အနံ့ဆိုးထွက် စက်ရုံ အလုပ်ရုံများကြောင့် အနီးဝန်းကျင်နေသူများ နေထိုင်မကောင်းဖြစ်

0
478

ထားဝယ်မြို့၊ မြို့သစ်အတွင်းရှိ ငါးခြောက်အလုပ်ရုံများနှင့် ကြက်စာ ဘဲစာ စက်ရုံများမှ ထွက်ရှိသည့် အနံ့ အသက်ဆိုးများ ရှူရှိုက်နေရသဖြင့် ဒေသ ခံများ နေထိုင်မကောင်း ဖြစ်လျက် ရှိကြောင်း မြို့သစ်နေသူများက ပြော သည်။

ယင်းအနံ့ဆိုးများကို ရှုရှိုက်နေရ ခြင်းကြောင့် ခေါင်းမူး ခေါင်းကိုက်ခြင်း၊ သွေးတိုးခြင်း၊ အသက်ရှုမ၀ဖြစ်ခြင်း စသည်တို့ ခံစားနေရကြောင်း ၎င်းတို့က ပြောသည်။
ငါးခြောက်လှမ်းသည့် အလုပ်ရုံမှ ငါးများ ဆေးကြောထားသည့် ရေဆိုးများ အား အိမ်ရှေ့ရှိ ပိတ်နေသည့် ရေမြောင်း အတွင်းသို့ လောင်းချသည့် ရေဆိုးများ ကြောင့် အနံ့အသက်ဆိုးများ ရှူရှိုက်နေရ သလို ရေမြောင်းအတွင်း ခြင်များပေါက် ဖွားကာ ကျန်းမာရေးအတွက် ထိခိုက် မှုများရှိနေခဲ့သည်ဟု ငါးခြောက်ရုံအနီး နေထိုင်သူ အသက် ၃၀အရွယ် အမျိုး သမီးတစ်ဦးက ဆိုသည်။

“နေ့တိုင်းနီးပါး အနံ့ဆိုးတွေပဲ ရှူ နေရတော့ အမြဲတမ်း နေမကောင်း ဖြစ် နေတယ်”ဟု အဆိုပါ အမျိုးသမီးက ပြော သည်။
ယင်းအပြင် ကြက်စာ၊ ဘဲစာ ထုတ် လုပ်သည့် စက်ရုံများမှ ထွက်ရှိသည့် အနံ့အသက်ဆိုးများ ပတ်ဝန်းကျင်ရှိ လူနေအိမ်ခြေများထံ လေနှင့်အတူ လွင့် ပါသွားပြီး ပတ်ဝန်းကျင်ရှိ အိမ်များမှ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်မိ သည်ဟု ၃၂နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။
အဆိုပါ ကိစ္စငါးခြောက် လုပ်ငန်း ရှင်တစ်ဦးအား မေးမြန်းရာ လွန်ခဲ့သည့် ၁ လကျော်မှ စတင်ကာ ပတ်ဝန်းကျင်တွင် နေထိုင်သူများ အနံ့ဆိုးနံခြင်း သက်သာ စေရန် ငါးဆေးသည့် ရေဆိုးများအား အိမ်ရှေ့ရေမြောင်းအတွင်းသို့ မသွန်ပစ် တော့ဘဲ ၃လက်မ ပိုက်ဖြင့် သွယ်တန်း ကာ ထားဝယ်မြစ်အတွင်းသို့ သွန်ပစ်နေ သည်ဟု မြို့သစ်၆လမ်းရှိ ငါးခြောက် အလုပ်ရုံမှ လုပ်ငန်းရှင်တစ်ဦးက ဆို သည်။

” အခုဆိုရင် ငါးခြောက်လှမ်းတဲ့ အနံ့နည်းနည်းပဲ ထွက်တော့တယ်” ဟု ယင်းလုပ်ငန်းရှင်က ဆိုသည်။
ယင်းကဲ့သို့ ရပ်ကွက်အတွင်း အနံ့ ဆိုးထွက်စေသည့် စက်ရုံ၊အလုပ်ရုံ ပိုင်ရှင် များအား မကြာမီရက်ပိုင်းအတွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူကာ အနံ့ဆိုး မထွက်စေရေး ညှိနှိုင်းလုပ်ဆောင်သွား မည်ဟု ထိန်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး က ဆိုသည်။

“ညှိ နှိုင်းလို့ အဆင်မပြေရင် သက် ဆိုင်ရာစည်ပင်အဖွဲ့နဲ့ကွင်းဆင်း စစ်ဆေး ဆောင်ရွက်သွားမယ်” ဟု အုပ်ချုပ်ရေး မှူးက ပြောသည်။
အရင်ကလည်း ရပ်ကွက်နေပြည် သူများ အုပ်ချုပ်ရေးမှူးထံ တိုင်ကြားစာ ပို့ခဲ့ကြသဖြင့် စည်ပင်နှင့်ပူးပေါင်းကာ ကွင်းဆင်း စစ်ဆေးခဲ့ဖူးသည်ဟု ၎င်းက ဆက်ပြောသည်။ ထားဝယ်မြို့သစ် ၆ လမ်း ဝန်းကျင်တွင် ငါးခြောက် အလုပ်ရုံ ၃ ရုံနှင့် ကြက်စာ ဘဲစာ ရုံ ၂ ရုံ ရှိကြောင်း သိရသည်။