မော်လမြိုင်-ရေး-ထားဝယ် မဟာ ဓာတ်အားလိုင်းစီမံကိန်း မရေရာသေး

0
483

မော်လမြိုင်မြို့မှ ရေးနှင့် ထားဝယ် ဆယ်သွယ်မည့် မဟာဓာတ်အားလိုင်းစီမံ ကိန်းသည် လက်ရှိအချိန်အထိ မရေရာ သေးကြောင်း လျှပ်စစ်ဝန်ကြီးဌာန၊ ဒုတိ ယဝန်ကြီး ဦးအောင်သန်းဦး၏ ပြောကြား ချက်အရ သိရသည်။

၂၀၁၄ ခုနစ် မတ်လ ၁၁ ရက်နေ့က ဒုတိယဝန်ကြီးဦးအောင်သန်းဦး၏ ခရီးစဉ်တွင် မဟာဓာတ်အားလိုင်း စီမံ ကိန်းကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အနည်းဆုံးအချိန် ၁ နှစ်ခွဲမှ ၂ နှစ်အထိ ကြာမြင့်မည်ဟု ပြောဆိုခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင်မူ မည်သည့်အချိန်တွင် ရရှိမည်ဆိုသည်ကို ရေရာခြင်းမရှိသေး ပေ။

ယခုနှစ် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မဟာဓာတ်အား လိုင်းစီမံကိန်းအတွက် အစိုးရဘတ်ဂျက် မရရှိခဲ့ခြင်းနှင့် ချေးငွေ မရရှိခဲ့ခြင်း တို့ ကြောင့် လက်တွေ့တွင်
စီမံကိန်းကို အကောင်အထည်ဖော်နိုင် ခြင်းမရှိကြောင်း လျှပ်စစ်ဒုဝန်ကြီး ဦးအောင်သန်းဦးက ၂၀၁၅ခုနစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ တွင် ဖြေကြားခဲ့သည်။
ရေးမြို့နယ်တွင် မဟာဓာတ်အား လိုင်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေတွင် ဆောင်ရွက် ထားခြင်းရှိမရှိကို ရေးမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် မိမြင့်သန်းက မေးမြန်းခဲ့ရာ အထက်ပါအတိုင်း ဖြေကြား ခဲ့ခြင်းဖြစ်သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဓာတ်အားတိုင်းတာခြင်းလုပ်ငန်းနှင့် EIA / SIA လုပ်ငန်းများလုပ်ဆောင်ရန် လျာ ထားခဲ့သော်လည်း နိုင်ငံတော်ဘတ်ဂျက် ကို လျှပ်စစ်အတွက်ခွင့်ပြုပေးခဲ့ခြင်း မရှိ ဘဲ အခြားဆောင်ရွက်လက်စ စီမံကိန်း များကို ဦးစားပေးဆောင်ရွက်ခဲ့သည်ဟု ဦးအောင်သန်းဦးက ဆိုသည်။
“လျှပ်စစ်မီးနဲ့ပတ်သက်လာရင် အစိုးရက အမြဲတမ်းညာနေတယ်။ သူ တို့ကို တိုက်တွန်းရင်းစောင့်ကြည့်ရင်း နဲ့ အချိန်တွေလွန်လာတယ်” ဟု ထားဝယ် တိုင်းရင်းသားများပါတီ(ဗဟို) ဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။

လက်ရှိအစိုးရသည် သက်တမ်း ၃ လသာ ကျန်တော့သည့်အတွက် ၎င်း တို့ကို ဆက်လက်တိုက်တွန်းနေပါက ရနိုင်မည်မဟုတ်သောကြောင့် နောက် တက်လာမည့်အစိုးရသစ်လက်ထက်တွင် အစိုးရကိုထိထိရောက် ရောက်တိုက်တွန်း သွားမည်ဖြစ်ကြောင်း ဦးအေးမင်းက ဆိုသည်။ နောက်အစိုးရလက်ထက်တွင် ရနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

“ဘယ်အချိန်မှာ ရမယ်ဆိုပြီး ပြည် သူကို ပြောထားတာတွေ ဖြစ်မလာတော့ ဘာမှ ပြောစရာမရှိတော့ပါဘူး။ သူတို့ သမိုင်းသူတို့ ရေးသွားတာပဲ။ မီးကိစ္စကို နောက်အစိုးရလက်ထက်မှာ ဆက်တောင်း ဆိုမယ်။ ပြည်သူက ရွေးထားတဲ့ အစိုးရ ဖြစ်လို့ မလုပ်ပေးဘဲနေမှာ မဟုတ်ဘူး” ဟု တနင်္သာရီ သယံဇာတအကျိုးခံစားခွင့်ရရှိရေးကော်မတီ(ထားဝယ်) အဖွဲ့ဝင် ဦးကျော်ကျော်သက်က ပြောသည်။
၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံစီမံကိန်းကို တရုတ်နိုင်ငံ EXIM Bank ချေးငွေဖြင့် ဆောင်ရွက်ရန် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စတင် တင်ဒါခေါ်ကာ စိစစ်ရွေးချယ်ဆောင်ရွက် လျက်ရှိပြီး တရုတ်ချေးငွေမှာမူ ၂၀၁၆-၂၀၁၇ မှ ရရှိမည်ဖြစ်ကြောင်း ဦးအောင် သန်းဦးဖြေဆိုထားသည်။

ယခင်က ၎င်း၏ ပြောကြားချက်အရ မဟာဓာတ်အားလိုင်းစီမံကိန်းကို စတင် လုပ်ဆောင်ချိန်မှ အနည်းဆုံးနှစ်နှစ်ခန့် အချိန် ယူရမည်ဖြစ်သည့်အတွက် လာမည့် နှစ် တွင် တရုတ်ချေးငွေရရှိချိန် စတင် အကောင်အထည်ဖော်ပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှောင်းပိုင်းမှ မဟာဓာတ် အားလိုင်းရမည့် အနေအထားရှိနေသည်။

မဟာဓာတ်အားလိုင်း ထားဝယ်သို့ ရောက်ရှိနိုင်မည့် အခြေအနေကို မေး မြန်းနိုင်ရန်အတွက် ဇန်နဝါရီလ ၂ ရက် နေ့ညနေတွင်တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တိုင်းဒေသကြီး အစိုးရဖွဲ့ရုံး၏ ညွှန်ကြားရေးမှူးတို့အား ဖုန်းဖြင့် ဆက် သွယ်ခဲ့သော်လည်းဖုန်း စက်ပိတ်ထား ခြင်း၊ အစည်းအဝေးပြုလုပ်နေခြင်းနှင့် ဖုန်းမကိုင်ခြင်းတို့ကြောင့် မေးမြန်းခွင့် မရခဲ့ပေ။