ဧရာဝတီက အေးမိစံ

0
1419

“ဒီဆိုင်ရှင်ကအရင်က ခေါင်းဆောင် မင်းသမီးကြီးလေ၊ ငါတို့ လူငယ်ဘ၀တုန်း က အေးမိစံဆို မသိသူ မရှိဘူး..”
ထားဝယ်မြို့၊ ရွှေတောင်စားလမ်းရှိ ” ဧရာဝတီ ထမင်းဆိုင်”  တွင် ထမင်း သွားစားဖြစ်စဉ်က ဆရာဦးအောင် ဝင်း(ယခု ထားဝယ်အမျိုးသား လွှတ် တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ် ခံထားရသူ)က ယင်းသို့ပြောပြပြီး ရုပ်ပုံ လွှာကဏ္ဍအတွက် တခုတ်တရ မိတ်ဆက် ပေးခဲ့၏။ ဆိုင်ရှင်အမျိုးသမီး ကြီး၏ အပြုံးက အေးမြ လတ်ဆတ်လှပါသည်။


အေးမိစံ..။
ညီညာသော မဟာနဖူး၊ ဖြောင့်တန်း ထင်ပေါ်သော မျက်ခုံး၊ ရှည်သွယ်သော နှာတံနှင့် တည်ငြိမ်ပျော့ပြောင်းသော မျက်နှာပိုင်ရှင် မြန်မာဆန်လှသည့် အမျိုး သမီးကြီး။ သူမ၏ အရည်ရွှမ်းလဲ့ဆဲ မျက်ဝန်းများက လောကဓံတရား ဘ၀ ခါးခါးများကို ကျော်ဖြတ်ခဲ့ဖူးကြောင်း ပြောနေ၏။

aye_mi_san
သူမ အမည်ရင်းက မသစ်သစ်ဝင်း။ ဧရာဝတီတိုင်းသားဖြစ်သည့် အဖေ မင်းသားကြီး မင်္ဂလာသိန်းအောင်(သဘင် ကောင်စီဗဟို အတွင်းရေးမှူးဟောင်း)နှင့် အမေ မင်းသမီးကြီး ဒေါ်မြနန်းကြည် တို့က သူမကို ရန်ကုန်တွင် မွေးခဲ့၏။

သူမ ၁၂ နှစ်သမီးအရွယ် မိဘများက ပြည်မြို့တွင် ကလေးဇာတ် စထောင်သော အခါ ငုပ်လျှိုးနေသော မျိုးရိုးဗီဇ၊ အနု ပညာ သွေးတို့ ထပွက်၏။
“ကိုယ်နဲ့ရွယ်တူတွေ ကနေတာမြင် တော့ ကျောင်းမနေချင်တော့ဘူး၊ ကပဲ ကတော့မယ်ဆိုပြီး ငိုတာပေါ့”
မိဘများ လေးစားရသော အဖွားက သူမ ဘ၀ခရီးအတွက် အသက်မွေးမှုပညာ ရပ်တစ်ခု တတ်ထားသင့်သည်ဟု ဆုံး ဖြတ်ပေးကာ အကသင်ပေးဖို့ အမိန့်ချ လိုက်ရာ အဖေအမေသည် သူမ၏ လက် ဦးဆရာများ ဖြစ်လာခဲ့တော့၏။

