူ ထားခြင်း မရှိသေးသည့် သိမ်းဆည်းခံ လယ်မြေပေါ်တွင် တည်ဆောက်မည့် မြို့ရေပေးဝေရေး ရေတွင်းနှင့်ရေစင် တည်ဆောက်မည့်အပေါ် လက်မခံနိုင်၍ ကန့်ကွက်ခဲ့ကြသည်ဟု ကန့်ကွက်ခဲ့ကြ သည့် လယ်သမားများထံမှ သိရသည်။


ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ မြို့ရေပေးဝေရေးအတွက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် JICA တို့ ပူးပေါင်း တည်ဆောက်မည့် ရေတွင်းနှင့် ရေစင်တည်ဆောက်ရန်အတွက် ဇန်နဝါရီ လ ၇ ရက် မနက်ပိုင်းတွင် ခရိုင်^မြို့နယ်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြေတိုင်းနှင့်စည်ပင်စသည့် သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ သုံးကြိမ်ခန့် အသီး သီး ရောက်ရှိလာပြီး ဝါးလုံးတိုင်များနှင့် ကြိုးများဖြင့် ဧရိယာ သတ်မှတ်လာသည့် အပေါ် လျော်ကြေးမယူသေးသည့် လယ်သမားများမှ ကန့်ကွက်သည့် အနေဖြင့် ယင်းအရံအတားများအား ဆွဲနှုတ်ဖယ်ရှားပစ်ခဲ့သည်ဟု လျော်ကြေး ရယူထားခြင်းမရှိသေးသည့် လယ်သမား ဦးကြီးမြင့်က ဆိုသည်။
“လယ်သမားတွေကို အသိအမှတ် မပြုဘူးလို့ ခံစားရတယ်”ဟု ဦးကြီးမြင့် ပြောသည်။

သက်ဆိုင်ရာမှ ၂၀၁၂ခုနှစ်တွင် မြို့ ရေပေးဝေရေးအတွက် လယ်မြေတစ် ဧကနီးပါး သိမ်းဆည်းထားခဲ့သော်လည်း ယခုအချိန်ထိ လျော်ကြေး တစ်စုံတစ်ရာ မရရှိသေးသည့်အပြင်ယခုလည်း မြို့ရေ ပေးဝေရေးအတွက်ဟုဆိုကာ လယ်မြေ အတွင်း ပေ ၂၀၀ နီးပါးရှိ မြေနေရာ လာရောက်တိုင်းတာ သတ်မှတ်ခဲ့ခြင်း ဖြစ်ကာ လုပ်ငန်း မဖြစ်မနေ အကောင် အထည်ဖော်ဆောင်ရွက်မည် ဆိုပါက အစိုးရကပေးသည့် လျော်ကြေး ၃ ဧက မြေတစ်ကွက်နှုန်းထက်ပိုသော ထိုက် သင့်သည့် လျော်ကြေးပေးစေချင်သည်ဟု လယ်ယာမြေအငြင်းပွားမှုကြောင့် ထောင်ဒဏ် ၃လ ကျခံခဲ့ဖူးသည့် ဦးသန်း မြက ဆိုသည်။

“မျှမျှတတ လုပ်ပေးဖို့ တောင်းဆို ချင်တယ်” ဟု ဦးသန်းမြက ပြောသည်။
ထားဝယ်မြို့သိမ်းဆည်းခံ လယ်သမား ၇၀ ဦးရှိခဲ့ပြီး လျော်ကြေး လက်ခံရယူထားသည့် လယ်သမား ၆၃ဦးရှိကာ ယင်းလျော်ကြေး ရယူထား ခြင်းမရှိသေးသည့် လယ်သမားများ အနေဖြင့် သတ်မှတ်ထားသည့် ၃ဧက မြေတစ်ကွက်နှုန်းဖြင့် လက်ခံမည်ဆိုပါ က ရုံးသို့အချိန်မရွေးလာရောက် ဆက်သွယ် နိုင်သည်ဟု ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေး မှူး ဦးသိန်းအောင်က ဆိုသည်။
“ဒီရေပေးဝေရေး စီမံကိန်းကလည်း အများပြည်သူအတွက် လုပ်တာပါ”ဟု ဦးသိန်းအောင်က ပြောသည်။

