ကျောက်မီးသွေး စက်ရုံစီမံကိန်း ကန့်ကွက်မည်ဟု ရေး NLD အမတ်ဆို

0
532

ရေးမြို့နယ်၊ ဖာလိန်ဒေသ၊ အံဒင် ကျေးရွာအနီးတွင် Toyo -Thai Group မှ ဆောက်လုပ်ရန် လျာထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံစီမံကိန်းကို ကန့်ကွက်သွားမည် ဖြစ်ကြောင်းNLDပါတီ၏ ရေးမြို့နယ် မှအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးမျိုးဝင်းက ပြောကြားသည်။

ယင်းဒေသတွင် တည်ဆောက်ရန် လျာထားသော ကျောက်မီးသွေး စက်ရုံ စီမံကိန်းကို ခေတ္တဆိုင်းငံ့ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်သန်းဦးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောဆို ခဲ့သဖြင့် အပြီးတိုင် ဖျက်သိမ်းခြင်း မပြု သေးသည့် အပေါ်ဒေသခံများ စိုးရိမ် နေခြင်းနှင့် ပတ်သက်၍ ဦးမျိုးဝင်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အရင်ကလုပ်ခဲ့တဲ့သူတွေနဲ့ အခု လုပ်မယ့်သူတွေက မတူဘူး။ အခု လုပ် မယ့်သူတွေက သဘာဝပတ်ဝန်းကျင်ကို အဓိက အလေးထားတဲ့သူတွေအများ စုပါတယ်ဆိုတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင်ကြိုးစားမယ်ဆိုတော့ ဒီကျောက်မီးသွေးစက်ရုံစီမံကိန်းဟာ လုပ်ခဲ့မယ်ဆိုလို့ရှိရင်တောင် ကန့်ကွက် သွားမှာပဲ” ဟု ဦးမျိုးဝင်းက ပြောသည်။

ပြည်သူကလက်မခံပါက အဆိုပါ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းသင့် ကြောင်းလည်း ရေးဒေသခံအဖွဲ့အစည်း များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာနေသူများက ပြောသည်။

“ဆိုင်းငံ့ထားတာ ဘာဖြစ်လို့လဲ “ပြည်သူလူထုလက်မခံလို့ ” လို့လျှပ်စစ် ဒုဝန်ကြီးကဆိုတယ်။ မွန်ပြည်နယ်ဝန် ကြီးချုပ် တိုယို-ထိုင်းကိုပြောထား တာရှိ တယ်။ ဒေသခံ လူထုလက်မခံရင် လုပ်ခွင့် မပြုဘူးတဲ့။ ကဲ…ဒါဆိုရင် ဆိုင်းငံ့စရာကို မလိုတော့ဘူး…။ တစ်ခါတည်း ရပ်ပစ် လိုက်ရမှာ” ဟု ရေးမြို့နယ် လူမှုအကျိုး ဆောင်အဖွဲ့မှ ဦးညီသွေးက ပြောသည်။

နောင်လာမည့် အစိုးရအနေနှင့် တိုင်းပြည်အတွက်အမှန်တကယ် လိုအပ် သော စီမံကိန်းများကို အမှန်တကယ် တတ်သိနားလည်သည့် ပညာရှင်များနှင့် တိုင်ပင်ကာ လူထုကို ပွင့်လင်းမြင်သာစွာ ရှင်းပြပြီးမှ လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။
“ခုလို မင်းတို့ဒေသခံကို သွားရှင်း ပြ သူတို့လက်ခံရင်လုပ်ဆိုတဲ့ပုံနဲ့တော့ မလုပ်နဲ့လို့။ပြည်သူလူထုက ပညာရှင် တွေမဟုတ်ဘူးလေ။ ပြည်သူလူထုက ကန့်ကွက် ဆန္ဒပြမှုတွေဖြစ်၊ အလုပ်ပျက် အကိုင်ပျက်နဲ့… လက်ခံသူနဲ့ လက်မခံသူ ဒေသခံ အချင်းချင်းလည်း သွေးတွေ ကွဲ” ဟု ဦးညီသွေးက ပြောသည်။
ကမ္ဘာ့တစ်လွှား ကာဘွန်ဒိုင်အောက် ဆိုက် လျှော့ချသုံးစွဲရန်ဆုံးဖြတ်ထား ချိန်တွင် မြန်မာနိုင်ငံက တိုးအောင် လုပ် ပါက တစ်ကမ္ဘာလုံး၏ လက်ညှိုးဝိုင်း ထိုးခံရမည်ဖြစ်ကြောင်း သူကဆိုသည်။

စီမံကိန်းကို ဆန့်ကျင်ကန့်ကွက် ကြောင်း အံဒင်ဒေသခံများအပြင် ရေးမြို့ ပေါ်တွင်လည်း လူပေါင်းထောင်ချီ ကန့် ကွက်ခဲ့ပြီးဖြစ်ကြောင်း၊ နောင်တက်မည့် အစိုးရသစ် လက်ထက်တွင်လည်းပြည် သူမလိုလားသည့် စီမံကိန်းကို ဆောင် ရွက်မည်မဟုတ်ဟုယုံကြည်ကြောင်း ရန်ကြီးအောင်ရပ်ကွက်နေ ကိုနိုင်စိုးက သုံးသပ်သည်။

ကျောက်မီးသွေး စက်ရုံများနှင့် ပတ်သက်၍ NLD ပါတီ၏ မူဝါဒရှင်း ရှင်းလင်းလင်း မသိရသေးသော်လည်း အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးမျိုးဝင်းကမူ မဖြစ်အောင်တား ဆီးမည်ဟု ဆိုသည်။

“အဲဒီတော့ ပြည်သူတွေအနေနဲ့ မဖြစ်အောင် တားဆီးပေးမယ်ဆိုတော့ စိတ်အေးလက်အေးနေနိုင်ပါပြီ”ဟု ၎င်းက ပြောသည်။
တိုယိုထိုင်းကုမ္ပဏီမှ ဒေါ်လာသန်း ၂၇၀၀ရင်းနှီးမြှုပ်နှံကာလျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမည့် အဆင့်မြင့် နည်းပညာသုံး ကျောက်မီးသွေးဖြင့် လည် ပတ်မည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ပြည်ထောင်စုအစိုးရနှင့် ဧပြီလ ၉ ရက်နေ့က MOA လက်မှတ်ရေး ထိုးခဲ့ပြီး ဖြစ်သည်။