“အန်တီတို့ခေတ်က ခုခေတ်လို စတိတ်ရှိုး ဆိုတတ်ရုံ၊ လက်ကလေး နည်းနည်း ချိုးတတ်ရုံနဲ့ မင်းသမီး မဖြစ် ဘူးကွဲ့..”
ဘွဲ့ ၁၀ ပုဒ်၊ ပတ်ပျိုး ၁၀ ပုဒ်၊ ယိုး ဒယား ၁၀ ပုဒ်၊ ကြိုး ၁၀ ပုဒ် အနည်းဆုံးတတ် ကာမှ စည်းဝါးနိုင်မည်၊ အခြေခံ စွယ်စုံ ရမည် ဟုဆိုကာ ၁၃ နှစ်သမီးအရွယ်တွင် ဆိုင်းဆရာကြီး ရန်ကုန်စိန်ချစ်ခင်(ရေဒီ ယိုလိုင်းတွင် ဆိုင်းတီးလုံး အဦးဆုံး လွှင့် ခဲ့သူ)ထံ မိဘများက အပ်နှံခဲ့လေ၏။
ကလေးဇာတ်တွင် အဖွဲ့လိုက်က ရသော ယိမ်း၊ နှစ်ပါးသွားများကရင်း ၁၄ နှစ် သမီးအရွယ်ရောက်သောအခါ ရာဇဝင်ဇာတ် တော်ကြီးများကို အဆိုအငို အလွမ်းဖြစ် တင်ဆက်ရသော နောက်ပိုင်း ဇာတ်တော်တွင် စတင်ပါဝင်ခွင့် ရခဲ့၏။ ၁၆ နှစ် သမီးတွင် ပြဇာတ် စကခွင့်ရခဲ့ပြီး မင်းသမီးသုံးလက် ပါဝင်သော ဦးကြည် ခိုင်၏ “ပိတောက်ရယ် ငုရယ် ခေါင်ရမ်း ရယ်” ပြဇာတ်ကြီးတွင် ဇာတ်ကောင် နေရာစုံ အလှည့်ကျ ကခဲ့ရ၏။
“အဖေတို့က ကလေးဇာတ်မှာ ခေါင်းဆောင်မင်းသား၊ ခေါင်း ဆောင် မင်းသမီးဆိုပြီး ပင်တိုင် မထားဘူး၊ ကလေးတွေ မာန်တက် မှာ စိုးလို့တဲ့..”
အသက် ၁၈ နှစ်အရွယ် မိဘများ ကလေးဇာတ် နားလိုက်သောအခါတွင် ထားဝယ် စတင် ရောက်ရှိလာခဲ့ တော့သည်။ မြစန်းရီ တည်ထောင်သည့် “ညီညွတ်ရေး ပဒေသာကပွဲ”တွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်အသုံး တော်ခံခွင့် ရခဲ့၏။

ပဒေသာကပွဲ၏ ခေါင်းဆောင်သမီး သည် ညလုံးပေါက် နားချိန်မရှိ။ ပဏာမ ထွက်သည်မှစ နောက်ပိုင်းပြီးသည်အထိ မိုးလင်းပေါက် ကရ၏။ ရသည့် ညကြေးက ၂၅ ကျပ်။ အချီတစ်ရာဖြတ် စာချုပ် ချုပ်ဆိုရ၏။ ပွဲအရေအတွက် ပိုလျှင် ခံစားခွင့်မရှိသလို အချီတစ်ရာ မပြည့်ခဲ့လျှင်လည်း ဇာတ်ထောင်သူက စိုက်ပေးမည့်သဘော။ သို့သော် ပဒေသာ ဇာတ်အဖွဲ့ ၄  ဖွဲ့လောက်သာ ရှိသေးသော ထားဝယ်တွင် တစ်နှစ်တွင် အချီပေါင်း ၁၈၀ ခန့် ကရ၏။ ဆုကြေးက ကိုယ်ရ ကိုယ်ယူစနစ်မို့ ကပျော်၏။

“ဒီတိုင်းဘက် လာကသူတိုင်း ဆု ကြေးကိုပဲ အဓိက ထားတာလေ..၊ ဆုချ တာ အခြားနယ်တွေထက် ရက်ရောကြ တာကိုး..”
တစ်ညလျှင် ဆုကြေး ၁၀၀ ဝန်း ကျင်အထိ ရတတ်၏။ ရသည့်ဆုကြေး ထဲမှ ၂၀ ရာခိုင်နှုန်းကို တီးဝိုင်းအား ခွဲပေးရပါသည်။ ထိုခေတ် ပဒေသာက ပွဲများတွင် မြန်မာ့ဆိုင်းဝိုင်းအပြင် ထရမ်းပက်၊ ကလနက် စသော လေမှုတ် တူရိယာများနှင့်တကွ ဂီတာ၊ ဒရမ်များပါ ခေတ်စား ပါဝင်နေပြီဖြစ်၏။
“ဂီတာနဲ့ ဒရမ်တီးတဲ့ ထားဝယ်သား ကိုစိုးနိုင်ဆို အဲခေတ်တုန်းက နာမည်ကြီး ပေါ့လေ..၊ ဇာတ်တွေ အောင်မြင်ခဲ့တာမှ တော်တော် လေးကို အောင်မြင်ခဲ့တယ်..”