ထားဝယ်မြို့တွင် ဆန်းချီရပ်ကွက် မှာ ရေအထွက်ကောင်းသည့် နေရာတစ်ခု ဖြစ်ကာ ဂျပန်ပညာရှင်များမှ ရေအရည် အသွေးအား စစ်ဆေးပြီး အများပြည်သူ သုံးစွဲရန် သင့်တော်သည်ဟု လက်ခံသည့် အတွက် ၂၀၁၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ် တွင် စတင် အကောင်အထည် ဖော်နိုင်ရန် ရည်မှန်းထားပြီး ဇန်နဝါရီ ၇ ရက်က နှောင့်ယှက်ဟန့်တားသည့်အပေါ် အရေး ယူ ဆောင်ရွက်မှု တစ်စုံတစ်ရာမပြုလုပ် ခဲ့သော်လည်း ယင်းစီမံကိန်းအား နောက် တစ်ကြိမ် နှောင့်ယှက် ဟန့်တားလာပါ က တည်ဆဲဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ တည်ဆောက်ထားသည့်  ရေကန်မှာ ရေဂါလံ သုံးသောင်းဆံ့ကာ ဝန်ကြီးများ အိမ်ယာ၊ စစ်မှုထမ်းဟောင်း အိမ်ယာနှင့် ထွေအုပ်ဝန်ထမ်းအိမ်ယာ မျှသာ ရေပေးဝေနိုင်သောကြောင့် ယင်း ထက်ပိုမိုကာ စုပေါင်းရုံး၊ ထိန်သစ် မြို့သစ်နှင့် ဆန်းချီမြို့သစ်နေ အိမ်ခြေ တစ်သောင်းခန့်အား ရေပေးဝေနိုင်ရန် အတွက် ရေဂါလံ သုံးသောင်းဆံ့ ရေစင် တစ်ခု၊ ဂါလံတစ်သောင်း ဆံ့သည့်ရေစင်၊ RC အဆောက်အုံ၊ ရေတွန်းအင်ဂျင်တို့ အား JICA နှင့်ပူးပေါင်းတည်ဆောက် သွားမည်ဟု ထားဝယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ပြီးစီးမယ့် အချိန်ကိုတော့ အတိ အကျ မပြောနိုင်သေးဘူး” ဟု ယင်း စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ က ပြောသည်။
လက်ရှိ ထားဝယ်မြို့တွင် ရေပေး ဝေရေးအတွက် စည်ပင်သာယာရေးအဖွဲ့ မှ ကြက်စားပြင်ရပ်ကွက်တွင် ဂါလံ တစ်သောင်း ငါးထောင်ဆံ့ ရေကန် တစ်ကန်၊ ဆန်းချီရပ်ကွက်တွင် ဂါလံ သုံးသောင်းဆံ့ ရေကန်တစ်ကန်နှင့် တလိုင်းထိန် ရပ်ကွက်တွင်ဂါလံ တစ် သောင်းငါးထောင်ဆံ့ ရေကန်တစ်ကန် တို့မှမြို့ပေါ်ရပ်ကွက်အချို့အား ရေပေး ဝေလျက်ရှိပြီး ယခုအခါ JICA နှင့် ပူးပေါင်းကာ ကြက်စားပြင်ရပ်ကွက်ရှိ သုသာန်ဟောင်းနေရာတွင် ရေကန်တစ် ကန်နှင့် ဆန်းချီရပ်ကွက်တွင် ရေကန် တစ်ကန်တို့အား တိုးချဲ့ တည်ဆောက် သွားမည်ဟု ယင်းတာဝန်ရှိသူက ဆက် ပြောသည်။

ထားဝယ်မြို့တွင် ရေပေးဝေရေး အတွက် စည်ပင်သာယာရေးအဖွဲ့မှ လုပ် ဆောင်ပေးနေသည့်အပြင် တစ်နိုင် တစ်ပိုင် ရေပေးဝေရေးလုပ်ကိုင်နေသည့် လုပ်ငန်း အချို့ရှိကာ ယင်းရေပေးဝေရေး လုပ်ငန်း များအနေဖြင့် ရောင်းချမည့်ဈေးနှုန်း၊ ရေအရည်အသွေးနှင့် ပေးဝေမည့် အိမ်ခြေ အရေအတွက်ကို မြို့နယ် စည်ပင်အဖွဲ့ထံ တင်ပြရပြီး ထားဝယ်မြို့တွင် စည်ပင် သာယာမှ ဖြန့်ဝေသည့် ရေအားသုံးစွဲသူမှာ မြို့နေလူထု ၁၅ ရာခိုင်နှုန်းခန့် သာရှိ သည်ဟု ထားဝယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။