သူမ၏ နာမည်ကျော်ကြားမှုကြောင့် မြိတ်မှ ကြေးပိုပေးပြီး လာခေါ်သဖြင့် နောက်နှစ်တွင် မြိတ် “ရွှေပြည်စိုး ပဒေ သာ ကပွဲ” ၌ ၁ နှစ် ကဖြစ်၏။
သူမ၏အဖေ မန္တလေးတွင် “မင်္ဂလာ ဦးသိန်းအောင်” အမည်ဖြစ် ဇာတ်ထောင် သောအခါ အဖေ့ဇာတ်တွင် ကရင်း ဗန်းမော်၊ မြစ်ကြီးနား၊ ကသာ စသော အထက်မြန်မာပြည်အနှံ့ ရောက်ခဲ့၏။ ဘုန်းကြီးပျံပွဲတွေများတွင်ပါ ကရသဖြင့် အဖေက ဧရင်ကျုး သင်ပေးခဲ့ပြန်၏။ ထိုနောက်တွင် အညာတခွင်၌  ပြဇာတ်နှင့် တပင်တိုင်များက အလှူတွင် ဘိသိက် မြှောက်တတ်ရန် ဘိသိက် ဆရာကြီးများ ထံတွင် သင်ကြားရပြန်၏။ ဗုဒ္ဓဝင် စာအုပ်စာပေများ ရှာဖွေဖတ်ရှု လေ့လာရ ပြန်၏။

“အညာမှာက ရှင်ပြုနားသ စတဲ့ အလှူတွေမှာဆို ဘိသိက်ပါမှ အလှူ မြောက်တယ် ဆိုတဲ့ ပုံစံမျိုးလေ..၊ မင်း သမီးငှားရင်တောင် ဘိသိက်မြှောက်တတ် ရဲ့လား မေးပြီးမှ ငှားတာ”

အညာတစ်ခွင်တွင် သုံးလေးနှစ်ခန့် လှည့်လယ်ရင်း  ဘိသိက်ဆရာနှင့် တွဲကာ ဗုဒ္ဓဝင်များကို အတိုင်အဖောက် အထိုးအနှက်၊ အမေးအဖြေများဖြင့် ဘိသိက်ပြိုင်ရ၊ ဘုရားပင့်ရဖြင့် ပညာ ပေါင်းစုံတိုးရ၏။

“ဘိသိက်ပညာက အရမ်း ကျယ် ဝန်းတယ်လေ..၊ သင်ယူလို့ မဆုံးနိုင် ဘူး..”
ထိုနောက် မန္တလေးသို့ ပြန်ရောက် ပြီး “အောင်မြေအေး” အငြိမ့်ဖွဲ့ကြီးတွင် ၂ နှစ်ခန့်အကြာမျှ ကပြီးနောက် မြိတ်မှ လာခေါ်သဖြင့် တနင်္သာရီတိုင်းသို့ ဒုတိ ယအကြိမ် ထပ်ရောက်ရပြန်လေ၏။

မြိတ် ရွှေပြည်စိုးတွင်ကနေစဉ် ၈၈ အရေးအခင်း ဖြစ်သောအခါ ဇာတ်ပွဲမငှား ကြတော့သဖြင့် မကရသလောက် နီးပါး ဖြစ်သွား၏။ ထိုအချိန်နယ်လည့် ပြည်သူ့ ဆက်ဆံရေးတပ်(နပဆ-၁)မှ အနုပညာ ရှင်များခေါ်သောအခါ သရုပ်ဆောင် စာမေးပွဲများ၊ အင်တာဗျူးများ ဝင်ဖြေရာ ပြဇာတ်မင်းသမီးအဖြစ် အရွေးခံခဲ့ရလေ သည်။

“သေနတ်အစစ်တွေ၊ တစ်ကယ့် သေနတ်သံတွေ သုံးပြီး ကရတာလေ၊ ရင်ခုန်ဖို့ ကောင်းတာပဲ..”
ထို နယ်လှည့်ဖျော်ဖြေရေးတပ်ဖြင့် ကျွန်းများ၊ တပ်ရင်းများ တိုင်းတွင်းနေရာ စုံ လှည့်ကရင်း လစာမှလွဲ၍ ဆုကြေး ရလေ့မရှိသော တပ်နယ်ဖျော်ဖြေပွဲ များတွင် မပျော်ပိုက်တော့ချိန် ညီမဝမ်းကွဲ တစ်ဦးမှ “အောင်ရွှေပြည် ”  အမည်ဖြင့် မြိတ်တွင် ဇာတ်ထောင်သောအခါ ခေါင်း ဆောင်မင်းသမီး ဖြစ်လာရပြန်၏။
ယင်းကပွဲတွင် ကရင်း တနင်္သာရီမြို့ သား ကိုအော်စိန်နှင့် ဖူးစာဖက်မိကာ ဇာတ်သမဘ၀ကို အပြီးအပိုင် ကန့်လန့် ကာ ချလိုက်လေတော့၏။ သို့သော်..၊ သုခုမလမ်း စန်းဇာတာကား ရပ်မသွား။

တနင်္သာရီမြို့တွင် ချစ်လင်       ယောက်ျားနှင့်အတူ စာအုပ်ဆိုင်လေး ဖွင့်ထားစဉ် နိုင်ငံတော်မှ ကျင်းပသည့် ” မြ၀တီ အငြိမ့်ပြိုင်ပွဲ” သို့ ဝင်ရောက် ယှဉ်ပြိုင်ရန် တာဝန်ရှိသူများက တာဝန် ပေးလာသောအခါ မငြင်းသာဘဲ မြိတ်မြို့ တွင် ဝင်ပြိုင်ရပြန်၏။ မြိတ်တွင် အရွေးခံ ရပြီးနောက် တိုင်း(ထားဝယ်)တွင် ထပ်ပြိုင်ပြီး နောက်တစ်ဆင့်အဖြစ် ရန်ကုန်အထိ တနင်္သာရီ တိုင်းကိုယ်စားပြု သွားရောက်ယှဉ် ပြိုင်ခဲ့ရလေသည်။
ပြိုင်ပွဲမှ ပြန်လာသောအခါ မြိတ် ခရိုင်ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီးသန်းဌေးက ဂုဏ်ပြုသည့်အနေဖြင့် ခရိုင်ရုံးဝင်းတွင် ဝန်ထမ်း သက်သာဆိုင် လုပ်ခွင့်ပေးခဲ့၏။ ယင်းဝင်းအတွင်း၌ လက်ဖက်ရည်နှင့် ထမင်းဆိုင်ဖွင့် ရောင်းချနေစဉ် တိုင်းမှူး သူရစစ်မောင်မှ တိုင်းဖျော် ဖြေရေးအငြိမ့် ဖွဲ့ကို တာဝန်ယူ တည်ထောင်စေခဲ့၏။ ဝါသနာကို အရင်းခံကာ တာဝန်ကို စွမ်း သမျှ ပုံဖော်ခဲ့ပါသည်။

“မြိတ် ဦးမြတ်လေး ပန်းခြံထဲမှာ ဇာတ်ရုံကြီးဆောက်ပြီး ဖျော်ဖြေရေးတွေ၊ အနုပညာလှုပ်ရှားမှုတွေ အများကြီး လုပ်ခဲ့တာပေါ့..၊ ကိုယ်တိုင်လည်း ဝင်က ခဲ့ဖူးတယ်ပေါ့လေ.. အဟင်း..”

တိုင်းရုံးများကို ထားဝယ်မှမြိတ်သို့ ပြောင်းလာခဲ့သောအခါ သူမတို့ မိသားစု ၏ ကံကြမ္မာ အလှည့်အပြောင်းကို သယ် ဆောင်လာ ခဲ့လေသည်။ ခရိုင်ရုံးသည် တိုင်းရုံးဖြစ်သွားသလို သူမတို့၏ ဆိုင် ခန်းတွဲသည်လည်း ဝန်ထမ်း အဆောင် ဖြစ်သွားခဲ့လေတော့၏။
အလုပ်လက်မဲ့သွားသော သူမတို့ မိသားစုသည် မိဘများရှိရာ ရန်ကုန်သို့ သွားရောက်နေထိုင်ခဲ့သော်လည်း မပျော် ပိုက်ကြ။
“တနင်္သာရီတိုင်းက ကိုယ့်မြို့ ကိုယ့် ဇာတိလို ဖြစ်နေပြီဆိုတော့လေ..၊ ဒီတိုင်း သားတွေရဲ့ စိတ်ရင်းကိုလည်း ချစ်တယ် ပေါ့နော်၊ နေခဲ့တဲ့ နှစ်တွေလည်း များခဲ့ပြီ ကိုး..”

လင်ယောင်္ကျား၏ ဇာတိလည်းဖြစ် သော တနင်္သာရီတိုင်းပြန်ကာ အခြေချ တော့မည်ဟု မြိတ်ကိုရည်ရွယ် ပြန်လည် ဦးလှည့်လာစဉ် ထားဝယ်တွင် ခရီးတစ် ထောက်နားရင်း “ရန်ကုန်မုန့်ဟင်းခါး” ကို တွန်းလှည်းလေးနှင့် ရောင်းဖြစ်၏။ နေရာကထားဝယ် အုန်းတော လမ်းဆုံ ပခုက္ကူကျောင်းထောင့်။ ၄ လခန့် ကြာ သောအခါ ထမင်းဟင်းပါ စမ်းရောင်း ကြည့်၏။ လက်တွန်းလှည်းတွင် ချိတ် ထားသည့် ဆိုင်းဘုတ် သေးသေးလေး အမည်က “ဧရာဝတီ ထမင်းဆိုင်”။
ဖောက်သည်များလာသောအခါ ရွှေတောင်စားလမ်းမပေါ်တွင်ပင် မြေကွက်လေးငှားကာ ဆိုင်ခင်း ထမင်းဆိုင်အဖြစ် အသွင်ပြောင်း ဖြစ်ခဲ့ ၏။ ယင်းမှတစ်ဆင့် ထားဝယ်မြို့တွင်း ၃ နေရမျှ ပြောင်းရွှေ့ ဆိုင်ဖွင့် ရောင်းချခဲ့ လေ၏။ ယခုအချိန်တွင် ရွှေတောင် စားလမ်းပေါ် ပခုက္ကူကျောင်းအနီးနေရာနှင့်ပင် ပြန်လည်ရေစက်ဆုံကာ ထမင်း ဆိုင်ဖွင့် ရောင်းချနေဆဲ။

“ပခုက္ကူ ကျောင်းဆရာတော်နဲ့တော့ ဆရာဒကာအရင်းလို ဖြစ်နေပြီလေ..၊ အန်တီဆို ရာသက်ပန်ဆွမ်းအလှူရှင် ဆိုပါတော့..”
ကုန်းသတ္တဝါသား ရှောင်ထားသော ဆရာတော်အား မုန့်ဟင်း ခါးဆိုင်ဖွင့်စက တည်းကပင် နံနက်တိုင်း မုန့်ဟင်းခါး ကပ်လှူရင်း ထမင်းဆိုင်ဖွင့်သောအခါ နေ့စဉ်ဆွမ်းအလှူရှင်ဖြစ်ခဲ့သည်မှာ ဆွမ်း သက်ပင် ၁၅ နှစ် ရှိခဲ့လေပြီ..။
လင်ယောင်္ကျားဖြစ်သူ ဦးအော်စိန်မှာလည်း ပခုက္ကူကျောင်း ဘုန်းတော်ကြီး သင် ပညာရေးကျောင်း အကျိုးတော် ဆောင်အဖွဲ့ဥက္ကဌ တာဝန်ကို ထမ်းဆောင်ကာ ဆရာတော်အား ဆရာရင်းအဖြစ် ဆည်း ကပ်နေခဲ့လေပြီ..။

“ဆရာတော်က အဖေလို၊ ထားဝယ်တစ်မြို့လုံးက ဆွေမျိုး ရင်းလိုပါပဲ၊ သမီးတွေဆို ထားဝယ်သူစစ်စစ်တွေ ဖြစ်နေကြပြီလေ..”
သမီး ၃ ဦး ထွန်းကားသည့်အနက် ထားဝယ်သို့ စပြောင်းလာ စဉ်အခါက တစ်နှစ်သမီးလေးသာ ရှိသေးသော အထွေးဆုံး သမီးလေး ပင် ယခု ဆယ်တန်း ရောက်နေခဲ့လေပြီ..။ မိခင်၏ အနုပညာ မျိုးရိုးဗီဇ အကြီးမနှစ်ဦးထံ မကူးစက်ခဲ့ သော်လည်း အငယ်မလေးကား ဆယ် တန်းအောင်ပြီးက အနုပညာလုပ်ငန်းများ လုပ်လိုကြောင်း ပူဆာနေ လေ၏။

” တားလည်း မတားဘူး၊ ဩဘာလည်း မပေးဘူး..။ အနုပညာ ဆိုတာ ကြိုးစားတိုင်း မရဘူးလေ..၊ ပါရမီတွေ စမ်းတွေပါမှ ရတာ မျိုးကွဲ့..”